“နင်တစ်ယောက်ထဲ ပေးချင်တာမဟုတ်ဘူး ငါလည်းပဲ ပေးချင်ပါသေးတယ်” … လို့ ဝေဝေတစ်ယောက် အသံကျယ်ကျယ်နဲ့ မင်းမင်းကို အော်လိုက်ပါတယ် …. ဝေဝေတစ်ယောက် မင်းမင်းအိမ်မှာ ဧည့်သည်သွားလုပ်နေတာ ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက် စိတ်သဘောထားချင်းမတိုက်ဆိုင်ဖြစ်လာပါတော့တယ်။ ဖြစ်ပုံကဒီလို … မင်းမင်းက နိုင်ငံခြားမှာ ပညာသင်နေတဲ့မြန်မာကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဝေဝေက တခြားတစ်မြို့မှာနေပြီး အလုပ်နားရက်မှာ မင်းမင်းရှိရာ မြို့ကို သွားလည်တဲ့အချိန်ပေါ့။ နိုင်ငံခြားဆိုတာက မြန်မာပြည်လိုမဟုတ်ဘူး။ အားလုံးချွေချွေတာတာနဲ့နေနေရတာဆိုတော့ ဝေဝေက အားနာတာပေါ့။ ပိတ်ရက်တွေကို တစ်ယောက်စီအထီးကျန်ပြီးကုန်ဆုံးမယ့်အစား နှစ်ယောက်အတူတူလျှောက်လည်ကြ၊ ချက်ပြုတ်စားသောက်ကြ၊ ရုပ်ရှင်ကြည့်ကြ၊ ရန်ဖြစ်ကြနဲ့ အချိန်ဖြုန်းရအောင် စီစဉ်ထားခဲ့ကြတာ …. သူတို့နှစ်ယောက်က ရန်ကုန်မှာကထဲက သူငယ်ချင်းတွေဖြစ်ကြပေမယ့် အတူတူ မနေခဲ့ဘူးလို့ တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်မသိခဲ့ကြဘူး။ ပထမနေ့ လေဆိပ်မှာ စကြိုတာကနေ စတွေ့တော့တာပဲ။ တက်စီကားခကို မင်းမင်းကဇွတ်အတင်းပေးပါတယ်။ […]