အခုတစ်လော အလုပ်တွေရှုပ်နေတာရယ် သီတင်းကျွတ်မှာ လူကြီးတွေကိုလှည့်ပတ်ကန်တော့နေတာရယ်ကြောင့် ရွာထဲတောင်မရောက်ဖြစ်ဘူး။ လူကြီးတွေဆိုပေမယ့် ဆရာ ဆရာမတွေနဲ့ အမျိုးတွေပါပဲ။ အလုပ်နဲ့မပတ်သတ်ပါဘူး။ မိုးစက်ရဲ့အထက်လူကြီးတွေက နိုင်ငံခြားသားတွေဆိုတော့ ကန်တော့စရာမလိုဘူး။ တစ်ချို့အကျင့်ပါနေတဲ့ မြန်မာတွေကတော့ မြန်မာ့ဓလေ့ဆိုပြီးလက်ဆောင်တွေ လာပေးကြတာတော့ရှိတယ်။ ဘာပဲပြောပြော မိုးစက်ကသီတင်းကျွတ်ကိုချစ်တယ် (ဗျောက်အိုးသံတွေကလွဲရင်)။ ဆရာ ဆရာမတွေသွားကန်တော့ရင်း မတွေ့တာကြာတဲ့သူငယ်ချင်းတွေပြန်တွေ့ရတယ်။ တစ်ချို့အမျိုးတွေဆို တစ်မြို့တည်းနေပြီး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ကာ မတွေ့ဖြစ်ကြဘူး။ သီတင်းကျွတ်သွားကန်တော့မှပဲ မတွေ့ဖြစ်တာတစ်နှစ်လောက် ကြာသွားတာသိကြတယ်။ ကျောင်းပြီးကတည်းက မန္တလေးရောက်နေတဲ့မိုးစက်ရဲ့သူငယ်ချင်းကလည်း တစ်နှစ်မှတစ်ခေါက်ပြန်လာပြီး ရန်ကုန်ကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပြီး ဟောင်းနွမ်းညစ်ပတ်လာတယ်တဲ့။ ရေညှိရောင်နဲ့ညစ်ထေးနေတဲ့ တိုက်တွေ၊ ရှေ့ကဖာရင် နောက်ကပေါက်တဲ့ကတ္တရာလမ်းတွေ၊ အမှိုက်ပုံးမရှိပဲ ဖြစ်သလိုပစ်ထားပုံထားတဲ့အမှိုက်တွေ၊ ပလက်ဖောင်းပေါ်က ကျိုးပျက်နေတဲ့ မြောင်းဖုံးတွေနဲ့ စည်းကမ်းမဲ့ထွေးထားတဲ့ ကွမ်းတံတွေးကွက်တွေရယ်က မြို့ရဲ့ဂုဏ်ဆောင်နေတာပေါ့နော်။ မိုးစက်တို့ကတော့ တစ်နေ့တစ်နေ့ ရုံးနဲ့အိမ်နဲ့၊ မဆုံးနိုင်တဲ့စာမေးပွဲတွေ၊ စာအုပ်ပုံတွေနဲ့လုံးလည်ခြာလည်လိုက်ရင်း ရန်ကုန်မြို့ရဲ့မြင်ကွင်းကို ထူးပြီးမမြင်ခဲ့မိဘူး။ […]