မော်လမြိုင် တက္ကသိုလ်လမ်းမကြီးကနေ ဆက်သွားရင် တောင်ဝိုင်းဘုရားကိုရောက်ပါတယ်။ တောင်ဝိုင်းဘုရားဆိုတာနဲ့ ဝင်္ကဘာကိုတွဲလျက် အမှတ်ရသွားခဲ့တယ်။ ငယ်ငယ်တုန်းက ဝင်္ကဘာထဲဝင်ပြီး ပြန်မထွက်နိုင်ဖြစ်ခဲ့တာလေးကို သတိရသွားတာနဲ့ ဝင်္ကဘာဆီကို ထပ်သွားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဝင်ပတ်ချင်စိတ်မရှိလို့ မဝင်ခဲ့ပဲ ဘောင်ပေါ်တက်ပြီး သူငယ်ချင်းဝင်သွားတာကို ရပ်ကြည့်နေခဲ့ပါတယ်။ ဝင်္ကဘာဝင်ပြီးတော့ ရဟန္တာငါးရာတောင်ပေါ်ကို တက်ကြတယ်။ လှေကားထစ်တွေနဲ့ မက်စောက်တယ်။ ငယ်ငယ်ကလိုမဟုတ်ပဲ မောတတ်လာတာကို သတိထားမိလာတယ်။ ရဟန္တာပုံတော်တွေလမ်းတစ်လျှောက်မှာ တွေ့ရပြီး နဲနဲမြင့်တဲ့နေရာတွေမှာ လက်ဆော့ထားတာတွေက စိတ်ပျက်စရာအလွန်ကောင်းပါတယ်။ အမြင့်ကိုရောက်သွားလေ မော်လမြိုင်ရှုခင်းတွေက ပိုပြတ်သားလာလေပဲ။ အတ္ထရံတံတားကိုလဲ လှမ်းမြင်ရတယ်။ ရွှေရောင်စေတီလေးတွေကိုလဲ မြင်ရတယ်။ မော်လမြိုင်လေဆိပ်ကိုလဲ အပေါ်စီးကနေ မြင်ရပါတယ်။ မော်လမြိုင်ခရီးစဉ်ကို နိဂုံးချုပ်ရလျှင်တော့ စေတီပုထိုးအလွန်များပြားတယ်။ သန့်ရှင်းသပ်ရပ်တယ်။ မွန်လူမျိုးတွေ ဘာသာတရား အလွန်ကိုင်းရှုင်းကြတယ်။ တောင်တွေတိုင်းမှာ ဘုရားတည်ထားကြတယ်။ ဘုရားတွေမှာ ဆူညံစွာ အလှူငွေကောက်ခံခြင်း မတွေ့ခဲ့ရဘူး။ […]