ကိုသစ်မင်းရဲ့ သည်အလှူ ပို့စ်ထဲမှာ မျက်စေ့မမြင်တဲ့သူတစ်ယောက်လမ်းလျှောက်လာတယ် ဆိုတဲ့အကြောင်းလေးတွေ့လိုက်တယ်၊ဘေးမှာတွဲတဲ့တဲ့အဖော်ပါလာတယ်လို့ရေးထားတာအတွေ့တော့ ငယ်ငယ်က မျက်မမြင်တစ်ယောက်အကြောင်းသတိရသွားပါတယ်။ ပုသိမ်မြိ်ု့၊ဘုရားကြီးကုန်းလမ်း (အခုမဟာစေတီလမ်းလို့ခေါ်ပါတယ်) နဲ့ ရထားသံလမ်းနဲ့ဆုံတဲ့နေရာကရပ်ကွက်တစ်ခုမှာပါ။ ပပဝတီကွက်သစ်ကိုမရောက်ခင် ဒီဘက်က ရပ်ကွက်တစ်ခုပါ၊ အဲဒီရပ်ကွက်မှာကျွန်းတောကုန်း ဘုန်းကြီးကျောင်းရှိပါတယ်၊ဟိုတုန်းကတော့ ကျွန်းတောကုန်းကျောင်းအနီး၊မရမ်းချိုဖျားရပ်ကွက်လို့ ခေါ်ပါတယ်။အခုတော့ဘယ်လိုခေါ်သလဲမသိပါ။ ကျွန်တော် ၆တန်းကျောင်းသားဘဝမှာအဲဒီရပ်ကွက်ထဲကိုရောက်တာပါ။ အဲဒီရပ်ကွက်မှာမျက်စိမမြင်တဲ့ သူတစ်ယောက်ရှိပါတယ်။ ငယ်ငယ်ကအကောင်းလို့ပြောပါတယ် ရောဂါတစ်ခုကြောင့်ကွယ်သွားတယ်လို့ မှတ်မိနေပါတယ်။ ဆင်းရဲတဲ့အသိုင်းအဝိုင်းဆိုတော့မကုနိုင်ဘူးပေါ့။ သူ့နာမည်က ဦးထူးမ လို့ခေါ်ပါတယ်။ သူ့အမေ နာမည်ကဒေါ်အေးစောပါ၊အခုတော့မရှိကြတော့ပါဘူး။ ဦးထူးမ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်ကမျက်စေ့မြင်ပါတယ်။ မျက်မမြင်ထူးမဟာ ရပ်ကွက်ထဲမှာ တစ်ယောက်ထဲလမ်းလျှောက်သွားလို့ရပါတယ်။ သူ့လမ်း ထဲက ထွက်လာပြီး ရထားလမ်းနေရာကိုရောက်ရင် သူ့ဟာသူကွေ့တာပါ။ (ကျွန်တော်တို့ရပ်ကွက်နဲ့ မရမ်းချို ရပ်ကွက်ကို ရထားလမ်းကြီးခြားထားပါတယ်။ ရထားလမ်းရဲ့တဖက်မှာရေကြည်မင်္ဂလာ ကျောင်းတိုက် ရှိပါတယ်။) ရထားဝင်လာရင် ရထားကိုဝင်ဖို့အဆင်သင့်ဖြစ်ပြီဆိုတဲ့အမှတ်အသားပြတဲ့ အလံဆိုတာ ရှိပါတယ်။ အဲဒီအလံကနေရထားလမ်းလွှဲတဲ့နေရာကမောင်းတံအထိသံကြိုးနဲ့ဆက်ထားတာပါ။ လမ်းလွှဲအဆင်သင့်ဖြစ်ရင်မောင်းတံကိုဆွဲပြီးအလံကိုတင်ရတာပါ။ […]