ဆင်းရဲသားရပ်ကွက် ဆိုလို့ ကလေးတွေက  နှပ်ချီးတွဲလောင်း ဖင်ဟောင်းလောင်း ၊ယောက်ျားတွေက အရက်ဆိုင် မှာ ခွက်ကိုင်လို့  မိန်းမတွေက အတွက်ပိုင်ပိုင် နဲ့ အကွက်တွေ ကိုင်နေကြတဲ့ ကလေးက ဆူဆူ၊ ခွေးကအူအူ၊ အကြွေးကထူထူ ရပ်ကွက်လေးကို ပြေးမမြင် လိုက်ပါနဲ့။ ကျမ ခဏတာ နေထိုင်နေတဲ့ ခြင်္သေ့မြို့တော်ရဲ့ တနေရာမှာရှိတဲ့ တိုက် လေးလုံး စု အကွက်လေး  ကို ပြောတာပါ။

အဲ.. မစ္စတာ လီကွမ်ယု ကြီး များ မတော်တဆ ဖက်မိ ရင် သူတည်ထောင် ခဲ့တဲ့  နိုင်ငံမှာ ဆင်းရဲသား ရပ်ကွက် ရှိတယ် လို့ ရေးတဲ့ကျမကို စိတ်ဆိုးပြီး တရားဆွဲ မှာလည်း ကြောက်မိပါတယ်။ ကျမတို့နေတဲ့ ရပ်ကွက်ကို စင်္ကာပူရဲ့ ဆင်းရဲသား ရပ်ကွက် လို့ခံစားရမိတဲ့ အချက်တွေ ကို ပြောပြပါ့မယ်။

ကျမတို့ နေထိုင်တဲ့ တိုက် တွေဟာ ဟောင်းနွမ်းနေပြီ ဖြစ်လို့ ဆက်လက် ပြီး လူနေထိုင်ခွင့် မပြုတော့ပဲ   ဖြိုဖျက် ပစ်ဖို့အတွက် (HDB)   Housing & Development  Board ကသတ်မှတ် ထားပြီး ဖြစ်ပါတယ်။ ဒီက တိုက်တွေ က နည်းပညာပိုင်း အရ ခိုင်ခံ့မှုကို နှစ် တစ်ရာ ထိအာမ ခံ ထားပေမယ့်၊ နေထိုင်ခွင့် မပြုတော့ပဲ   ဖြိုမယ် ဆိုတဲ့ တိုက်တွေ ရဲ့ သက်တန်း ဟာ စင်္ကာပူ တည်စကတည်း က ဆောက်ခဲ့တာ ဆိုရင်တောင် ဘယ်လိုမှ နှစ် ၅ဝ မကျော် နိုင် သေးပါဘူး။

တိုက်မှာနေတဲ့ မူလပိုင်ရှင် တွေကို  တိုက်သစ်တွေမှာ အစားပြန်ပေးတယ်၊ အလိုက် နည်းနည်း ပေးရ ပေမယ့် အရစ်ကျ ဆိုတော့ ကျေကျေနပ်နပ် ဖယ်ပေးကြတာပါပဲ ။ မဖြို ခင် စပ်ကြားမှာ တိုးလာတဲ့ လူဦးရေ အတွက်  (HDB)   က ခဏ နေထိုင်ခွင့် ပြန်ချပေးတယ်။ ပိုင်ရှင်မရှိတော့တဲ့ တိုက်တွေ ကို ကုမ်ပဏီ တခုက ကန်ထရိုက် ပြန်ယူပြီး renovate နည်းနည်းပါးပါး လုပ်ပြီး ဈေးသက်သက်သာသာ နဲ့ပြန်ငှားတယ်။ ၃ နှစ်ကျော်ကျော် လောက် ငှားပေးခဲ့တာဖြစ်ပြီး လာမယ့် ဩဂတ်စ် ဆိုရင် ဆက်မငှားပေးတော့ပဲ (HDB)   က တကယ် ဖြိုပြီးအသစ် ပြန်ဆောက် တော့မှာ လို့ဆိုပါတယ်။

အဲဒီတော့ ကျမတို့ တိုက်တွေ မှာနေတဲ့ သူတွေ က အိမ် ပိုင်ရှင် တယောက်မှ မပါ ပါဘူး။ အားလုံး အိမ်ငှား တွေ ချည်းဖြစ်တဲ့ အပြင် ဒီမှာ အလုပ်လာလုပ်တဲ့ pass အမျိုးမျိုးနဲ့ နေကြတဲ့ နိုင် ငံခြားသား မိသားစု တွေ  ပဲများပါတယ်။ စင်္ကာပူ နိုင်ငံသား အနည်းအကျင်း ရှိပေမယ့် အိမ်မဝယ်ရသေးတဲ့သူ ၊ အိမ်ရှိရင်လည်း ကိုယ့်အိမ်ကို ပေါက်ဈေးနဲ့ ငှားပြီး ဒီမှာ နည်းနည်းသက်သာ တဲ့ဈေးနဲ့ ပြန်ငှား နေကြတဲ့သူတွေ ၊ ပြောရရင် ဝင်ငွေ နည်းတဲ့သူတွေ ပဲဖြစ်တယ်။

တိုက်အောက်က ကား ပက်ကင် တွေကို ကြည့်လိုက်ရင်   တခြား တိုက်တွေရဲ့ ကား ပက်ကင်တွေလို လူစီးကား လှလှ သစ်သစ် လေးတွေ သိပ်မရှိပဲ ဝန်ထမ်းတွေကို ကုမ်ပဏီ ကပေးထားတဲ့ကုမ်ပဏီ တံဆိပ် ပါတဲ့ ကားတွေပဲများပါတယ်။ အဲဒါကြောင့် ဆင်းရဲသား ရပ်ကွက် လို့ ပြောချင်တာပါ။ ဖြိုမှာဖြစ်တဲ့အတွက် မဖြစ်မနေ လုပ်ပေးရမဲ့ ခြင်ဆေးဖြန်းတာတို့၊ မြက် ရိတ်ပေး တာတို့ကလွဲရင် တခြားတိုက်တွေလို ဓါတ်လှေကား အသစ် တပ်တာတို့၊ ကလေး ကစားကွင်း တွေ ပြင်တာတို့၊ လူသွားများတဲ့ နေရာတွေ ကို ကွန်ကရစ်ခင်းတာတို့ စင်္ကြန် လုပ်ပေးတာမျိုးတို့  မလုပ်ပေးတော့ပါဘူး။ ဒါကြောင့်ကျမတို့ တိုက်တွေရဲ့ ပတ်ဝန်းကျင် မြင်ကွင်း ဟာ တခြား နေရာကတိုက်တွေ လောက် မပြည့်စုံ မသားနား ပါဘူး။ ဒါပေမယ့် တိုက်တွေရဲ့ အတွင်းအပြင် အနေအထားကတော့ အကောင်းကြီးပါပဲ။  သူတို့ က ဖြိုမယ် ဆိုပေမယ့် ကျမစိတ်ထဲမှာ နောက် အနှစ် ၄၀  လောက် တော့ကောင်းကောင်းကြီး နေလို့ရသေးတယ် လို့တွေး မိတယ်။

ငှားခဈေသက်သာတယ် ဆိုတော့ ကျမတို့ရွှေမြန်မာတွေနဲ့ ချစ်တီးကုလားတွေ အကြိုက်ပေါ့။  ကျမတို့ တိုက်တွေမှာ နေတဲ့ သူတွေကို ၃ ပုံ ပုံ လိုက်ရင် ၁ ပုံ က မြန်မာ၊ ၁  ပုံ  က ကုလား ၊နောက် ၁ ပုံ က မှ တရုတ်၊ မလေး နဲ့ တခြားနိုင်ငံ သားတွေ အနည်း အကျင်း ပေါ့။  မြန်မာများတဲ့ အရပ်ဆိုတော့ မြန်မာ လို စကားပြောသံတွေ၊ ပိတ်ရက်တွေဆိုရင်  မြန်မာ လို  အော်ဟစ်ငြင်းခုန်သံတွေ၊  မြန်မာ သီချင်းသံတွေ၊    မြန်မာဟင်းနံ့၊ ငပိရည်နံ့၊ မုန့်ဟင်းခါး နံ့တွေ နဲ့ စည်ကားနေတတ်တယ်။    မြန်မာလို  တစ်တစ် ခွခွ တွေ ဆဲဆို ရန်ဖြစ် ကြ တာလည်း  မကြားချင်မှအဆုံး ။  တခါတခါ ကိုယ့်ကိုကိုယ် စင်္ကာပူ မှာနေ နေတယ် ဆိုတာတောင် မေ့နေတတ်တယ်။

ကျောင်းပိတ်ရက်တွေ ဆိုလည်း မြန်မာကလေး တွေက ဦးဆောင် ပြီး ကလေးပေါင်းစုံ ဆော့ကြတာ ဗြောင်းဆန်နေတာပဲ။ တခုကောင်းတာက စင်ကာပူ နိုင်ငံသား အများစုနေတဲ့ တခြား တိုက်တွေလို ကွန်ပလိန်း မရှိဘူး။ ကလေးတွေပဲဆူဆူ၊ လူကြီးတွေပဲ ဆူဆူ၊ ဝုန်းဝုန်း ဒိုင်းဒိုင်းအသံတွေ ပဲ ထွက်ထွက် အားလုံးက အိမ်ငှားတွေ ချည်းပဲဖြစ်လို့ ကွန်ပလိန်း သိပ်မလုပ်ကြဘူး ။ အဲဒီတော့ ကျမတို့ရဲ့   ရပ်ကွက်လေးက ကျမ တို့ လို မျောက်လောင်းလေးတွေ ပါတဲ့ မိသားစုတွေ အတွက်တော့ လွတ်လွတ်လပ်လပ်နဲ့ နေပျော်ပါတယ်။

အောက်ကပုံတွေ ကတော့ ကျမတို့ နေ နေ တဲ့  ဖြိုတော့မယ် ဆိုတဲ့ တိုက်တွေပါပဲ။

 

 

ဖြိုတော့မယ်ဆိုတဲ့ တိုက်တွေ ကိုကြည့်ပြီး ဘာတွေ တွေး မိကြလဲ။

အပြင် ပိုင်း အမြင် ကတော့ တွေ့တဲ့အတိုင်း ပါပဲ  ။အတွင်းပိုင်း  အနေအထားကလည်း  နေလို့ထိုင်လို့ အဆင်မပြေတဲ့ အချက်ကို ဘယ်လိုမှ ရှာမတွေ့တဲ့ ဒီ တိုက်တွေဟာ မကြာခင် ဖြိုတော့မှာ ပါလားလို့ စဉ်းစားမိတိုင်း ကျမအတွေးတွေ ပွားနေမိတယ်။

….ဟုတ်ပါတယ်…

ကျမတို့ နိုင်ငံမှာ အက်သွားတဲ့ ကန်ထရိုက်တိုက် ကို ဘိလပ်မြေ နဲ့ဖာပေးတဲ့ အတိုင်း နေနေကြတဲ့ သူတွေ၊ အန္တရာယ် ရှိ အဆောက် အအုံ လို့သတ်မှတ်ထားပေမဲ့ တခြားမှာနေစရာ မရှိလို့၊ ငွေကြေးမလုံလောက်လို့ မပြောင်းနိုင်တဲ့ သူတွေ၊ အန္တရာယ် ရှိ အဆောက် အအုံ အဖြစ်မ သတ်မှတ်ရ သေးလဲ  ပြို ကျ သွားလို့သေသွားရတဲ့ သူတွေ၊ အမေစု ပြောသလို မီးရထားလမ်း တလျောက် မှာတွေ့ရတတ်တဲ့ အိမ်လို့တောင် ပြောလို့မရတဲ့ တဲ လေးတွေ ထဲက လူတွေ  အကြောင်းတွေ တွေးမိတာပါ။

မြေနေရာ ပေါပြီး နေစရာ ရှားတဲ့ ကျမတို့ နိုင်ငံသားတွေရဲ့ နေစရာ ပေါလာမယ့် အချိန်တွေကို မျှော် တွေးမိရင်း။  ။

 

မှတ်ချက်။    ။ ကျမတို့ အိမ်ငှား စာချုပ်တွေ ကို ဩဂတ် ထိပဲ ပေးထားပါတယ်။  (HDB) ရဲ့ ဆုံးဖြတ်ချက် အရ ဆက်ငှားဖြစ် မငှားဖြစ် ကို အေပရယ် လ ထဲ မှာ အကြောင်း ပြန်မယ်လို့ ပြောပါတယ်။

About မိုခ်ိဳ

မို co has written 41 post in this Website..