ရှင်သန်သောနိုင်ငံတော်

asiamastersApril 16, 20121min862

ရှင်သန်သောနိုင်ငံတော် လူသားတွေ နေထိုင်တဲ့ နေစင်္ကြာဝဠာဟာ တစ်ခြား စင်္ကြာဝဠာတွေနဲ့ မတူပါ။ မတူရတဲ့အဓိက အချက်က လူသားတွေနေထိုင်တဲ့ စင်္ကြာဝဠာမှာ သက်ရှိတွေရှင်သန်နိုင်တဲ့ တစ်ခုတည်းသော ကမ္ဘာကြီး ပါဝင်နေလို့ပါပဲ။ ဒီကမ္ဘာမှာ သက်ရှိသတ္တဝါတွေရှင်သန်နိုင်တယ်။ ရှင်သန်နိုင်လောက်တဲ့ ပတ်ဝန်းကျင် အခြေအနေ တွေရှိနေ သေး တယ်။ သက်ရှိသတ္တဝါတွေနဲ့ အတူ လူသားများလည်းရှင်သန်ကြတယ်။ တခြားသက်ရှိသတ္တဝါတွေ ရှင်သန်တာနဲ့ လူသားတွေရဲ့ရှင်သန်မှုမတူပါ။ ဒီလိုမတူညီလို့လဲ လူသားတွေဟာ တစ်ခြားသတ္တဝါအားလုံးကို ကြီးစိုးနိုင်တဲ့ မဟာလူသားတွေဖြစ်လာပါတယ်။ တခြားသတ္တဝါတွေရှင်သန်မှုမှာက ရုပ်ပိုင်းခန္ဒာရှင်သန်မှုသာ ပါဝင်ပါတယ်။ အသိဉာဏ်ပိုင်းဖွံ့ဖြိုးနိုင်တဲ့ စိတ်ဝိဉာဉ် မပါဝင်ပါ။ လူသားတွေရှင်သန်မှုမှာက ရုပ်ပိုင်းခန္ဒာနဲ့ စိတ်ဝိဉာဉ်နှစ်ခုစလုံးပါဝင်ပါတယ်။ ဒါကြောင့်လူသားတစ်ဦးရှင်သန်မှုဆိုတာက ရုပ်ပို်င်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုနဲ့အတူ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လည်းလိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဒာ၊ စက်ပစ္စည်း၊ အဆောက်အဦ၊ အသုံးဆောင်အားလုံးဟာ ရှင်သန်မှု သံသရာအရ သက်တမ်း ရှိသလောက်သာ တည်တံ့ အသုံးဝင်ကြတယ်။ လူသားတွေမှာဆိုရင် မွေးဖွားမယ်၊ ကြီးပြင်းမယ်၊ အိုမင်းလာမယ်၊ သေဆုံးမယ် ဒါဟာ ရှင်သန်မှုသံသရာဖြစ်တယ်။ စက်ပစ္စည်းတွေဆိုရင် တီထွင်မယ်၊ သုံးစွဲမယ်၊ အိုဟောင်း လာမယ်၊ ပျက်စီးမယ် အစရှိသည်ဖြင့် သံသရာလည်ကြတယ်။ ဒါပေမဲ့ စိတ်ဝိဉာဉ်ရဲ့ သဘောကတော့ ဒီလိုမဟုတ်ပါဘူး။ သိမှုတွေနဲ့ ကျွမ်းကျင်မှုတွေကို တဖြည်းဖြည်းမြင့်မားလာအောင်လုပ်ရတယ်။ လူသားတစ်ဦးဟာ မွေးကင်းစ ကာလက ငိုခြင်းတစ်ခုကိုသာ တတ်ပါတယ်။ ဒါပေမဲ့ သုူ့ရဲ့ အထုံပါရမီနဲ့ ပတ်ဝန်း ကျင်တို့ရဲ့ လွှမ်းမိုးမှုကြောင့် အသိဉာဏ် အမြင့်မားဆုံးအဆင့်ကို ရောက်ရှိသွားသူတွေရှိတယ်။ တချို့ကလည်း မှားယွင်းတဲ့ အယူအဆတွေ ကြောင့် စိတ်ဝိဉာဉ်သေဆုံးသွားပြီး ရှင်သန်ဖွံ့ဖြိုးမှုတွေ ဆိတ်သုန်းသွားတာမျိုးတွေလည်းရှိတယ်။ ရုပ်ပိုင်းဆိုင်ရာရှင်သန်ခြင်းမှာ အမြဲတမ်းတွေ့ရတဲ့ သဘောသဘာဝတွေရှိတယ်။ ရှင်သန်ပြီဆိုတာနဲ့ လှုပ်ရှားမှုရှိတယ်။ ကြီးထွားမှုရှိတယ်။ အသွင်ပြောင်းဖွံ့ဖြိုးမှုရှိတယ်။ ပြီးရင် တဖြည်းဖြည်းအိုဟောင်းလာမယ်၊ နောက်ဆုံး ပျက်စီး၊ ပုတ်သိုး၊ သေဆုံးမယ်။ စိတ်ဝိဉာဉ်ပိုင်းကတော့ ဒီသဘောမျိုးမဟုတ်ပါဘူး။ စိတ်ဝိဉာဉ်ရှင်သန်ခြင်းသဘောဟာ အလင်းရောင်နဲ့တူတယ်။ အလင်းရောင်ရှိရင် အမှောင်ဆိုတာရှိရတာပေါ့။ အမှောင်ဆိုတာ သေဆုံးခြင်းသဘောဖြစ်တယ်။ အမှောင်ကြောင့် လူသားတွေဟာ ဘယ်အရာကိုမှ သဲသဲကွဲကွဲမမြင်နို်င်ပါ။ မမြင်နိုင်တော့ စမ်းတဝါးဝါးဖြစ်ရတယ်။ စမ်းတဝါးဝါးဖြစ်ရတော့ များများ မသိပါ။ များများမသိတော့ အမြဲတမ်းအားငယ်နေလေ့ရှိတယ်။ ကြောက်ရွံ့မှုတွေနဲ့သာနေရတယ်။ အမြင်ကျဉ်းမြောင်းမှု တွေဟာ မာနစိတ်နဲ့ မနာလိုဝန်တိုမှုများကို ဖြစ်ပေါ်စေတယ်။ စိတ်ဝိဉာဉ်သေဆုံးနေသူများဖြစ်တဲ့အတွက် အမြဲတမ်းဖေါက်ပြန်တဲ့ သူများဖြစ်နေတယ်။ အဆင်မပြေတာများရှိရင် သူများကို အပြစ်ဖို့ ငြီးညူနေသလောက် အဆင်ပြေမှုများရှိလာရင် အရာရာကို မေ့လျှော့ကုန်တယ်။ ယုံကြည်မှုကို အလွယ်တကူ အလွဲသုံးစား လုပ်သူများဖြစ်လာတယ်။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာလိုသူများဖြစ်လာပါတယ်။ မိမိရဲ့ ဘဝကို ဘယ်လိုရှင်သန် ဖွံ့ဖြိုး အောင်လုပ်မယ်ဆိုတာမသိပဲ၊ လူအများရဲ့ လေးစားမှုနဲ့ သက်တောင့်သက်သာနေရတဲ့ဘဝမျိုးကို နေရဖို့သာအမြဲကြိုးစားလေ့ရှိတယ်။ အမှောင်ကြောင့်လမ်းပျောက်နေသူများဖြစ်လာတယ်။ ဒီလူတွေ လုပ်လိုက် တဲ့ အလုပ်တွေအားလုံး ဟာ ပုတ်သိုးကုန်တယ်၊ ပျက်စီးကုန်တယ်။ အလင်းရောင်ဟာ အမှောင်ရဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်။ အလင်းရောင်ကြောင့် လူသားတွေဟာ ပိုမြင်လာနိုင်တယ်။ ပိုပြီး ယုံကြည်လာကြတယ်။ ပိုပြီး နားလည်သဘောပေါက်လာတယ်။ ပိုပြီး နားလည် သဘောပေါက်လာလေလေ သတ္တိရှိသူတွေဖြစ်လာတယ်။ အမှန်တရားနဲ့ မျှတခြင်းကို လက်ကို်င်ထားသူများ ဖြစ်လာကြတယ်။ မိမိနေထိုင်တဲ့ဘဝနဲ့ လိုအပ်ချက်တွေကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ ဖြစ်လာတယ်။ ရုပ်ခန္ဒာတွေ သက်တမ်းကုန်လို့ သေဆုံးသွားကြသော်လည်း လူသားတွေအတွက် အကောင်းဆုံးကို တီထွင်ထားရစ်နိုင်ခဲ့ကြတယ်။ နောက်ဆုံးထွက်သက်အထိ ကြိုးစားအားထုတ်သူများ ဖြစ်တဲ့အတွက် ဘဝကို ကောင်းကောင်းမွန်မွန်နေနိုင်သူများဖြစ်လာတယ်။ ဒါကြောင့် လူသားတွေမှာ ရုပ်ပိုင်းကို်ယ်ခန္ဒာ ရှင်သန်ဖွံ့ဖြိုးမှုလည်းအရေးကြီးသလို၊ စိတ်ဝိဉာဉ်ရှင်သန်ဖွံ့ဖြိုးဖို့ကလည်း အတော် အရေး ကြီးတယ်။ စိတ်ဝိဉာဉ်ရှင်သန်ဖို့အတွက် ပြင်းပြတဲ့ယုံကြည်မှုရှိဖို့လိုတယ်။ ကိုယ်ဘယ်အရာကို လုပ်လုပ် ဒီအလုပ်ကို ပြီးမြောက်အောင်လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့ယုံကြည်မှုရှိဖို့လိုတယ်။ ပြင်းပြင်းပြပြ မယုံကြည်သူများဟာ အပေါ်ယံ၊ တာဝန်ကျေပဲလုပ်ဆောင်လေ့ရှိကြတယ်။ ဒီလို အပေါ်ယံ တာဝန်ကျေ လုပ်ဆောင်မှုတွေဟာ အင်ပါယာနိုင်ငံကြီးများကို လဲပြိုစေခဲ့ပြီး၊ အစိတ်စိတ် အမွှာမွှာပြိုကွဲစေခဲ့တယ်။ ပြင်းပြင်းပြပြယုံကြည်ဖို့ဆိုတာက ကိုယ်အခုလုပ်နေတဲ့အလုပ်သည် မှန်ကန်တဲ့အလုပ်လို့ယုံကြည်ရမယ်။ မျှတတဲအလုပ်လို့ယုံကြည်ရမယ်။ မိမိကိုးကွယ်ရာဘာသာရဲ့ အဆုံးအမများ၊ လူသားအများစု လက်ခံ ယုံကြည် ထားတဲ့အမှန်တရားအတိုင်းဖြစ်တယ်ဆိုတာယုံကြည်ရမယ်။ မိမိလုပ်ဆောင်နေတဲ့အလုပ်များဟာ မိမိအတွက် သော် လည်းကောင်း၊ လူသားအားလုံးအတွက်သော်လည်းကောင်း ကောင်းကျိုးကိုဖြစ်စေတယ်ဆိုတာကို ပြင်းပြင်းပြပြ ယုံကြည်ကြရမယ်။ ယုံကြည်လာပြီဆိုရင် ပိုသိသူများဖြစ်လာတယ်။ ပိုသိသူုများဟာ ပိုပြီး ဇွဲရှိသူများဖြစ်လာတယ်။ ပိုပြီး ဇွဲရှိသူများဟာ ကတိတည်ပြီး ဘာသာရေးအဆုံးအမများနှင့် ဥပဒေကို လိုက်နာသူများဖြစ်လာတယ်။ ကတိတည်သူများမှာ ညီရင်းအစ်ကို မေတ္တာတရားကိုဖြစ်စေတယ်။ ညီရင်းအစ်ကို မေတ္တာတရားများလာပြီဆိုရင် လူသားတွေရဲ့ အကျိုးကို လိုလားတဲ့ မေတ္တာကို ဖြစ်စေတယ်။ ဒီမေတ္တာဟာ ပြင်းပြတဲ့ယုံကြည်မှုကို ပြန်ဖြစ်စေတယ်။ ဒီလိုပဲသံသရာလည်တယ်။ မြန်မာနိုင်ငံဟာ ရှင်သန်သောနိုင်ငံတော်ဖြစ်လာတော့မယ်။ ယခုအချိန်အထိ အမှောင်ထုရဲ့ အရိပ်မဲကြီးက ကြီးစိုးနေသေးတယ်။ လူသားတွေရဲ့ စိတ်ဝိဉာဉ်တွေဟာ သေဆုံးနေကြသေးတယ်။ ဒီသေဆုံးနေတဲ့ စိတ်ဝိဉာဉ်တွေကို ရှင်သန်အောင်လုပ်ကြမှရမယ်။ ရှင်သန်ခြင်းအလင်းရောင်ပြပြကို မြင်နေရပြီ။ ဒီအလင်းရောင်းဟာ လူသားတွေအားလုံးလိုအပ်တဲ့ အလင်းရောင်ဖြစ်လာဖို့ အားလုံးကြိုးစားသွားရမယ်။ ကိုယ်ခန္ဒာတွေကို ရှင်သန်ဖွံ့ဖြိုးအောင်ကြိုးစားနေရင်း၊ စိတ်ဝိဉာဉ်ရှင်သန်ဖို့ လုပ်ဆောင်ရမယ်။ စိတ်ဝိဉာဉ်တွေရှင်သန်လာပြီဆိုရင် အမှောင်ထုရဲ့ ကိုယ်စားလှယ်တော်တွေဖြစ်တဲ့ မကောင်းဆိုးရွားတွေကို နိုမ်နှင်းနိုင်မယ်။

2 comments

  • Gipsy

    April 17, 2012 at 12:15 am

    ရှင်သန်ထမြောက်တော့မည့် မြန်မာနိုင်ငံကြီး လို့ ဆိုလိုလိုက်တာများလား….။
    ငါးပါးသီလ ကို သေချာ စောင့်ထိမ်းနိင်ရင် စိတ်ဝိဉာဉ် ရှင်သန်မှာ အတိကျပါ…။
    ပြောမဲ့သာပြောရတယ် ငါးပါးသီလ ကိုလုံအောင် စောင့်ထိမ်းနိုင်သူ လူနည်းစုပဲ ရှိမှာ…။

    • kai

      April 17, 2012 at 4:31 am

      ဒီခေတ်မြန်မာတို့ရဲ့ငါးပါးသီလဖွင့်ဆိုပုံဟာ.. ခေတ်နောက်ကျလွန်းနေတဲ့အတွက်… (ဘယ်သူမှ) ဘယ်သူမှလုံအောင် စောင့်ထိမ်းနိုင်မယ်မထင်မိပါ.. 🙂
      အဲဒီ၅ပါးထဲက..တပါးကိုပဲ..ဆွေးနွေးထားတာလေးရှိတယ်..
      ဖတ်ကြည့်ပါဦး.. :mrgreen:
      http://myanmargazette.net/70687/
      =
      မူရင်းအပေါ်ကဆောင်းပါး ..အားဖြည့်ပြောရမယ်ဆိုရင်…
      ဒီခေတ်မှာ.. အလင်းနဲ့အမှောင်.. အမှောင်က… လူ့လောကပိုအကျိုးပြုထားတယ်လို့ မြင်နေကြသတဲ့လေ…

      သိပ်မကြာတဲ့နှစ်တွေမှာ.. အမှောင်ကနေ..စွမ်းအင်ထုတ်ယူအသုံးပြုတော့မယ်ဆိုတဲ့အကြောင်း..
      ( ပျော်စေသဘောပါနော..။ ပေါ့ပေါ့ပါးပါးဖြစ်အောင်ရယ်ပါ… 😆 )
      http://science.nasa.gov/astrophysics/focus-areas/what-is-dark-energy/

      What Is Dark Energy?
      More is unknown than is known. We know how much dark energy there is because we know how it affects the Universe’s expansion. Other than that, it is a complete mystery. But it is an important mystery. It turns out that roughly 70% of the Universe is dark energy.

Leave a Reply