မြန်မာနျူကလီးယား စီမံကိန်း

parparaziJune 5, 20103min2026

စာဖတ်ပရိတ်သတ်များ ခင်ဗျား

DVB ဝက်ဆိုက်ရှိ ကယ်လီ၏ ဆောင်းပါးအား ကိုအောင်ဆန်းမန်းက စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေရေး ဘာသာပြန်ပြီး ပေးပို့လာပါတယ်။ ဘာသာပြန်ချက်နဲ့အတူ ပူးတွဲပါဝင်လာတဲ့ သူ့ရဲ ့ အမှာစာကိုလည်း ထည့်သွင်း ဖော်ပြ လိုက်ရပါတယ်။ အခုလို ဘာသာပြန် ပေးပို့လာတဲ့အတွက် ကိုအောင်ဆန်းမန်းအား အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

လေးစားရပါသော ဒီမိုကရက်တစ် မီဒီယာမှ မိတ်ဆွေများ

DVB ဝက်ဆိုက်ရှိ ကယ်လီ၏ ဆောင်းပါးကို ဖတ်ရှုပြီးနောက် မြန်မာပရိတ်သတ်များအတွက်လဲ မြန်မာလို ဖတ်ရှုနိုင်လျှင် အကျိုးရှိမည်ဟု တွေးမိ သောကြောင့် ကျနော်မှ ကြိုးစား ဘာသာပြန်ထားပါသည်။ အတတ်နိုင်ဆုံး မူရင်းအတိုင်း ဖြစ်စေရန် ဘာသာပြန်ထားပါသည်။ မူလဆောင်းပါးလင့်မှာ ဒီနေရာမှ ဖြစ်ပါသည်။ အကယ်၍ လူကြီးမင်းအနေနှင့် ဖေါ်ပြသင့်သည်ဟု ယူဆပါက ကျေးဇူးပြု၍ DVB မှ ဆောင်းပါးအား ဘာသာပြန်သည်ဟု ထည့်သွင်း ပေးစေလိုပါသည်။ ယခုအချိန်တွင် အလွန်အရေးပါသော သတင်းဖြစ်သဖြင့် မြန်မာအသိုင်းအဝိုင်းအကြား တတ်နိုင်သရွေု့ ပျံ့ပွါးသွားစေလိုသည့် ဆန္ဒဖြင့် ပေးပို့ လိုက်ပါသည်။

လေးစားစွာဖြင့်

အောင်ဆန်းမန်း

IAEA ဒါရိုက်တာဟောင်း ရောဘတ်ကယ်လီ၏ မြန်မာနျူကလီးယား

စီမံကိန်းအကြောင်း ဆောင်းပါး မြန်မာဘာသာပြန်

By ROBERT KELLEY

Published: 3 June 2010

ဘာသာပြန်သူ – အောင်ဆန်းမန်း

DVB ရဲ့ ၅နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများက မြန်မာနိုင်ငံရဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖေါ်ထုတ်နိုင်လိုက်ပါပြီ။ စုံစမ်း ထောက်လှမ်း တွေ့ရှိမှုများအတွက် အရေးပါသူ တစ်ဦးကတော့ ဒုံးလက်နက်နှင့် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်ပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူခဲ့သော၊ ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာစစ်အင်ဂျင်နီယာ ဗိုလ်မှူးစိုင်းသိန်းဝင်းပဲ ဖြစ်ပါသည်။

DVB ရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်းစုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ DVB ကို ဆက်သွယ် လာပြီး အထောက်အထား စာရွက်စာတမ်းများ၊ ရောင်စုံ ဓါတ်ပုံများကို ပေးအပ် ခဲ့ပါသည်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများ အတွက် ရုရှမှ လေ့ကျင့် သင်ကြားပေးနေသော အထောက်အထားများသာမက မြောက်ကိုရီးယား၏ ပါဝင်ဆက်နွှယ်မှုတို့ကိုပါ ဖော်ထုတ် ပေးနိုင်လိုက်ပါသည်။

ထိုအချက်အလက် အထောက်အထားများအား DVB နှင့်အတူ ပူးပေါင်း၍ လပေါင်းများစွာ လေ့လာခဲ့သူကတော့ IAEA မှာ ဒါရိုက်တာ အဖြစ် ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ်ကယ်လီပဲ ဖြစ်ပါသည်။ ဒေါက်တာကယ်လီသည် ဤအထူး ဆောင်းပါးတွင် မြန်မာစစ်အစိုးရ၏ နျူလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနို်င်သော နည်းပညာနှင့် ယူနေရီယမ် ရှာဖွေထုတ်လုပ်နေမှုများအကြောင်း ရေးသားထားပါသည်။

မြန်မာနိုင်ငံအတွင်းမှ အရေးပါသော သူတစ်ဦးဟာ အလွန်လျှို့ဝှက်လှသော နျူဆိုင်ရာ စီမံချက်များအကြောင်း ထုတ်ဖော်ဖို့ ပြည်တွင်းမှ ထွက်ခွာ လာခဲ့ပါသည်။ ထိုပုဂ္ဂိုလ်အား DVB မှ အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့ပြီး အချက်လက်များအား ကမာ္ဘကို ထုတ်ဖော် ဖွင့်ချလိုက်ပါပြီ။ ထိုအရေးပါသော ပုဂ္ဂိုလ်မှာ မကြာသေးခင်အထိ ပြည်တွင်းမှာ ဗိုလ်မှူးရာထူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သော စိုင်းသိန်းဝင်း ဖြစ်ပါသည်။ သူဟာ မြန်မာစစ်အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့ပါသည်။ သူဟာ မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ဒုံးပျံနှင့် နျူကလီးယား စီမံကိန်းများအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာ အထူးစက်ရုံများ တည်ဆောက်ခြင်း၊ ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ခေတ်မှီ စက်ကိရိယာများ ထားရှိရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။

ဗိုလ်မှူးစိုင်းဟာ သူနှင့်အတူ အဆိုပါ စက်ရုံများတွင် တည်ဆောက်ထားသော စက်ပစ္စည်းများ၏ ရောင်စုံဓါတ်ပုံများ၊ စာရွက်စာတမ်း အထောက်အထားများအား ယူဆောင်လာခဲ့ပါသည်။ DVB သည် ထိုအထောက်အထားများကို ကျွမ်းကျင်သူများအား ပြသကာ အသေးစိတ်စစ်ဆေးပြီး ကမာ္ဘအား ထုတ်ပြန် ကြေငြာရန် စီစဉ်ခဲ့ပါသည်။ အချို့သော ကျွမ်းကျင်သူများဟာ လေ့လာတွေ့ရှိချက်များ အပေါ်မှာ အတော်လေး ချိန်ချိန်ဆဆ ရှိကြပြီး အမျိုးမျိုး ကောက်ချက်ချမှုများ ရှိကြသလို အချို့ကတော့ ထိုအထောက်ထားများတွင် ပါဝင်သော ပစ္စည်းကိရိယာများဟာ နျူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုဖို့ ဖြစ်တယ် ဆိုတဲ့ ကျွန်ုပ်တို့၏ ကောက်ချက်အား အပြည့်အဝ သဘောတူချင်မှ တူပါလိမ့်မယ်။ မည်သို့ပင်ဆိုစေ ထိုကွဲပြားသော အမြင်များအား ကြိုဆိုပါသည်။ တချိန်တည်းမှာ ထိုကွဲပြားသော အမြင်များအပေါ် အခြေခံထားသော ထပ်လောင်း စစ်ဆေးတွေ့ရှိချက်ဟာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်နေတယ် ဆိုသော ကျွန်ုပ်တို့၏ အမြင်အား ပိုမိုခိုင်မာအောင် အားဖြည့်ပေးပါလိမ့်မယ်။ DVB မှာ လျှို့ဝှက် စက်ရုံများ၏ ဓါတ်ပုံများ ရာချီရှိနေသလို၊ မရေမတွက်နို်င်အောင် များပြားလှသော အခြားအချက်အလက်ရင်းမြစ်နှင့် အထောက်အထားများလဲ ရှိနေပါသည်။ သို့ပေမယ့် ဗိုလ်မှူးစိုင်း ပေးအပ်လာတဲ့ အထောက်အထားများနှင့် ဆက်စပ်သော နောက်ကြောင်း အချက်အလက်များကိုပဲ ဦးစားပေး ဖော်ပြသွားပါမည်။

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ အီရန်နိုင်ငံ၏ လျှို့ဝှက် နျူစီမံကိန်းများအကြောင်း အထောက်အထားများဟာ laptop documents များအနေဖြင့် ထွက်ပေါ်လာခဲ့ပါသည်။ ထိုအထောက်အထားများ၏ မူလရင်းမြစ်အား ရှင်းလင်းစွာ မသိရပေမယ့် ထိုကိစ္စသည် နိုင်ငံတကာတွင် အီရန်နိုင်ငံ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အကြီးအကျယ် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါသည်။ တစ်ဖက်တွင် ယခု ဗိုလ်မှူးစိုင်း ယူဆောင်လာသော အထောက်အထားနှင့် ဓါတ်ပုံများအရ အသုံးပြုထားသော စက်ပစ္စည်းများ မူလရင်းမြစ် ဘယ်ကလာသည်ဆိုမှာ ပေါ်လွင်သည့်အပြင်၊ အထောက်အထားများ ထွက်ပေါ်ရာ လမ်းကြောင်းကလဲ လုံးဝ ရှင်းလင်းလှပါသည်။ ထိုအထောက်အထား အချက်အလက်များအပေါ် နျူမပျံ့ပွားရေး လုပ်ဆောင်နေကြသော အဖွဲ့အစည်းများဟာ မည်သို့ရှုမြင်ကြမည်လဲ ဆိုသည်မှာ အလွန် စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ DVB မှ ရိုက်ကူးထုတ်လွှင့်သော မြန်မာစစ်အစိုးရ၏ အစုအပြုံလိုက်သေစေနိုင်သော လက်နက်များ ထုတ်လုပ်ရေး စီမံကိန်း မှတ်တမ်း ရုပ်ရှင်အား ကြည့်ရှုခဲ့ရပါသည်။ ထိုမှတ်တမ်း ရုပ်ရှင်ပါ စက်ရုံများထဲမှာ စက်ရုံ (၂) ခုမှာ သူတာဝန်ထမ်းဆောင်နေခဲ့ပြီး၊ ကမာ္ဘက သိသင့်သော အချက်အလက်များ ပိုမို လိုအပ်နေတယ် ဆိုတာကို ခံစားလာမိပါသည်။ ဒီလိုနဲ့ သူဘာတွေ တွေ့မြင်ခဲ့တယ်၊ ဘာတွေလုပ်ဖို့ ခိုင်းစေခဲ့ခြင်း ခံခဲ့ရတယ် ဆိုတာကို ဖွင့်ချဖို့ ထိုင်းနိုင်ငံဖက်ကို ထွက်ခွာလာခဲ့ပါသည်။ သူပြောပြတာတွေဟာ အခြား သူ့အရင်လူများ ပြောကြားထားခဲ့သမျှကို ဖြည့်စွက်ပေးရာ ရောက်တဲ့ အပြင် စစ်အစိုးရ ဘာတွေ ဆောက်လုပ် စီမံနေတယ် ဆိုတာကို ပြသထားတဲ့ ဓါတ်ပုံများနှင့် ပိုမိုခိုင်မာအောင် အားဖြည့်ထားပါသည်။ ထို့အပြင် သူတက်ရောက်ခဲ့ဖူးသော အထူးသရုပ်ပြ သင်တန်းများအကြောင်းလဲ ပြောပြနိုင်သလို နျူစီမံကိန်းနှင့် ပတ်သက်၍ သူတွေ့ဆုံခဲ့ဖူးသော သက်ဆိုင်သူများ၏ အမည် နာမများအားလဲ ပြောပြနိုင်ခဲ့ပါသည်။

စိုင်းသိန်းဝင်းဟာ အစ္စရေးနိုင်ငံရဲ့ လျှို့ဝှက် နျူလက်နက် ထုတ်လုပ်မှု စီမံကိန်းများအကြောင်း ဖွင့်ဟပြောဆိုခဲ့သူ Negev သဲကန္တာရ တွင်ရှိသော Dimona နျူစက်ရုံတွင် တာဝန်ထမ်းခဲ့သူ အစ္စရေး နည်းပညာရှင် Mordecai Vanunu အား ပြန်ပြောင်း အမှတ်ရစေပါသည်။ Vanunu ဟာ ထိုအချိန်က အစ္စရေး၏ လျှို့ဝှက် နျူစီမံကိန်း စက်ရုံများနှင့် ထုတ်လုပ်မှုများအား ဓါတ်ပုံများစွာ ရိုက်ကာ လန်ဒန်မြို့ အခြေစိုက် ဆန်းဒေးတိုင်းမ် သတင်းစာကြီးမှတစ်ဆင့် ၁၉၈၆ နှစ်တွင် ကမာ္ဘအား ဖွင့်ချခဲ့ပါသည်။ အစ္စရေးကတော့ နျူလက်နက်များ ရှိသည်ကို မဆိုထားနှင့် ထိုဓါတ်ပုံများတွင်ပါရှိသော စက်ရုံများ ရှိသည်ကိုပင် ဝန်မခံခဲ့ပါ။ ဒါပေမယ့် Vanunu ကတော့ အစ္စရေးအစိုးရ၏ ပြန်ပေးဆွဲမှုကို ခံလိုက်ပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချခြင်းကို ခံလိုက်ရပါသည်။ ဗိုလ်မှူးစိုင်းဟာလည်း အလားတူ သတင်းအချက်အလက်များကို ပေးအပ်ခဲ့သူ ဖြစ်ပါသည်။

ဗိုလ်မှူး စိုင်းဝင်းသိန်းဟာ ဘယ်လို စီမံကိန်းမှာ ပါဝင်ခဲ့ရသလဲ

သူဟာ ဒုံးပျံနှင့် နျူစီမံကိန်းများအတွက် နမူနာ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာမှာ ပါဝင်ခဲ့ရပါသည်။ သူဟာ အတွေ့အကြုံ ရှိသော စက်မှုအင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး စက်မှုပိုင်းဆိုင်ရာများကို အသေးစိတ် တိကျစွာ ပြောနိုင်ပါသည်။ သူဟာ ဒုံးပျံ နည်းပညာသင်ခဲ့သူ အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်နှင့်အညီ သူပြုလုပ်ခဲ့သည်ဆိုသော ဒုံးပျံ လောင်စာပန့်တွင် အသုံးပြုသော ပန်ကာဒလက်အကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည်။ သူပြောပြတဲ့ နျူစီမံကိန်းအကြောင်းဟာ သူပြတဲ့ ရောင်စုံဓါတ်ပုံများနှင့် မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်ရှိ နျူတပ်ရင်းအား (၂) ခေါက်သွားရောက်ခဲ့တဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါသည်။ နျူတပ်ရင်းဟာ နျူလက်နက် ထုတ်လုပ်တပ်ဆင်ရေး အဆောက်အအုံများ ဆောက်လုပ်ရန် တာဝန်ပေးခြင်း ခံထားရတဲ့ အဖွဲ့ ဖြစ်ပါသည်။ အဆိုပါ အဖွဲ့သည် နျူဓါတ်ပေါင်းဖို ဆောက်လုပ်ခြင်း၊ နျူသန့်စင်စက်ရုံများ ဆောက်လုပ်ခြင်းများ လုပ်ဆောင်ပါသည်။

DVB ၏ အတိုင်ပင်ခံ အဖွဲ့များကတော့ လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ နျူစီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်းမရှိသေးဟု ယူဆကြပါသည်။ နျူလက်နက်ထုတ်လုပ်ရာတွင် လိုအပ်သော လက်နက်ကုန်ကြမ်းပစ္စည်း ထောက်ပံ့ရေး စက်ရုံများအား တည်ဆောက်ရာတွင် ကျွမ်းကျင်မှု မလုံလောက်သေးပါ။ သို့သော် ဗိုလ်မှူးစိုင်းနှင့် အခြားသတင်းရင်းမြစ်များမှ အချက်အလက်များ အရ ဆိုလျှင် စစ်အစိုးရသည် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းထားပြီး ထို့အတွက် များစွာသော အရင်းအမြစ်များကို တိုးချဲ့ သုံးစွဲနေတာ ရှင်းလင်း လှပါသည်။

ဥရောပလုပ် စက်ပစ္စည်းများနှင့် စက်ရုံများ ဂျာမနီနှင့် အဆက်အသွယ်ရှိသော စင်ကာပူအခြေစိုက် Company (၂) ခုသည် မြန်မာနိုင်ငံ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း (DTVE) တွင် သုံးရန်ဟု ဆိုကာ စက်ပစ္စည်းများစွာအား ရောင်းချခဲ့ပါသည်။ ထိုသင်တန်းကျောင်းသည် သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အနျူမြူစွမ်းအင်ဌာန (DAE) နှင့် ဆက်စပ်နေပါသည်။ ထိုဆက်စပ်လျှက်ရှိသော ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်သော အချက်အလက်များ များစွာသိရှိထားပြီး ဖြစ်ပါသည်။ ထိုသင်တန်းကျောင်းသည် အစိုးရ၏ နျူ၊ ဓါတု၊ ဇီဝလက်နက်ထုတ်လုပ်ရေး၊ အထူးသဖြင့် ဒုံးလက်နက် စီမံကိန်းအတွက် လိုအပ်သည်များကို အမည်ခံ ဝယ်ပေးနေခြင်း ဖြစ်နိုင်ပါသည်။

ဂျာမန် အစိုးရသည် စက်ပစ္စည်းများ ရောင်းချရန် ခွင့်ပြုချိန်မှာ ထိုသင်တန်းကျောင်းနှင့် ပက်သတ်၍ တိကျရေရာသော အချက်အလက် မထားခဲ့ပါ။ ကံကောင်းသည်မှာ ထိုရောင်းချလိုက်သော စက်ပစ္စည်းများသည် အလွန်ဈေးကြီးပြီး စွမ်းအားမြင့်ပေသော်လည်း ဒုံးပျံနှင့် နျူဆိုင်ရာ ကိစ္စများတွင် အသုံးချနိုင်ရန်မူ အလွန် အသေးစိတ် တိကျမှုကို ပေးနိုင်သော အပိုဆောင်းပစ္စည်း အပြည့်အစုံ လိုအပ်ပြီး ထိုအပိုပစ္စည်းများသည် ယခုရောင်းမှုများတွင် မပါဝင်ပါ။ ထိုလျှို့ဝှက်စက်ရုံများသည် ယခုအထိတော့ အခြား သုတေသနဌာနများအတွက် လိုအပ်သော နမူနာအစိတ်အပိုင်းများ ပုံစံပြ မော်ဒယ်များကိုသာ အများစု ထုတ်လုပ်နေပါသည်။ ထိုစက်ရုံများသည် ထုတ်လုပ်ရေး စီမံချက်အရ နောက်ဆက်တွဲဆင့်ပွား အစိတ်အပိုင်းများကို မထုတ်လုပ်သေးသလို သူတို့ကိုယ်တိုင် သုတေသန ပြုထုတ်လုပ်ခြင်းမျိုးလည်း မလုပ်သေးပါ။

ရောင်းချလိုက်သော ကုမ္ပဏီကတော့ ထိုစက်ပစ္စည်းများသည် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများတွင် သုံးရန်သာဟု ယူဆ ထားသော်လည်း ဂျာမန်အစိုးရကတော့ သံသယရှိသဖြင့် ထိုစက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေသော အထူးစက်ရုံများအား သွားရောက်စစ်ဆေးရန် သံတမန် တစ်ဦးနှင့် ကျွမ်းကျင်သူတစ်ဦးအား စေလွှတ်ခဲ့ပါသည်။ အဆိုပါ ဂျာမန် ကျွမ်းကျင်သူသည် ထိုစက်ရုံ၏ အနီးတဝိုက်တွင် တက္ကသိုလ်များ၊ ကျောင်းသားများ မရှိနေခြင်း၊ ကျောင်းတွင် အမျိုးသမီးကျောင်းသူ မရှိခြင်းတို့ကို ထောက်ရှုကာ ထိုစက်ပစ္စည်းများအား သင်ကြားရေးတွင် သုံးနေသည် ဆိုသည့် အချက်အား သံသယဖြစ်သည်ဟု ဆိုပါသည်။ ထိုကျောင်းသားများသည် စစ်ယူနီဖောင်း ဝတ်ဆင်ထားခြင်းမရှိသည်ကိုလည်း သတိပြုမိခဲ့သည်။ ထိုဥရောပ အရာရှိများ လာစဉ်က အရပ်သား ဝတ်စုံဝတ်ထားကြသူများသည် အခြားအချိန်များတွင် ယူနီဖောင်းများ ဝတ်ထားကြသည်ကို DVB မှ စစ်ဆေး ထားသော ဓါတ်ပုံအထောက်အထားများအရသော်လည်းကောင်း ကျောင်းသားအချို့အား စစ်ဆေးမေးမြန်းချက်အရ သော်လည်းကောင်း သိရှိရပေသည်။

ဗိုလ်မှူးစိုင်းသည် ထိုဂျာမန်များ လာစဉ်က ရိုက်ကူးထားသော ပုံများနှင့် စက်ပစ္စည်းများ တပ်ဆင်စဉ်က ပုံများ စသည့် အလွန် မှတ်မိလွယ်သော ပုံများအား ပြသခဲ့ပါသည်။ ဤအချက်ဟာ ထိုအချိန်က ဗိုလ်မှူးစိုင်းသည် ထိုစက်ရုံတွင် ရှိနေခဲ့သည်ဆိုသော အချက်အား ခိုင်မာစေပါသည်။ ဂျာမန်အစိုးရ၏ နိုးကြားမှုရှိခြင်း၊ ထိုစက်ရုံများအား သွားရောက်စစ်ဆေးနိုင်ခြင်းတို့မှာလည်း အလွန် ကံကောင်းသည် ဟုဆိုရမည်ပင်။ စစ်အစိုးရကတော့ အမှန်ကို ပြောချင်မှ ပြောမှာ ဖြစ်ပေမဲ့ ထိုသွားရောက် စစ်ဆေးခြင်းသည် အမှန်တရားကို စစ်ကြောရာတွင် အလွန်အရေးပါလှပါသည်။

နျူတပ်ရင်းက တည်ဆောက်နေတဲ့ စက်ပစ္စည်းများ အကြောင်း

သပိတ်ကျင်း နျူတပ်ရင်းက တောင်းဆိုတဲ့ စက်ပစ္စည်းအစိတ်အပိုင်းများရဲ့ ဓါတ်ပုံအများအပြားကို ဗိုလ်မှူးစိုင်းက DVB အား ပြခဲ့ပါသည်။ ထိုပုံများအနက်မှာ အထင်ရှားဆုံးပုံတစ်ပုံကတော့ သပိတ်ကျင်း အခြေစိုက် အမှတ်(၁) သိပ္ပံနှင့်နည်းပညာ တပ်ရင်းမှ လျှို့ဝှက်မန်မိုဖြင့် ပြင်ဦးလွင်ရှိ အထူးစက်ရုံ(၁)သို့ တောင်းဆိုထားသော စက်အစိတ်ပိုင်းပုံ ဖြစ်ပါသည်။ ထိုအရာသည် အထူးပစ္စည်းထုတ်လုပ်ရေး သုတေသနဌာနက တောင်းဆိုသော bomb reactor ဖြစ်ပြီး လိုချင်သော ပုံစံအား ပုံကြမ်းရေးထားသည့် ဓါတ်ပုံများလည်း ပါဝင်ပါသည်။ နျူလက်နက် ထုတ်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသော bomb reactor သည် ယူရေနီယမ် ဒြပ်ပေါင်းအား နျူကလီးယား လောင်စာ (သို့မဟုတ်) နျူကလီးယားဗုံးလုပ်ရာတွင် လိုအပ်သော ယူရေနီယမ် သတ္တုအဖြစ် ပြောင်းလဲရာတွင် သုံးသော အထူး ကိရိယာ ဖြစ်ပါသည်။ ဓါတ်ပုံများနှင့် ပုံကြမ်းများက ဖေါ်ပြထားသော bomb reactor သည် ထိုသို့ ပြုလုပ်ရာတွင် သုံးသော ကိရိယာ အစိတ်အပိုင်းများ ဖြစ်ပြီး ထိုအထဲမှ တစ်ခုသည် မြင့်မားသော အပူချိန်တွင် အသုံးပြုနိုင်သော အရာမျိုး ဖြစ်သည်။ ထိုကိရိယာသည် သုတ်ဆေးများအား အပူပေးကာ ခွာထားပြီး လက်ရှိ အသုံးပြုနေပါသည်။ ဒီဇိုင်းကတော့ နိုင်ငံခြား တိုင်းပြည်တခုခုမှ မဟုတ်လျှင် ဗမာဒီဇိုင်း ဖြစ်နိုင်ပါသည်။ နျူတပ်ရင်းရဲ့ bomb reactor လိုအပ်မှုဟာ မြန်မာနိုင်ငံဟာ ယူရေနီယမ် သတ္တု ပြုလုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခိုင်မာလှသော သက်သေဖြစ်ပါသည်။ ယူရေနီယမ် သတ္တုကို ပလူတိုနီယံ ထုတ်လုပ်တဲ့ reactor မှာသုံးသည် ဖြစ်စေ၊ နျူကိရိယာ တခုခုမှာ သုံးသည် ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် ဒါဟာ လက်နက်များ ပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူနည်းပညာကို ရရှိနိုင်ရန် အားထုတ်နေတဲ့ အချက်ပဲ ဖြစ်ပါသည်။

ဗိုလ်မှူးစိုင်းရဲ့ ပုံတွေထဲမှာ ယူရေနီယမ် သန့်စင်ရာမှာ အသုံးပြုတဲ့ uranium hexafluoride gas စတဲ့ ယူရေနီယမ် ဒြပ်ပေါင်းများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုအင်ဂျင်နီယာဆိုင်ရာ စက်ပစ္စည်းများလည်း ပါဝင်နေပါသည်။ ယူရေနီယမ် isotope များကို ဗုံးပြုလုပ်ရာမှာသုံးတဲ့ ပစ္စည်းများ အဖြစ် ခွဲခြမ်းနိုင်သော အဆင့်မြင့် လေဆာ ကိရိယာများမှာ သုံးသော နော်ဇယ်ခေါင်းများလည်း သူပြတဲ့အထဲမှာ ပါဝင်ပါသည်။ ထို့အပြင် Glove box လို့ခေါ်တဲ့ ဓါတ်သတ္တိကြွပစ္စည်းများ ရောမွှေရာတွင် သုံးသော ကိရိယာနှင့် ယူရေနီယမ် ဒြပ်ပေါင်းများ ပြုလုပ်ရာတွင် သုံးသော လုံခွက် (furnaces) များလဲ ပုံတွေထဲမှာ ပါဝင်သည်။ ဒီပစ္စည်းများဟာ အခြား နေရာတွင်လဲ အသုံးပြုနိုင်တယ် ဆိုပေမဲ့ နျူတပ်ရင်းမှာ လုပ်ဆောင်နေသည့် အရာများနှင့် ဆက်စပ် ကောက်ချက်ချရလျှင် နျူလက်နက် စီမံကိန်းမှလွဲ၍ အခြား ဖြစ်နိုင်စရာ မရှိပေ။

စစ်အစိုးရဟာ ပလူတိုနီယမ်ကို နျူဗုံးပြုလုပ်နိုင်ဖို့ nuclear reactor တစ်ခု တည်ဆောက်နေတဲ့အကြောင်း ဗိုလ်မှူးစိုင်းကို ပြောပြပါတယ်တဲ့။ ဒီအချက်နဲ့ အံဝင်စေတာကတော့ control rod လို့ခေါ်တဲ့ reactor ရဲ့ အစိတ်အပိုင်းတစ်ခုအကြောင်း သရုပ်ပြပွဲတခုကို သူကိုယ်တိုင် တွေ့ခဲ့ရတာပါပဲ။ သူ့ကို ပြောပြတာကတော့ အခုအစိုးရဟာ ယူရေနီယမ်ကို သန့်စင်ပြီး ဗုံးလုပ်ဖို့ စီမံကိန်းချထားသည်။ ယူရေနီယမ် သန့်စင်တဲ့ နည်းလမ်းတွေမှာ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကာဗွန်မိုနော့ဆိုက် လေဆာအကြောင်း သရုပ်ပြတာလဲ သူကြည့်ရှုခဲ့ရဖူးပါသည်။ သူသပိတ်ကျင်းမှာတွေ့ခဲ့ ကြားဖူးခဲ့တဲ့ သူအပေါင်းအသင်းရဲ့ နာမည်တွေကို ပြောပြတော့ ထိုအထဲမှာ နာမည်အချို့ဟာ မြန်မာအနျူမြူစွမ်းအင်ဌာန (DAE) မှာ လုပ်ကိုင်နေကြသူများ ဖြစ်နေကြပါသည်။ ထိုအထဲမှ အများစုဟာ IAEA ထောက်ပံ့မှုနဲ့ ပြုလုပ်တဲ့ ထရိန်နင်များ တက်ရောက်ခဲ့ဖူးကြသူများ ဖြစ်ကြပါသည်။ ဗိုလ်မှူးစိုင်း ကိုယ်တိုင်ဟာလဲ ကာဗွန်မိုနော့ဆိုက် လေဆာအတွက် နော်ဇယ်ပြုလုပ်ရာမှာ တာဝန်ယူခဲ့ရဖူးပါသည်။ သူဟာ ဓါတုဗေဒ အင်ဂျင်နီယာပညာအကြောင်း သိပ်မသိတဲ့အတွက် ပုံတွင်ပါရှိသော ထိုဌာနမှ အသုံးပြုနေသော ကိရိယာများအကြောင်း ကျွန်ုပ်တို့ အကဲဖြတ်သိရှိနိုင်သလောက် သူမသိပေမယ့် အချုပ်အားဖြင့် သူ့ပြောပြချက်များဟာ အလွန် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ သူမြင်တွေ့ခဲ့သော သရုပ်ပြမှု၊ သင်ကြားရှင်းလင်းမှုများဟာ အကြမ်းဖျဉ်း သိပ်ကျလွန်းတာလည်း ထင်ရှားလှပါသည်။ အကယ်၍ ထိုအဆင့်သည် မြန်မာတို့ အကောင်းဆုံးလုပ်နိုင်တဲ့ အဆင့်ဆိုလျှင် သူတို့ မျှော်မှန်းချက်ရောက်ဖို့ အတော်ပင် လိုသေးသည်ဟု ပြောရမည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ပြောပြချက်များ အပေါ် သုံးသပ်ချက်

သူဟာ အဆင့်မြင့် ခေတ်မှီစက်ပစ္စည်းများအကြောင်း ကောင်းကောင်းသိသူ အတွေ့အကြုံရှိသူ စက်မှုအင်ဂျင်နီယာ တစ်ယောက် ဖြစ်ပါသည်။ ထိုစက်ပစ္စည်းများဟာ နျူစီမံကိန်းနှင့် ဒုံးပျံများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော အလွန်တိကျသော စက်အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုုနိုင်ပါသည်။

သူဟာ နျူကျွမ်းကျင်သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကိုဘာအတွက် ဘယ်လိုဟာတွေ ထုတ်လုပ်ပေးပါဟု ပြောကာ လုပ်ခိုင်းသည့် အရာများက လွဲ၍ ကျန်သောအရာများအကြောင်း သူသိပ်မပြောနိုင်ပါ။ ဒါပေမယ့် သူတင်ပြလာတဲ့ ပုံများတွင် ပါသည့်အရာများကတော့ နျူလက်နက် ထုတ်လုပ်ရာတွင် ပလူတိုနီယမ်ဒြပ်ပေါင်းများကို လက်နက်ထုတ်လုပ်နိုင်သည့် အရာများသို့ ပြောင်းလဲသည့်နေရာများတွင် သုံးနိုင်သည့် အရာများ ဖြစ်နေတာတော့ အသေအချာပါ။ ထိုဓါတ်ပုံများနှင့် သူ့ပြောဆိုချက်များဟာ အတုအယောင်ဖြစ်သည်ပဲ ဆိုပါအုံး၊ ထိုအရာများဟာ သူထောက်ပြတဲ့ အသုံးပြုမှုများနှင့် အံဝင်ခွင်ကျ ဖြစ်နေတာ တွေ့ရပါသည်။ သူဟာ စစ်အင်ဂျင်နီယာဘွဲ့ရပြီး ရုရှနိုင်ငံ၊ မော်စကိုရှိ နာမည်ကျော် Bauman Institute တွင် Missile နည်းပညာ ဆက်လက် သင်ကြားခဲ့ပါသည်။ ထိုအထောက်အထားအားလုံး သူပြနိုင်ပါသည်။ သူ့ရဲ့သူငယ်ချင်းများဟာလဲ Moscow Institute of Engineering Physics နဲ့ Mendeleev Institute of Chemical Technology (MIFI) စတဲ့ ကျောင်းတွေမှာ နျူကလီးယားနှင့် ဓါတုအင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားခဲ့ကြပါသည်။ MIFI ဟာ ဆိုဗီယက် နျူကလီးယား လက်နက် ဒီဇိုင်းနာများကို လေ့ကျင့်မွေးထုတ်ပေးရာ အဓိက ကျောင်းကြီး ဖြစ်ပါသည်။ ထိုကျောင်းမှ ဓါတုနည်းပညာများ သင်ကြားလာသူများဟာ ဗိုလ်မှူးစိုင်း သိသလောက် အဓိကကျတဲ့ စက်ကိရိယာများ တည်ဆောက် တပ်ဆင်ရာတွင် အဓိက အရေးပါမည့်သူများ ဖြစ်နိုင်ခြေ ရှိပါသည်။

မြန်မာပြည်ရဲ့ နျူကလီးယား reactor နဲ့ ပတ်သက်လို့ တင်ပြချက်

ဒါနဲ့ ပတ်သက်လို့တော့ ခန့်မှန်း ပြောဆိုချက် အမျိုးမျိုး ရှိပါသည်။ သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှာ (၁၀) မီဂါဝပ်အားရှိ သုတေသနသုံး reactor တစ်လုံး ဆောက်ဖို့ ရုရှနဲ့ မြန်မာ သဘောတူခဲ့တာကတော့ ရှင်းလင်းစွာ သိကြပါသည်။ ဒီသဘောတူကြီချက်ကို ဖုံးကွယ်မထားပဲ (၂၀၀၈) ခုနှစ်လောက်မှာမှ ရုရှက တည်ဆောက်ရန် ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ထားပါသည်။ အဲဒီ reactor ဟာ အခုထိ မတည်ဆောက်ရသေးသလို IAEA ရဲ့ အထူး သဘောတူညီချက် များအား မြန်မာဖက်မှ လက်မှတ် မထိုးမချင်း ရုရှမှ တည်ဆောက်ပေးမည့် အရိပ်အယောင်လဲ မရှိပါ။ ထိုသဘောတူညီချက်အား မြန်မာဖက်မှ လက်မှတ် ထိုးမည့်ပုံလဲ မရှိပါ။ အဘယ့်ကြောင့်ဆိုသော လက်မှတ်ထိုး သဘောတူလိုက်သည်နှင့် သူတို့ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေသော စီမံကိန်းများအား IAEA မှ ဝင်ရောက် စစ်ဆေးခွင့် ရရှိသွားမှာကြောင့်ပဲ ဖြစ်ပါသည်။

ဒါ့အပြင် ထို (၁၀) မီဂါဝပ် reactor ဆိုသည်မှာ နျူလက်နက် မပျံ့ပွားရေး အတွက် စိုးရိမ်စရာ မရှိလောက်အောင် သေးငယ်တဲ့ အတိုင်းအတာ ဖြစ်ပြီး ကမာ္ဘ့နိုင်ငံအများမှာ ပုံမှန်လိုပဲ ရှိနေကြပါသည်။ ထို reactor များကို နျူဆိုင်ရာ ပညာရပ်များ သင်ကြားရေးအတွက် အသုံးပြုနိုင်ပြီး၊ လက်နက် ထုတ်လုပ်နိုင်သည်အထိ လိုအပ်တဲ့ ပလူတိုနီယမ် ပမာဏကို အလွယ်တကူနှင့် ချက်ချင်း ထုတ်လုပ်နိုင်ရန်အတွက် အသုံးမပြုနိုင်ပါ။ IAEA မှာ ဘယ်လို reactors မျိုးဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ သင့်တော်သည်ဟု သတ်မှတ်ရန် စံနှုန်းထားများ ရှိပါသည်။ အဆိုပါ (၁၀) မီဂါဝပ် reactor ဟာ ထိုစံနှုန်းများ အောက်မှာ ရှိပါသည်။ ထိုအရွယ်အစားသည် နျူဆိုင်ရာ သင်ကြားရေးနှင့် ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရာတွင်သာ အသုံးဝင်ပါသည်။ ကမာ္ဘတဝှမ်းမှာ အဆိုပါ reactor များကို ဒေသတွင်း ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရေးအတွက်သာ အဓိကသုံးကြပါသည်။ အထက်ပါ အချက်များကြောင့် မြန်မာဟာ ရုရှထံမှ 10MW reactor ဝယ်ယူထားသည်ဆိုသည့် သတင်းမမှန်သကဲ့သို့ ဗုံးစီမံကိန်းအတွက် သူတို့ဖာသာ သူတို့အလားတူ စက်ရုံမျိုး တည်ဆောက်နေတယ်ဆိုတဲ့ သတင်းဟာလဲ အဓိပ္ပါယ် ကင်းမဲ့ပါသည်။

ဖြစ်နိုင်တာကတော့ အစ္စရေးက ဖျက်ဆီးလိုက်တဲ့ ဆီးရီးယားရဲ့ reactor လို ပိုပြီးကြီးတဲ့ဟာမျိုး တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အမြင်က ဖြစ်နိုင်ချေ ရှိပြီး ပိုမို စိတ်ဝင်စားဖွယ် ကောင်းပါသည်။ အဲဒီ reactor ဟာ မြောက်ကိုရီးယားက ယွန်ဗြောင်း (Yongbyon) ဒေသမှာ တည်ဆောက်ထားတဲ့ 25MW အားရှိ ပလူတိုနီယမ် ထုတ်နိုင်သော အဆင့်ရှိတဲ့ဟာမျိုး ဖြစ်ဖွယ်ရှိပါသည်။ မြောက်ကိုရီးယားဟာ ဆီးရီးယားလို ဖောက်သည် နိုင်ငံမျိုးတွေကို နျူနည်းပညာနဲ့ ပတ်သက်ပြီး အကူအညီ ပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ နျူစီမံကိန်းတွေ အကြောင်း စဉ်းစားရာမှာ စိုးရိမ်ဖွယ်ရာ အချက်အဖြစ် ထည့်သွင်းရပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ တာလတ်ပစ် ဒုံးပျံများ တည်ဆောက်ရာမှာ အကူအညီပေးမယ်ဆိုတဲ့ စစ်ရေးဆိုင်ရာ သဘောတူညီချက် ရှိပေမယ့် နျူလက်နက် စီမံကိန်းနဲ့ ပတ်သက်ရင်တော့ မြောက်ကိုရီးယား ဘယ်လောက်ပါဝင်ပတ်သက်နေသလဲ ဆိုတာ ခန့်မှန်း ပြောဆိုရတဲ့ အဆင့်ပဲ ရှိနေသေးသည်။

မြန်မာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေသလား

မြန်မာအနေနဲ့ အရေးကြီးဆုံးသော အချက်မှာ IAEA နှင့် သဘောတူညီချက်အား လိုက်နာခြင်းပင် ဖြစ်ပါသည်။ ၁၉၉၅ မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေ စံနှုန်း သဘောတူညီချက်များကို လိုက်နာသောအားဖြင့် နျူလက်နက်များရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ်ထိုးထားခဲ့ပါသည်။ ထိုသဘောတူညီချက်အား ဖြည့်စွက်ချက် ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံတွင် နျူဆိုင်ရာ အဆောက်အအုံပစ္စည်း လုံးဝ မရှိပါဟု ကြေငြာခဲ့ပါသည်။ IAEA မှ လက်ခံခဲ့သော ထိုကြေငြာချက်အရ မြန်မာပြည်တွင် နျူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝ မရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့အနေဖြင့် IAEA မှပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံဖြစ်သောကြောင့် အခါအားလျော်စွာ IAEA မှ သွားရောက်ခြင်းများ ရှိပါသည်။ ထို grant money မှ အချို့အား မြန်မာ နျူသိပ္ပံပညာရှင်များအား နျူပစ္စည်းများ ထုတ်လုပ်နိုင်ရန် လေ့ကျင့်ပေးမှုများတွင် သုံးသော်လည်း ထိုငွေသည် grant money ၏ အနည်းစုသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အာမခံပြောကြားချက်များအရ ၎င်းတို့ထံတွင် နျူထုတ်လုပ်နိုင်သည့် အဆောက်အအုံပစ္စည်းကိရိယာ မရှိ နျူကုန်ကြမ်းအနည်းငယ်သာရှိပြီး လက်ရှိအခြေအနေမှ ပြောင်းလဲဖို့ အစီအစဉ် မရှိသေးပါ ဟူ၍ ဖြစ်သည်။ ဗိုလ်မှူးစိုင်း၏ အထောက်အထားများအရ ဆိုလျှင် ယူရေနီယမ်များတူးဖော်နေခြင်း တူးဖော်ရရှိသည်များကို reactors နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူဗုံးပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန် ကြိုးစားနေခြင်း စသည်တို့ကို တွေ့ရှိရပါသည်။ ထိုလုပ်ဆောင်ချက်များဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်၍ ဆောက်လုပ်ပါသည်ဟုလဲ လုံလောက်သော ဆင်ခြေပေးရန် မဖြစ်နိုင်ပါ။ ထိုလုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံ၏ လက်ရှိ နည်းပညာအားဖြင့် အလှမ်းဝေးသော အရာများ ဖြစ်ပါသည်။ အခြေအနေများ ပြောင်းလဲသွားပြီဆိုလျှင် IAEA ကို အကြောင်းကြားရမှာက မြန်မာနိုင်ငံ၏ တာဝန်သာ ဖြစ်ပါသည်။ သေချာတာကတော့ သူတို့သာ လျှို့ဝှက်စွာနဲ့ ဗုံးထုတ်လုပ်နိုင်ရန် ကြိုးစားနေလျှင်၊ သဘောတူညီချက်ကို ဖောက်ဖျက်နေသည် ဆိုလျှင်၊ IAEA ကို မိမိဆန္ဒအလျောက် အကြေားကြားမည် မဟုတ်ပါ။

မြန်မာဟာ စင်ကာပူရှိ ပွဲစားများမှ တစ်ဆင့် လက်နက်များ ထုတ်လုပ်ရာတွင် သုံးနိုင်သော အဆင့်မြင့် ဂျာမန်လုပ် စက်ပစ္စည်းများကို ဝယ်ယူခဲ့ခြင်း၊ ထိုစက်များဟာ အရွယ်အစားအားဖြင့် အရည်အသွေးအားဖြင့် ဝယ်ယူစဉ်က ခေါင်းစဉ်အဖြစ် သုံးခဲ့သော သင်ကြားရေးနှင့် လားလားမျှ မအပ်စပ်သော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိခြင်း၊ ထိုစက်များကို အမည်ခံကာ ဝယ်ယူခဲ့သော သင်ကြားရေးဌာနသည် မြန်မာ အနျူမြူစွမ်းအင်ဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ဆက်စပ်နေခြင်း၊ အဆိုပါ အရာများအား ထောက်ရှု၍ ထိုဌာနများ၊ စီမံကိန်းများနှင့် သက်ဆိုင်သူ အပေါင်းတို့အား လက်နက် ထုတ်လုပ်နိုင်သော ပစ္စည်းများ မဝယ်ယူနိုင်အောင် ပိတ်ဆို့ တားဆီးခြင်းများ ပြုလုပ်သင့်ပေသည်။

What is the state of Burma’s nuclear program?

ကျွန်ုပ်တို့ဟာ ဗိုလ်မှူးစိုင်း ယူလာသော နျူစီမံကိန်း အထောက်ထားများ၊ ဓါတ်ပုံများအား အသေအချာ လေ့လာခဲ့ကြပါသည်။ သူတို့တွေ တွင်ဖောက်ထားတဲ့ စက်ပစ္စည်း အစိတ်ပိုင်းများရဲ့ အရည်အသွေးဟာ ညံ့ဖျင်းပါသည်။ ဒီအစိတ်အပိုင်းတွေ ထုတ်ဖို့သုံးတဲ့ ဆွဲထားတဲ့ ပုံများဟာလဲ အတော်လေး ဆိုးပါသည်။ တကယ်သာ နျူလက်နက်ထုတ်ဖို့ စီမံနေတယ်ဆိုရင် အလွန် ရှုပ်ထွေးတိကျလှတဲ့ စက်များ လိုအပ်မှာဖြစ်တဲ့အတွက် အဲဒီရှုထောင့်က ကြည့်ရင်တော့ မြန်မာပြည်ဟာ အဆင်သင့် မဖြစ်သေးပါဘူး။ ဖြစ်နိုင်ချေကတော့ ဗိုလ်မှူးစိုင်းရဲ့ အချက်အလက်တွေထဲမှာ မပြည့်စုံတာတွေ ရှိကောင်းရှိနိုင်သည်၊ ဒါမှမဟုတ်လဲ မြန်မာပြည်ဟာ အခုမှ ပွဲစရုံပဲရှိသေးတဲ့ အခြေအနေ ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် အခု တွေ့မိသလောက် စက်ပစ္စည်းနဲ့ လိုအပ်သော ပစ္စည်းများ အခြေအနေအရ သူတို့ အောင်မြင် အောင်လုပ်နိုင်ဖို့တော့ အလှမ်း ဝေးနေပါသေးသည်။

ဒါပေမယ့် သူတို့မျှော်မှန်းချက်က အရေးအပါဆုံးပါ။ သူတို့ဟာ ယူရေနီယမ်တွေ တူးဖော်နေပါသည်၊ တူးဖောက်ရတာတွေကို ဓါတုဗေဒ နည်းတွေနဲ့ အဆင့်မြှင့် သန့်စင်နေသည်။ သူတို့ဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ နျူကလီးယား reactor၊ ဗုံးလုပ်နိုင်ဖို့ ယူရေနီယမ် သန့်စင်ရေး စက်ရုံတွေ ဆောက်နေပါသည်။ ဒီလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ IAEA နဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါသည်။ အကယ်၍ သူတို့ရဲ့ တရားမဝင် စီမံကိန်းတွေ မအောင်မြင်သေးရင်တောင် အခု သူတို့လုပ်နေတာတွေဟာ နျူလက်နက် မပျံ့ပွားရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ပွဲဆူသွားစေနိုင်ပါသည်။ IAEA ဟာ မြန်မာအစိုးရကို မေးမြန်းသင့်ပါသည်။ ဤစွပ်စွဲချက်တွေသာ အမှန်ဖြစ်လာရင် နောက်ဆက်တွဲ မေးခွန်းတွေ၊ လေ့လာစုံစမ်းမှုတွေ လုပ်ရပါမယ်။ ဒါပေမယ့် ဤကြိုးပမ်းချက်တွေဟာ မြန်မာပြည်က နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ် မထိုးလျှင် လုပ်ဆောင်နိုင်ဖို့ မလွယ်ပါ။ IAEA မှာ မြန်မာနိုင်ငံကို စစ်ဆေးရန် အခွင့်အာဏာရှိမည် မဟုတ်ပါ။

မြန်မာဟာ မြောက်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်အရ တာလတ်ပစ် စကဒ်ဒုံးကျည်များကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ဖို့ ကြိုးစားနေပါသည်။ ထိုစကဒ် ဒုံးကျည်များဟာ မြန်မာလုပ် နျူထိပ်ခေါင်းများ သယ်ဆောင်ဖို့တော့ ဖြစ်နိုင်မယ် မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကနဦး နျူထိပ်ဖူးများဟာ စကဒ်ဒုံးကျည်တွင် တပ်ဆင်ရန် အလွန်မှလေးလံသောကြောင့် ဖြစ်ပါသည်။ ဒါပေမယ့် ထိုစကဒ်ဒုံးကျည်များတွင် တပ်ဆင်ဖို့ရာထက် အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်နိုင်ဖို့က အဓိက ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ကို အုပ်စိုးနေသူများဟာ နိုင်ငံရေး အတွေးအခေါ်ထက် လောဘများသာ ရှိကြတဲ့သူတစ်စု ဖြစ်ပါသည်။ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ ရင်းမြစ်များဖြစ်တဲ့ ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း၊ အခြား ဓါတ်သတ္တုများနှင့် ပြည်သူတို့ လုပ်အားစတာတွေကို လူတစ်စုကောင်းစားရေးအတွက်ပဲ ဦးစားပေးလုပ်နေသူတွေ ဖြစ်ပါသည်။ သူတို့ရဲ့ နည်းပေးလမ်းပြဆရာ မြောက်ကိုရီးယားလိုပဲ မြန်မာစစ်အစိုးရရဲ့ နျူရည်မှန်းချက်ဟာ နိုင်ငံရပ်ခြားမှ ကျူးကျော် နှောက်ယှက်မှုများကို နျူပိုင်ဆိုင်ခြင်း ဟူသည့် ဒိုင်းဖြင့် အကာအကွယ် ယူကာ သူတို့ အတွက် လုံခြုံနေရေးပင် ဖြစ်ပါသည်။

Kelley, 63, a former Los Alamos weapons scientist, was an IAEA director from 1992 to 1993, and again from 2001 to 2005. Based in Vienna, Austria, he conducted weapons inspections in Libya, Iraq, and South Africa, and compliance inspections in Egypt, Turkey, South Korea, Taiwan, Syria, Tanzania, Pakistan, India, and Congo, among others.

ဘာသာပြန်ကြားချက်အား www.photayokeking.org မှ ပြန်လည် တင်ဆက် ဖော်ပြပေးပါသည်။

ဘာသာပြန်- အောင်ဆန်းမန်း

အကယ်၍ မူရင်းဆောင်းပါးပါ အချက်အလက်များနှင့် ကွဲလွဲပါက ကျနော်၏ ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။

6 comments

  • yannaingech

    June 5, 2010 at 7:12 am

    DTVE မှာ Department of Technical and Vocational Education ဖြစ်ပြီး စက်မှုနှင့်သက်မွေးပညာဦးစီးဌာန ဟုခေါ်ပါသည်။ DAE မှာ Department of Atomic Energy ဖြစ်ပြီး အနုမြူစွမ်းအင်ဦးစီးဌာနဟုခေါ်ပါသည်။ ၎င်းတို့မှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှစ်ခုဖြစ်ပါသည်။

  • chitsayar

    June 5, 2010 at 3:39 pm

    thank u very very very much

  • darkoosky

    June 8, 2010 at 9:10 am

    is Lieutenant Sai is a government spy or information deployer to the international areas for attention purpose. What the reason did he open this to the media. Is he a real military person or not.. It is just questioning my self.. Please find out more deepest information..
    for clear

    anyway thank bya.. if it is real..

  • winne

    July 28, 2010 at 11:45 am

    မြန်မာ နိုင်ငံကြီး လျှပ်စစ်မီး ရရင်တော့ ကောင်းမယ် အဲဒီလို အကျိုးတွေ ဘက်ကိုပြောင်းသွားပါစေ။ ဒါမှ ထုတ်ကုန်စွမ်းအားတွေ တက်လာပြီး တခြားနိုင်ငံဘက်ကို အားကိုးပြီးတော့ ဝယ်သုံးနေရတဲ့ ပစ္စည်းတွေကို လျော့ ဝယ်ရမယ်ဆိုရင် စရိတ်တွေ တော်တော် သက်သာသွားမှာ ပြည်တွင်း လုပ်သားတွေလည်း ဝင်ငွေ အဆင်ပြေမယ် တခြားဘက်မှာလည်း အလုပ်အကိုင် အားကိုးရတာလည်း နဲသွားမယ်

  • unclegyi1974

    September 2, 2010 at 12:13 pm

    လျှပ်စစ်မီးရဖို့ဆိုတဲ့ရည်ရွယ်ချက်သေးသေးလေးလောက်တော့မဟုတ်ဘူးနဲ့တူ
    တယ်၊

  • mG

    September 8, 2010 at 11:41 am

    ဟဲ ဟဲ…..။ကောင်းတာပေါ့ဗျ။မြန်မာမှာလည်း Nuclear ဆိုတာပေါ်လာတာဆိုတော့ အစဉ်ပြေသွားတာပေါ့။ဒါပေမဲ့လေ မရောင်းစားနဲ့နော်။ကျွန်တော်တို့တွေ
    အားလုံး ဂုဏ်ယူချင်သေးတယ်။

Leave a Reply