မနက်ခင်းသည် နှင်းမှုန်များနှင့်မသဲမကွဲ ဆောင်းကုန်ခါနီးနှင်းတို့ကအစွမ်းကုန်သွန်ချနေသယောင် အအေးဓာတ်ကလေးကလည်းရှိနေဆဲမို့ ကျနော် အကျီင်္အထူနှင့်အနွေးဖိနပ်ကိုဝတ်ဆင်လျက် စီးတော် ယာဉ်ကို လီဗာတင်ပြီး ရွှေဘို မန်းလေး ကားလမ်းဘက်သို့ထွက်လာခဲ့မိသည်။ ဒီနေ့မနက်ကျနော် ခရီးတစ်ခုသွားစရာရှိ၍ဖြစ်သည်။ သွားရမည့်ခရီးကား ရွာနှင့်မိုင်သုံးဆယ်ကျော်ဝေးသောမြို့ငယ် လေးသို့ဖြစ်သည်။ ကားလမ်းမသို့ရောက်သောအခါ လမ်းထောင့်ကွမ်းယာဆိုင်မှ ကွမ်းငါးရာဖိုးဝယ် လိုက်သည်။ ခရီးမသွားတာခြောက်လခန့်ရှိပြီမို့ ဒီလမ်းခရီးကိုသွားရမှာပျင်းနေမိသည်။ အရင်ကတော့ တစ်လလျှင်သုံးလေးကြိမ်မျှ သွားရလေ့ရှိသည်။ ကွမ်းတစ်ယာကိုထုတ်ဝါးရင်း လမ်းမပေါ်သို့ငေးကြည့် မိသည်။ လမ်းပေါ်တွင်ဈေးသွားဈေးပြန်များနှင့် လူမပြတ်ချေ။ တစ်ယောက်တည်းသွားရန်ပျင်း၍ သူငယ်ချင်းအား အဖော်ညှိထားသော်လည်း မလိုက်နိုင်ဟုဆိုလာသဖြင့် တစ်ယောက်တည်းထွက်လာရခြင်းဖြစ်၏။ စီးတော်ယာဉ်ကိုခွပြီး မှန်မှန်မောင်းနှင်လာခဲ့သည်။ ရွာအပြင်ဓာတ်ဆီဆိုင်တွင် စီးတော်ယာဉ်အတွက်ဆီသုံးပုလင်းထည့်လိုက်သည်။ ပြီးနောက်ကျနော်ဆက်ထွက်လာခဲ့သည်။ ရွာပြင်ကားလမ်းတွင် တော့ လူရောကားပါရှင်းနေ၏။ နံနက်စောစောမို့အသွားအလာရှင်းနေခြင်းဖြစ်သည်။ ချောင်းကလေးကိုဖြတ်ဆောက်ထားသောတံတားလေးကိုဖြတ်ပြီးတောင်ကုန်းလေးတစ်ခုကိုကျော် လာသောအခါ လမ်းမှာဖြောင့်လာသဖြင့် စီးတော်ယာဉ်ကို လီဗာနည်းနည်းတင်လိုက်၏။ အရှေ့ခပ်လှမ်းလှမ်းသို့မျှော်ကြည့်သောအခါ တစ်ခုခုလိုနေသလိုခံစားရသည်။ အရင်မြင်နေ ကျမဟုတ်သလိုရှင်းနေ၏။ သေချာစဉ်းစားကြည့်မှ […]