အတာသည် အန္တ္တ၊ သင်္ကြန်သည် သင်္ကန္တဟူသောပါဠိမှလာ၍ အဆုံးရောက်၍ကူးပြောင်းခြင်းဟုအဓိပ္ပါယ်ရသည်။ နှစ်အကူးအပြောင်းတွင် နှစ်ဟောင်းကိုဆေးကြော၍နှစ်သစ်ကိုအေးချမ်းခြင်းအားဖြင့်ကြိုဆိုရန် မြန်မာတို့ရေလောင်း ပက်ဖြန်းဓလေ ့ပြုခဲ့ကြသည်။ အတာသင်္ကြန်ပွဲသည် ဟိန္ဒူအယူဝါဒမှလာသည်ဖြစ်ကာ မြန်မာ့ဓလေ့ရိုးရာတွင် ဟိန္ဒူအယူအားကောင်းခဲ့သောပျူခေတ်ကတည်းက ရှိနေမည်ခန့်မှန်းရပါသည်။ မိဘုရားစောလုံအပေါ် သင်္ကြန်ရေလောင်းခြင်းအားဖြင့် အကျီစားသန်ခဲ့သည့်အတွက် မင်းအပေါ်အမျက်သိုကာ အဆိပ်ခတ်လုပ်ကြံသည်အထိဖြစ်သွားခဲ့ရသော ပုဂံခေတ်၊ နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)၏ဇတ်လမ်း အမှတ်ရကြပါလိမ့်မည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ပုဂံရာဇဝင်လေးချိုးကြီး၌လည်း အောက်ပါအတိုင်းစပ်ဆိုကာ သတိပေးဖူးသည်။ “ဒေါပုံအလှည့်သံသရာ ရေအပြင်မှာ ကြွားသူတို့ကဖြင့်၊ သဘောမဆုံသနဲ့ မခံချင်ပါလျှင်လဲ မကစားကြလေနဲ့၊ ချောဂုဏ်နဲနွဲ့ရှာတဲ့ စောလုံရဲ့ပုဂံရာဇဝင်တရား” “စောလုံစောင့်ပါခလှည့်”ဟု တမ်းတမ်းတတ နောင်တစကားသည် မြန်မာတို့ သမိုင်းဝယ်မှတ်တမ်းမှတ်ရာအဖြစ် ပထမဆုံးကျန်ရစ်သည့် သင်္ကြန်ခြေရာဖြစ်ပေသည်။ ခေတ်သင်္ကြန် ယခုခေတ်သင်္ကြန်သည်ကား စောလုံကို ရွဲ့၍လုပ်နေသည်ထင်ကြရလောက်အောင် အကျီစားသန်ကြသည်။ ရန်လည်းများကြသည်။ သင်္ကြန်သည်ကာလနှင့်အတူ သင်္ကန္တဖြစ်ခဲ့လေပြီ။ ပွဲတော်တွင်းလူထူထပ်သည်ကိုအကြောင်းပြုကာ ဈေးကွက်စီးပွားရေးဖြင့် ကြော်ငြာသင်္ကြန်ဖြစ်ခဲ့လေပြီ။ နှစ်ကူးတန်ခူးလအချိန်ကား ‘တန်ခူး […]