လူမစွမ်း နတ်မ

ကြောင်လေးOctober 21, 20111min1998

ကိုသစ်မင်းရဲ့  သည်အလှူ  ပို့စ်ထဲမှာ မျက်စေ့မမြင်တဲ့သူတစ်ယောက်လမ်းလျှောက်လာတယ် ဆိုတဲ့အကြောင်းလေးတွေ့လိုက်တယ်၊ဘေးမှာတွဲတဲ့တဲ့အဖော်ပါလာတယ်လို့ရေးထားတာအတွေ့တော့ ငယ်ငယ်က မျက်မမြင်တစ်ယောက်အကြောင်းသတိရသွားပါတယ်။  ပုသိမ်မြိ်ု့၊ဘုရားကြီးကုန်းလမ်း (အခုမဟာစေတီလမ်းလို့ခေါ်ပါတယ်) နဲ့ ရထားသံလမ်းနဲ့ဆုံတဲ့နေရာကရပ်ကွက်တစ်ခုမှာပါ။ ပပဝတီကွက်သစ်ကိုမရောက်ခင် ဒီဘက်က ရပ်ကွက်တစ်ခုပါ၊ အဲဒီရပ်ကွက်မှာကျွန်းတောကုန်း ဘုန်းကြီးကျောင်းရှိပါတယ်၊ဟိုတုန်းကတော့ ကျွန်းတောကုန်းကျောင်းအနီး၊မရမ်းချိုဖျားရပ်ကွက်လို့ ခေါ်ပါတယ်။အခုတော့ဘယ်လိုခေါ်သလဲမသိပါ။

ကျွန်တော် ၆တန်းကျောင်းသားဘဝမှာအဲဒီရပ်ကွက်ထဲကိုရောက်တာပါ။ အဲဒီရပ်ကွက်မှာမျက်စိမမြင်တဲ့ သူတစ်ယောက်ရှိပါတယ်။ ငယ်ငယ်ကအကောင်းလို့ပြောပါတယ် ရောဂါတစ်ခုကြောင့်ကွယ်သွားတယ်လို့ မှတ်မိနေပါတယ်။ ဆင်းရဲတဲ့အသိုင်းအဝိုင်းဆိုတော့မကုနိုင်ဘူးပေါ့။

သူ့နာမည်က ဦးထူးမ လို့ခေါ်ပါတယ်။ သူ့အမေ နာမည်ကဒေါ်အေးစောပါ၊အခုတော့မရှိကြတော့ပါဘူး။ ဦးထူးမ နှစ်ယောက်ရှိပါတယ်။  တစ်ယောက်ကမျက်စေ့မြင်ပါတယ်။

မျက်မမြင်ထူးမဟာ ရပ်ကွက်ထဲမှာ တစ်ယောက်ထဲလမ်းလျှောက်သွားလို့ရပါတယ်။ သူ့လမ်း ထဲက ထွက်လာပြီး ရထားလမ်းနေရာကိုရောက်ရင် သူ့ဟာသူကွေ့တာပါ။ (ကျွန်တော်တို့ရပ်ကွက်နဲ့ မရမ်းချို ရပ်ကွက်ကို ရထားလမ်းကြီးခြားထားပါတယ်။ ရထားလမ်းရဲ့တဖက်မှာရေကြည်မင်္ဂလာ ကျောင်းတိုက် ရှိပါတယ်။) ရထားဝင်လာရင် ရထားကိုဝင်ဖို့အဆင်သင့်ဖြစ်ပြီဆိုတဲ့အမှတ်အသားပြတဲ့ အလံဆိုတာ ရှိပါတယ်။ အဲဒီအလံကနေရထားလမ်းလွှဲတဲ့နေရာကမောင်းတံအထိသံကြိုးနဲ့ဆက်ထားတာပါ။ လမ်းလွှဲအဆင်သင့်ဖြစ်ရင်မောင်းတံကိုဆွဲပြီးအလံကိုတင်ရတာပါ။ အဲဒီအလံတင်မထားရင် ရထားဟာ ဘူတာကိုဝင်လို့မရပါဘူး။ အလံနားမှာရပ်ပြီးနေရပါတယ်၊အဲဒီကနေဥဩအရှည်ကြီးဆွဲပြီး ဘူတာကို အချက်လှမ်းပေးနေရတာပါ။ ဘူတာကလမ်းတွေချိန်းပြီးပြီ၊ရထားဝင်လာဖို့အဆင်သင့်ဖြစ်ပြီဆိုမှအလံကိုဆွဲတင်အချက်ပြလိုက်တာပါ၊ အဲဒီတော့မှရထားကဆက်မောင်းပြီးဝင်လာတာပါ။အမြဲတန်းဒီလိုဖြစ်တာတော့မဟုတ်ပါဘူး၊အဆင်သင့်လုပ်ထားပြီး အလံကိုကြိုတင်ထားကြတာများပါတယ်။ ဘူတာကနေအလံတိုင်ရှိတဲ့နေရာအထိရထားလမ်းဘေးတစ်လျှောက်အဲဒီသံကြိုးဟာမြေပြင်ကနေတပေ လောက်အကွာမှာရှိနေတာပါ။ ဘူတာနားနီးနီးနေဖူးသူတွေသိပါတယ်။ ဦးထူးမဟာအဲဒီသံကြိုးနေရာ ရောက်ရင်ခလုပ်မတိုက်ပါဘူး၊သူ့ဟာသူအလိုလိုကျော်သွားပြီးသားဖြစ်နေပါတယ်။ရထားလမ်းဘေးအတိုင်းဘူတာရုံအထိလျှောက်တာပါ၊အရက်ဆိုင်ကိုသူ့ဟာသူသွားပါတယ်။ဘူတာနဲ့လဲနီးတော့ဘူတာလောက်ကို တော့  တွဲတဲ့သူမပါပဲသွားတာပါ။ မြို့ထဲသွားရင်သာ တွဲတဲ့သူပါတာပါ။                                                ဒါက ထူးခြားတဲ့ကိစ္စမဟုတ်ပါဘူး။  ထူးခြားတာက  သူဟာရေတွင်းတူးတဲ့အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ပါ၊ မင်္ဂလာစိန်ထူးရေတွင်းတူးအဖွဲ့ဆိုရင် ပုသိမ်ဘက်ကအသက်ကြီးကြီးလူတွေတော်တော်များများသိကြမှာပါ။   မျက်စေ့မြင်တဲ့သူတွေဟာသူ့တပည့်ခံပြီး သူမြို့ထဲသွားတဲ့အခါနဲ့ အခြားရပ်ကွက်တွေကိုရေတွင်းသွားတူး တဲ့အခါ  သူ့ကိုတွဲလျှောက်ပြီး သူတိုက်တဲ့ အရက်ကိုလိုက်ကပ်သောက်တာပါ။ ကျွန်တော့အဖေကတော့  အဲဒီလူတွေကို ခပ်ညံ့ညံ့ကောင်တွေလို့ခဏခဏပြောပါတယ်။ ပုသိမ်မှာရေတွင်းတူးတာဟာ  ၁၅ တောင် အတောင်၂ဝလောက် မြေသားအတိုင်းတူးတာပါ၊ တချို့လည်းဒီတိုင်းထားပါတယ်။ တတ်နိုင်တဲ့သူတွေက တူးပြီးမှ ဟိုအလယ်တဝက်လောက်မှာအထစ်လုပ်ပြီးအုပ်စီကြပါတယ်။ အောက်ခြေကစ စီတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့အဖေဟာလည်း ခြံထဲမှာရေတွင်းတူးဖို့  ဦးထူးမတို့အဖွဲကိုငှားလိုက်ပါတယ်။ ဦးထူးမဟာရေတွင်းတူးမဲ့နေရာကိုရှာရင် မြေကြီးကို ငုံ့နမ်းကြည့်ပြီးရှာတာပါ၊ ဒီနေရာရေမထွက်ဘူး၊ ဒီနေရာရေထွက်မယ် ၊ဘယ်နှတောင်လောက်ရောက်ရင် ရေစတွေ့မယ်ဆိုပြီး  မျက်စေ့မြင်တဲ့သူ့တပည့် တွေကို နေရာသတ်မှတ်ပေးတာပါ၊ သူပြောတဲ့အတိုင်းလည်းဟုတ်ပါတယ်။ အဲဒီတော့မှသူ့တပည့်တွေက ပေါက်တူးတွေနဲ့မြေကိုသုံးပေခွဲလောက်အကျယ်စတူးကြပါတယ်။ လူတစ်ရပ်လောက်ရောက်တော့မှ တပည့်တွေကိုတခါတက်ခိုင်းပြီးရေတွင်းရဲ့နံရံကိုခြေနှစ်ဖက်နဲ့ကန်၊ လက်နှစ်ဖက်နဲ့တွင်းနံရံကိုလှည့်ပတ် စမ်းပြီးဆင်းသွားရင်း ဒီနေရာက ပူနေတယ်၊ဒီနေရာကချိုင့်နေတယ်၊ပြန်ညှိဆိုပြီးခိုင်းတာပါ၊တစ်ခါတစ်ရံ သူကိုယ်တိုင်ညှိပါတယ်။အဲဒီလိုပဲလူတစ်ရပ်လောက်ကျတစ်ခါဆင်းပြီးညှိတာပါ။တွင်းထဲကတက်ရင်လည်းတပည့်တွေက ကြိုးနဲ့ခိုတက်တယ်။ သူကတော့တော်ရုံတန်ရုံ အနက်လောက်ဆိုခြေတွေလက်တွေနဲ့ ကန်ပြီးတက်လာတာပါ။

ကျွန်တော်တို့ညီအကိုတွေသူ့ကိုကြည့်ပြီးအရမ်းသဘောကျကြပါတယ်၊တကယ့်သူရဲကောင်းလို့ကိုထင်တာ။ပုသိမ်က လူတွေ ရွာထဲမှာရှိရင် သူ့ကိုသိနိုင်ကြတဲ့အသက်ကြီးပိုင်းတွေရှိနိုင်ပါတယ်။

နောက်တခုထူးခြားတာရှိပါသေးတယ်၊ သူတို့အဖွဲ့ က မိုးတွင်းပိုင်းဆိုရင် ဓနိလိုက်မိုးပေးတဲ့အလုပ် လုပ်ပါတယ်၊ ဝါးအိမ်တွေလိုက်ပြင်ပါတယ်။ အဲဒါလည်းသူကခေါင်းဆောင်ပါပဲ၊ တပည့်တွေချီထားတဲ့ ဝါးလုံးတန်းတွေကိုသူကလက်နဲ့စမ်းပြီးဒီတန်းကဒီဘက်နိမ့်နေတယ်၊ ပြန်မြှင့်ဆိုပြီးခိုင်းတာပါ။ ချီထားတဲ့ နှီးချက်တွေ လျော့နေရင်လည်းချက်ခြင်းဖြုတ်ပြီးပြန်ချီခိုင်းတာပါ။

ဒါ့ထက်ထူးခြားတာက သူနေတဲ့အိမ်ဟာ ဝါးကိုအပေါက်တွေဖောက်စွပ်ပြီးနှစ်ထပ်အိမ်ဆောက်ထားတာပါ၊ အိမ်ရဲ့တံခါးပေါက်ကဒီနေ့ဒီဘက်မှာရှိနေပေမဲ့ရှိနေပေမဲ့နောက်နေ့မနက်သွားရင်ဟိုဘက်ရောက်သွားတတ်ပါတယ်။ ရေတွင်းကိုလည်းအိမ်ရှေ့ကရေတွင်းကိုနောက်ဖေးရွှေ့တူးတာပါ၊  နောက်ဖေးကတူးလို့ထွက်တဲ့ မြေကို  အိမ်ရှေ့တွင်းကိုပြန်ဖို့ အဲသလိုလုပ်တာပါ၊ အိမ်ကိုလည်းစိတ်ကူးရရင် ရသလို ဖျက်လိုက်၊ ဆောက်လိုက်လုပ်နေတာပါ။ တခုဆိုးတာက သူဟာမျက်စေ့မမြင်တဲ့သူဆိုတော့သူ့မှာနေ့ ညဆိုတာ မရှိပါဘူး။ သူစိတ်ကူးရတဲ့အချိ်န် တညလုံးရွှေ့တဲ့ပြောင်းတဲ့ဖျက်တဲ့အလုပ်ကို အရက်မူးမူးနဲ့ သီချင်း အကျယ်ကြီး အော်ဆိုရင်းလုပ်နေတာပါ။  တခါတခါအော်ဆဲနေတတ်ပါတယ်။ ရပ်ကွက်ထဲက အသက် ကြီးတဲ့သူတွေက အိပ်မရတဲ့အခါ ဆူဆဲပြီးတားလိုက်ရင်တော့ ငြိမ်သွားတတ်ပါတယ်။  နောက်တနေ့ ရောက်ရင် ပြန်ဆူနေတာပါပဲ။

သူမူးလာရင်အကျယ်ကြီးအော် အော်ဆိုတတ်တဲ့သီချင်းတပိုင်းတစကို အခုထိနားထဲမှာကြားယောင်နေ မိပါတယ်၊ ဒီသီချင်းကို ကိုင်ဇာက မြူးဇစ်ဆန်းဆန်းလေးနဲ့ ကာရာအိုကေပြန်ဆိုထားပါတယ်။

တခါတခါ ကာရာအိုကေမှာ   တော်တော်ကောင်းနေတဲ့အချိန်ဆို ရင် ဒီသီချင်းတပိုင်းတစကို ကျွန်တော်  ပြောင်ရင်း နောက်ရင်း ဆိုတတ်ပါတယ်၊ အပေါင်းအသင်းတွေကတော့ ဟေ့ကောင်မင်းဟာက ကြည့်လဲဆိုပါဦးကွာ လို့သတိပေးတတ်ပါတယ်။

အဲဒီသီချင်းကတော့

“””””ဘာမဟုတ်တဲ့ ငါရုပ်တွေနဲ့  ငါလုပ်ချင်ကြပေ…..

ငါဆိုတဲ့မာန်မာန ထားကာနေပြန်ပေ……

ငါနဲ့ ငါသာနှိုင်းရာတုကင်း——————–

ငါ့အိမ်၊ ငါ့ယာ၊ ငါသာကောင်းစားရေးအတွက် ငါကျိုးကြည့်ကြပေ….

ငါ့သားငါ့သမီးမကျန်ပေ ငါ့ဆွေ ငါ့ အမျိုး  းးးးး

အဲဒီနေရာရောက်ရင်   (ဖာ  မျိုးတွေ ) လို့အကျယ်ကြီးအော်ဆိုပြီးအဆုံးသတ်လိုက်တာပါ။     ။

 

သီချင်းစာသားကိုမပြောင်းပဲရေးလိုက်တဲ့အတွက် ရိုင်းသွားတယ်ဆိုရင် တောင်းပန်ပါတယ်၊ထည့်ရေးလိုက်မှ

အဓိပ္ပါယ် တန်းကနဲပေါ်မှာမို့ပါ။

မျက်မြင်ဦးထူးမမှာ ကံထူးဆိုတဲ့ညီတစ်ယောက်ရှိပါတယ်၊သူ့အကြောင်းလေးဆက်ရေးပါဦးမယ်။

8 comments

  • MaMa

    October 21, 2011 at 8:51 am

    မသန်ပေမယ့် စွမ်းသူများလို့ ဆိုရမယ်။ သူတို့ကို လေးစားသင့်တယ်။

  • “ဘီလူးကြီး”ogre

    October 21, 2011 at 9:15 am

    မျက်မမြင်တွေဟာ
    အကြားအာရုံနဲ့ အနံ ခံကောင်းကြတယ်လို့
    သူများပြောတာကြားဖူးတယ်ဗျ..။။

  • နီလေး

    October 21, 2011 at 9:34 am

    တစ်ယောက်နဲ့တစ်ယောက်ကပါရမီခြင်း မတူကြဘူးလေ တကယ်လို့ မျက်မမြင်ဦးထူးမဟာ မျက်စိသာမြင်ခဲ့မယ်ဆိုရင် အဲလိုပါရမီမျိုး သူ့မှာရှိနိုင်လောက်မလားမသိဘူးနော် မြစ်ကြီးနားမြို့မှာတော့ မျက်မမြင်တွေနှိပ်ပေးတဲ့နေရာရှိတယ် တော်တော်လေးကောင်းတယ် ဈေးလဲသက်သာတယ် အိမ်တိုင်ရာရောက်လည်းလိုက်နှိပ်ပေးတယ်

  • ဘီလူးလေး

    October 21, 2011 at 9:46 am

    မျက်မမြင်တွေက သာမန်လူတွေထက် အမြင်။ အကြား သာတာမှန်ပါတယ် သူတို့ချို့ယွင်းချက်က မျက်စိ မမြင်တာဘဲ
    မျက်လုံးမမြင်ဘဲ အလုပ်လုပ်နိုင်တယ်ဆိုတော့ ထူးခြားတာပေါ့

  • small cat

    October 21, 2011 at 11:03 am

    ဟုတ်တယ် ကိုဘီလူးကြီးနဲ့နီလေးရေ အာရုံတစ်ခုမကောင်းတော့ အာကျန်တဲ့အာရုံနဲ့အားစိုက်အလုပ် လုပ်ရင်း
    တဖက်မှာအစွမ်းထက်သွားတာဖြစ်နိုင်တယ်၊အကုန်ကောင်းနေရင် မျှနေတော့ တစ်ခုထဲကို
    သိသိသာသာထူးချွန်မလာတာဖြစ်နိုင်တယ်။

    ကိုဘလူးကြီးကတပည့်မွေးထားတာလားဗျ။
    မမရေ မသန်ပေမဲ့စွမ်းတဲ့လူတစ်ယောက်အကြောင်းလေးထပ်ပြောအုန်းမယ်။
    ဘီလူးလေးက ဘီလူးကြီးနဲ့အမျိုးလား? ကြောင်အဖွဲ့ကိုအားကျလို့ အဖွဲ့ထောင်တာလား။

  • ကြောင်ကြီး

    October 21, 2011 at 11:57 am

    တယ်ဟုတ်ပါလား၊ ဒါမျိုးအတော်ရှားမယ်…။ ဆက်ပါအုံး..။

  • windtalker

    October 21, 2011 at 12:25 pm

    မြေကြီး ကို ကုန်းနမ်းပြီး အနံ ့ခံရုံ နဲ ့ရေထွက်မယ် ၊ မထွက်ဘူး တန်းသိတယ် ဆိုတာကို
    တော်တော်စိတ်ဝင်စားမိတယ် ၊ စဉ်းလဲ စဉ်းစားမိတယ်
    အဲဒီလို အနေအထားမျိုးကို ရောက်ဖို ့၊ သူ ့ခဗျာ
    အရင်က ကုန်းနမ်းလိုက် တူးလိုက်နဲ ့အတွေ ့အကြုံတော့ အများကြီးရှိခဲ့မယ် လို ့
    ထင်မိတယ်ဗျာ
    ဟုတ်လားဗျို ့ကိုကြောင်လေး

  • etone

    October 21, 2011 at 3:05 pm

    အံမယ် ကိုကြောင်လေးရေ …. မျက်မမြင်များ မျက်စိမမြင်လို့ ညှပ်ချလို့ မရဘူးတော့ …. လည်တာမှ သူတို့ကတောင် ပြန်ရောင်းစားဦးမယ် … သာမာန်လူတွေထက် အကြားအာရုံ ၊ အနံ ့ခံအာရုံနဲ့ အတွေ့ထိအာရုံအရမ်းကောင်းတယ် … ။ မွေးကတည်းကမျက်စိမမြင်တဲ့လူအတွက်ကတော့ ဖီလင်ကြီးကြီးမားမား သိပ်မရှိပေမယ့် … ရုတ်တရက်မျက်စိကွယ်သွားရတဲ့ လူတွေကတော့ အတော်လေး စိတ်ဓါတ်ကြံ ့ခိုင်မှကိုဖြစ်မယ် … ။ မသန်ပေမယ့်စွမ်းပါတယ်ဆိုတာကိုတော့ တကယ်လက်ခံတယ် 🙂

Leave a Reply