ပြီးခဲ့တဲ့ စနေက မြို့ထဲလမ်းလေးဆယ်မှတ်တိုင် ကနေ ၃၉ကားစီးရင်း ကြည့်မြင်တိုင်ဘက်ကိုပြန်တော့ ၊ နေ့ခင်းအချိန်ဖြစ်တာကြောင့် လူသိပ်မကြပ်ခဲ့ပါဘူး ။ ဒီလမ်းက သွားနေကြဖြစ်တာကြောင့် ဘယ်ဘက်အခြမ်းမှာ ထိုင်လျှင်နေပူမှာ စိုးလို့ ညာဘက်က လွတ်နေတဲ့ ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်စီးခဲ့ပါတယ် ။ တစ်ယောက်တည်း တောင်ငေးမြောက်ငေးနဲ့ ရောက်တတ်ရာရာ တွေးရင်းပေါ့ ။ မီးပွိုင့်အရောက်မှာတော့ ၊ ချက်ချင်းတန်းဝါသွားတဲ့အတွက် ကားက ဘရိတ်ဆောင့်အုပ်လိုက်ပါတယ် ။ ကျွန်မနည်းတူ တခြားလူတွေလည်း ဟန်ချက်ပျက်ပြီး ယိုင်ကုန်ကျတာပေါ့ ။ ဆိုးဆိုးရွားရွားကြီး မှောက်လျှက်လဲသူတော့မရှိခဲ့ပါဘူး အားလုံးနေရာကိုယ်စီရတာကြောင့်ပါ ။ ယိမ်းယိုင်သွားတဲ့ ခန္ဓာကိုယ်ကို ဟန်မပျက် ပြန်လည် တည့်မတ်နေကြတုန်း … တခစ်ခစ်နဲ့ ရယ်သံထွက်လာပါတယ် …. ။ အသံလာရာကိုကြည့်လိုက်တော့ ကျွန်မရှေ့ခုံတန်းက ကောင်မလေးတစ်ယောက်ဆီက ထွက်လာတဲ့အသံပါ […]