ခွေးတစ်ကောင်ရဲ့ခံစားချက်

တောထဲမှာ သားကောင်ငယ်တွေရှားပါးတော့ ပုံမှန်ရှာဖွေ စားသောက် ဖို့ရာအခက်အခဲဖြစ်လာတဲ့အခါ ကျားတစ်ကောင်ဟာ တောနဲ့ကပ်လျက် ရွာတစ်ရွာထဲက နွားပေါက်ကလေးကို ၀င်ဆွဲပြီးစားတယ်။ ဒီလိုစားရတာလဲ တစ်ကြိမ်တည်းမဟုတ်ပါဘူး။ အခြေအနေ ပေးရင်ပေးသလို အကြိမ်ကြိမ် သွားပြီး ဆွဲစားခဲ့တာပါ။  နွားပေါက်လေးကို ရွာနောက်ဖက်တောစပ်ကိုဆွဲသွားပြီး ပေါင်သား၊ လက်ပြင်သားနဲ့ အသားကောင်းတွေကို စား၊ ကျန်တာတွေကို ထားပြီး မိုးမလင်းခင်တောထဲပြန်ဝင်သွားပါတယ်။ ကျန်တဲ့ နံရိုး တွေ နဲ့လက်တွေခြေတွေ ကို တောခွေးတစ်အုပ်က ၀ိုင်းတုတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ အသားနဲ့ အရွတ် အကြောအနည်းငယ်ကျန်တဲ့ အရိုးတွေကို တော့ သိန်းငှက်တစ်ကောင်က ရွာနဲ့ ကပ်လျှက်သင်္ချိုင်းအနီးကကုက္ကိုပင်ကြီးတစ်ပင်ကို ချီယူလာပြီး စားပါတယ်။ သစ်ပင်ရဲ့အောက်မှာတော့ ခွေးတစ်ကောင်ဟာ စောင့်ကြောင့်ထိုင်ရင် အပင်ပေါ်က သိမ်းငှက် ကိုမော့ကြည့်ရင်း ပါးစပ်ကိုဟ၊ လျှာလေးတစ်လစ်ထုပ်ပြီး သွားရေတမျှားမျှားနဲ့ စောင့်မျှော်နေပါတယ်။ မကြာခင်မှာ သိမ်းငှက်ဟာ သူစားပြီးသားအရိုးကိုလွှတ်ချပြီး နောက်အရိုးတစ်ချောင်းသွားယူလာမှာကိုသူသိနေတယ်လေ။

ဒီကနေ့တော့ သိန်းငှက်ဟာ သူချီယူလာတဲ့အရိုးက အသားစတွေကို ခွာစားလို့ မကုန်ခင်မှာ မတော်တဆ အောက်ကို ပြုတ်ကျသွားတယ်။ ဒါကိုခွေးက အောက်ကနေလှမ်းဟပ်လိုက်ပြီး အငမ်းမရ ဂျိုးဂျိုးဂျွတ်ဂျွတ်၊ ဂိုးဂိုးဂွပ်ဂွပ်နဲ့ ၀ါးပါတော့တယ်။ အရင်ကလည်းဒီလိုဝါးနေကြပါ။ သိန်းငှက်က ဒါကိုဂရုမစိုက်ပါဘူး။ ဒီနေ့တော့ သိန်းငှက်က သူ့ပါးစပ်ဝက ထွက်ကျသွားတော့ စိတ်တိုတိုနဲ့ အပေါ်ကနေ လှမ်းပြောပါတယ်။

“ဂီး ဂီး…..ဂစ်ဂစ်ဂစ်…….ဂီး  ဂစ်ဂစ်……..ဂီးဂီး……”

“မင်းတို့ခွေးတွေဟာလေ အစာလေးတစ်ခုရရင် အိနြေ္ဒရရမစားနိုင်ဘူး၊ အသံအရမ်းထွက်တာပဲ—-

” ငါအပေါ်က ပစ်ချသမျှကို မလွတ်တမ်း စောင့်ပြီးစားနေတာတောင် ၊ အမြဲတမ်း သွားရေတမျှားမျှားနဲ့ စောင့်နေသေးတယ်၊ ဘယ်လောက်စားရစားရ ၀တယ်လို့ကိုမရှိနိုင်ဘူး——

“နောက်ပြီး တစ်ခါတစ်လေ တစ်ကောင်နဲ့တစ်ကောင် လုယက်စားကြလို့၊ဟိုးလေးတစ်ကြော်ဖြစ်သေးတယ်——

 

“ဒီကြားထဲ ကြက်ပေါက်စ၊ဘဲပေါက်စလေးတွေလဲ သွားဆွဲစားသေးတယ်။သတိလဲထားကြဦး၊ အခုကအရင်လိုမဟုတ်တော့ဘူး၊ ရွာထဲကလူတွေမှာ မင်းတို့ကို ရိုက်ဖို့ တုတ်တွေ၊ လှံတွေရနေကြပြီ၊မင်းတို့ ကိုရိုက်ဖို့နှက်ဖို့ အဆင်သင့် စောင့်နေကြပြီ၊အသားစားတဲ့သူက တိုးတိုးတိတ်တိတ်စားသွားပြီ၊ အရိုးကိုက်တဲ့မင်းတို့ အရိုက်ခံရပြီး မသေချင်ကြနဲ့ —-

“ဟွန်း အသုံးမကျ၊ အပါးအနပ်မရှိတဲ့ကောင်တွေ ကိုယ့်အန္တရာယ်လဲ ကိုယ်ကြည့်ရှောင်ကြဦး”

ဒီအခါမှာခွေးက အစပိုင်းမှာတော့ခပ်ထံထံလေးဟောင်လိုက်ပြီး နောက်ပိုင်းမှာမျက်နှာသေလေးနဲ့ ၊အသံပျော့လေးနဲ့ တုန့်ပြန်ပြောလိုက်ပါတယ်။

“၀ုတ်  ၀ုတ်…..၀ုဝု ၊ အု.. ၀ူ……အီ……အီ……အီ……အီ……..”

“ဘာကွ၊ အိနြေ္ဒရရမစားနိုင်ဘူး……အသံထွက်တယ်၊ဟုတ်လား၊

မင်းအပေါ်ကပစ်ချပေးလိုက်တာ အရိုးလေကွာ….အရိုး….၊ငါတို့က အရိုးကိုကိုက်ရတော့ အသံထွက်မှာပေါ့ကွ——–

“မင်းပစ်ချသမျှ အမြဲ စားနေရတာတောင် ၀တယ်မရှိဘူး၊အမြဲတမ်းစောင့်နေတာပဲ….ဟုတ်လား——-

“မင်းစဉ်းစားကြည့်စမ်းပါကွာ၊ မင်းကတော့အရိုးမှာကပ်ပါလာတဲ့ အသားလေး၊ အရွတ်လေးကို စားရတော့ ဗိုက်ဝသေးတယ်၊ ငါတို့က မင်းပစ်ချပေးတဲ့အရိုးကို အာသာပြေလေးကိုက်နေ၊လျာနဲ့လျက်နေပြီး ကိုယ့်သွားရေကို ပြန်မျိုချနေရတာပါကွာ၊ ဘယ်မှာ ၀တယ်လို့ရှိမှာလဲ၊ ဒါကြောင့်အမြဲတမ်း အစာကိုမျှော်နေရတာပေါ့၊တစ်ခါတစ်လေ မင်းမတော်တဆ ပြုတ်ကျတဲ့အရိုးမှာ အသားစလေးပါလာလို့ ….အော်အသားဆိုတာ ဒီအရသာပါလားလို့ ငါတို့ သိခွင့်ရတာပါ။မင်းကိုယ်ချင်းစာကြည့်စမ်းပါ။—–

“ငါတို့ လုစားကြတယ်ဆိုတာလဲ၊ ရတဲ့အစာနဲ့ စားမဲ့အရေအတွက်မမျှတော့ ဘယ်လိုမှဝေစားလို့မရပဲ လုစားရတာပေါ့၊ဦးတဲ့သူ၊ဦးတဲ့အကြိမ်စားပေါ့၊ ဒီလိုမှ လုမစားရင်ငါတို့ အသက်ဘယ်ရှင်ပါ့မလဲ—-

“သူတို့မှာ ရိုက်စရာ၊ထိုးစရာ တုတ်တွေ လှံတွေရှိတာငါတို့မသိပဲနေပါ့မလား၊ ငါတို့ ငတုံးငအတွေမဟုတ်ပါဘူး၊ ဒီလိုမှ လစ်တဲ့ဟာလေးရှာမစားရင် ငါတို့ဘယ်လို ရပ်တည်နေနိုင်မလဲ၊ အရိုက်ခံအထိုးခံရလို့ သေကာမှသေသွားပါစေ၊ မသေခင် လေးရပ်တည်နေနိုင်ဖို့အတွက် ဒီလိုပဲ ကြားပေါက်လေးတွေ ရှာဖွေစားနေရဦးမှာပဲလေ၊ ငါတို့ ဘ၀ရဲ့ အကုသိုလ်ကံနဲ့သာရှိပါစေတော့၊ နောင်တစ်ချိန် ရွာသားတွေ လေးတွေ မြားတွေကိုင်ခွင့်ရလာရင်သာ မင်းတို့လဲ မင်းတို့ အန္တရာယ်ကိုရှောင်နိုင်အောင်ကြိုးစားကြ၊ အဲဒီအခါကြမှ မင်း ငါတို့ကို ကိုယ်ချင်းစာနိုင်လာပါလိမ့်မယ်ကွာ——–

ကိန် ကိန် ကိန် (ရွာသူားများ တုတ်နှင့်လှမ်းပစ်လိုက်၍ အော်ပြီးထွက်ပြေးသွားသံ။)

အားလုံးကို ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

About ကြောင်လတ်

ကြောင် လတ် has written 30 post in this Website..

အေးအေးချမ်းချမ်း၊စိတ်ရှင်းရှင်းဖြင့် ဘ၀ကိုရပ်တည်နေနိုင်လိုသူ