နွေရာသီမွန်းတည့်နေက ကျဲကျဲတောက်ပူလောင်လွန်းလှပါလား။ ကတ္တရာကားလမ်းပေါ်မှာ တံလျှပ်တွေတောင်ထလို့။ ခေါင်းပေါ်က ခေါင်းခုနဲ့ ဆံပင်ကြားမှာ ချွေးတွေဆိုတာ ရေလောင်းထားသလို စိုစိစိဖြစ်နေတာကို ကိုယ့်ဘာသာခံစားမိနေတယ်။ ခေါင်းခုပေါ်မှာတော့ တံမြက်စည်းတွေကိုစုစည်းပြီးရွက်ထားရတယ်လေ။ သားကလည်းကျုပ်လက်တဖက်ကိုတွဲထားရင်း ဟိုငေး၊ ဒီငေးနဲ့ ဒရွတ်ဆွဲလိုက်ပါလာခဲ့ပါတယ်။ တော်ပါသေးရဲ့ အောင်လံမြို့ဘက်အထွက်တဲ့ပြည်မြို့အစွန်ဘက်လမ်းမှာ လမ်းဘေးဝဲရာ မယ်ဇလီပင်တွေနဲ့မို့အရိပ်နည်းနည်းတော့ရနေသေးလို့။ အရိပ်ကိုခိုလျှောက်ရင်း အောင်ချမ်းသာရပ်ကွက်လူနေအိမ်တွေနားရောက်အောင်ခပ်သွက်သွက်လျှောက်နေမိတယ်။ ပြည်နည်းပညာကောလိပ်လို့ ရေးထားတဲ့ကျောင်းကိုကျော်ပြီး သစ်တောဝန်းတွေကိုရောက်လာပြီမို့ ကျောင်းသူအဆောင်တွေ လူနေအိမ်တွေနဲ့နီးလာပါပြီ။ လှမ်းတောင် မြင်နေရပြီလေ။ ပူလောင်လွန်းတဲ့နေကြောင့်လမ်းပေါ်မှာလူသူရှင်းနေတာကိုသတိထားမိတယ်။ ကျုပ်တို့သားအမိကတော့နေပူကြောက်နေလို့မရပါဘူး စီးကျလာတဲ့ချွေးကို လက်ခုံနဲ့သုတ်ရင်း သားကိုငုံ့ကြည့်လိုက်မိတယ်။ သားကပြန်မော့ကြည့်ရင်း ဗိုက်ဆာတယ်မေမေလို့ပြောလာတယ်။ ဟုတ်ပ ဗိုက်ထဲက တကျုတ်ကျုတ်မြည်နေတာကြာပေါ့။ စားရမယ်သားရဲ့ ခနလေးစောင့်နော် လို့ပြောသာပြောလိုက်ရတာ ပိုက်ဆံကအကြွေလေး ၅ဝ တန်နှစ်ရွက်ပဲပါတယ်။ ခြေစောင့်လက်စောင့်လေးထားရတာ။ သက်ပြင်းမောကိုမသိမသာမှုတ်ထုတ်ရင်း တံမြက်စည်းတစ်ချောင်းလောက်တော့ရောင်းရပါစေလို့ စိတ်ထဲကနေဆုတောင်းနေမိတယ်။ သစ်တောဝန်းကျော်တော့ ကားလမ်းဘေးကနေ အောက်ဖက်လမ်းကလေးကိုဆင်းလျှောက်လာခဲ့တယ်။ ဟော […]