သူမတွင် အကျင့်တခု ရှိသည်…။

ムラカミApril 18, 20121min28829

သူမတွင် အကျင့်တခု ရှိသည်…။

သူမသည် ကျနော်နှင့် စကားပြောတိုင်း ထိုအကျင့် ကို ကျနော် သတိထားမိပါ၏။

ထိုသည်မှာ ဖွင့်ဆိုရှင်း ခေါ်မလား ဘိုလိုတော့ affirmative clause ခေါ်မလား ..

စကားပြေ များပြောဆိုရာတွင် စကား အဆုံး၍ ရော်… ဟု ထည့်ပြောတတ်တာပင် ဖြစ်သည်…

( ဟိုတနေ့က ယူ့ ဆီ ဖုန်းဆက်သေးတယ် ရော်….)

တကယ်က ထို ရော် ..ဟူသောအသံလေးသည်.. အရှေ့ကျွန်းစကား စကားဆက် yo နှင့်…

တမာမြေက အညာသံ ..ကော ကို ပေါင်းစပ်ထားသည့် …ကော်.. ဖြစ်ချင်ဖြစ်မည် ရော် ..ဖြစ်ချင်ဖြစ်မည်

ကျနော် အသံတိတိကျကျ ချမရေးပြတတ်သော ..အသံလေး တစ်သံသာ ဖြစ်ပါသည်….။

 

 

 

သူမတွင် အကျင့်တခု ရှိသည်…။

ဒါကတော့ ကြေးအိုး ဆိုင်များတွင် ဖြစ်ပါသည်… ထိုအကျင့်သည် ယခု ကျနော့်အကျင့် အဖြစ် ပင်

ကူးစက် အကျင့်ပါနေသော အကျင့်တခု ဖြစ်ပါသည်။ ထိုအရာကတော့ ဆီမွှေးနှင့် ငရုပ်ကောင်း

မပါဘဲ ကြေးအိုးမစား တတ်ခြင်းပင် ….။

 

သူမတွင် အကျင့်တခု ရှိသည်…။

လက်ညှိုးလက်ခလည် အဆစ်၃ဆစ် ဆီ ရှိသော လက်ချောင်းများ၏ ထိပ်ဆုံးသောအဆစ် ဖြင့်သာ

စီးကရက် ခဲ တတ်သော အကျင့်ဖြစ်ပါသည်။ လက်ဖျားကလေးဆိုမှ လက်ဖျားကလေး ပင်…။

ကျနော်က တော့ တတိယအဆစ်ကို သုံးလေ့ရှိကာ ကျနော့်လက်ချောင်းများ မျက်နှာပေါ်တွင်

ကာရံထားသလို ပုံစံဖြင့် စီးကရက် ရှိုက်လေ့ ရှိပါ၏။

(လိုက်လုပ်ကြည့်လိုသူများ ..လက်ခုံပေါ်သို့ ပြာပူကြွေနိုင်သည်ကို သတိပြုပါလေ)

 

 

 

သူမတွင် အကျင့်တခု ရှိသည်….။

အဲ့ဒါကတော့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ခါနီးတိုင်း သွားကိုစေ့ကာ နှုတ်ခမ်းကို ပွင့်သည်ဆိုရုံဖွင့်၍

လေကို ရှိုက်သွင်းတတ်ခြင်း ဖြစ်သည်…. ထိုလေကို သက်မ အဖြစ်ပြန်ရှိုက်ထုတ်သောအခါ ..သူမ၏ နှုတ်ခမ်းများသည်

အင်္ဂလိပ်စာလုံး “O” ကိုရေရွတ်လိုက်သလို ..ခပ်ဝိုင်းဝိုင်းနှင့် အတော်ကြည့်ကောင်းပါသည်…။

(နှုတ်ခမ်းအထူအပါး ပါးစပ်ပေါက် အကျဉ်းအကျယ်နှင့် အချိုးအစား ကျနလှပသူများသာ ကြည့်၍ လှမည်ဖြစ်သောကြောင့်

လိုက်လုပ်ကြည့်ရင် ချင့်ချိန်ကြပါလေ…)

 

 

သူမတွင် အကျင့်တခု ရှိသည်…။

တခုခုကို စောင့်ဆိုင်းသည့်အခါတိုင်း(သီချင်းနားထောင်လျင်ရံဖန်ရံခါ) ..စားပွဲပေါ်သို့ လက်ဖမိုးတင်ထားပြီး

လက်ချောင်းကလေးများကို မြင်းကဆုန်ပေါက်သည့်နှယ် ခေါက်နေလေ့ရှိပါသည်..။လက်သည်းချွန်များနှင့်

စားပွဲမျက်နှာပြင် ထိရိုက်သံ နရီသည် .. အလွန်လှပသည်ဟု ထင်ပါသည်….။ တခါတရံ … ထိုအသံလေးတွေ

ရပ်သွားမှာကိုပင် နှမြောတသဖြစ်စွာ နားဆင်ဖူးပါ၏။

 

 

သူမတွင် အကျင့်တခု ရှိသည်…။

ကားမောင်းသည့်အခါ ကားနောက်ဆုတ် သည့်အချိန်တိုင်း အောက်နှုတ်ခမ်းကို သွားနှင့် ကိုက်လေ့ရှိပါသည်..။

မိန်းကလေးများ နှုတ်ခမ်းကိုက်ခြင်းသည် အတော် အသည်းယားစရာကောင်းသည်ဟု ကျနော် ထင်ပါသည်..။

အောက် နှုတ်ခမ်းကို တဲ့တဲ့ကိုက်တာ မဟုတ်ဘဲ ..အနည်းငယ် လက်ဝဲဘက်သို့ ရွဲ့လိုက်ပြီးမှ ..အဖျားစွန်းလေး

ကိုက်သည်ဆိုရုံ ကိုက်ခြင်းဖြစ်၏။ ( နှုတ်ခမ်းမွှေးနဲ့ လူကြီးများ လိုက်မလုပ်သင့်ဟု သတိပေး ချင်ပါသည်)

 

 

သူမတွင် အကျင့် တခု ရှိသည်..။ 

အဲ့ဒါကတော့ renaissance သမိုင်းကို အတော်လေး စိတ်ဝင်စားခြင်းဖြစ်သည်..။

medieval ဘက်အထိပင် လေ့လာထားသည်ဟု ထင်ပါသည်…။ ကျနော်ကတော့ ထိုသမိုင်းကြောင်းတွေအကြောင်း

ကိုးကားစရာပေါ်မှ မဖတ်ချင်ဖတ်ချင်ဖြင့် ..ဖတ်လေ့ရှိသူ ငပျင်းသာ ဖြစ်ပါသည်..။ ရှင်ကတော့ မိုက်ကယ်လ်အိန်ဂျလို

ကို လက်သီးနဲ့ထိုးတဲ့ ပန်းချီဆြာ လို လူပေါ့.. လို့ ..မကြာခန ရိတတ်ပါသေးသည်..။ (ရာဖေးလ် ကို

ညွှန်းလိုဟန်ရှိ၏ .. အတိအကျကား မသိ)

 

 

သူမတွင် အကျင့် တခု ရှိသည် ..။ 

Jean pants များ ဝတ်ဆင်ရာတွင် tight-cut ၁မျိုးတည်းကိုသာ အရောင် တမျိုးတည်း ဖြင့်

ဝတ်ဆင်လေ့ရှိခြင်း ဖြစ်သည်..။ ယနေ့ထက်ထိ ကျနော် ဝယ်ပေးသော အနက်ရောင် skinny jeans

ကိုဝတ်ဆင်ခြင်း မရှိပါ…။ ဒီအကြောင်းမေးဖြစ်တိုင်း ပြုံးနေလေ့ရှိပါသည်…(ခပ်ထေ့ထေ့ ဟု ယူဆသောကြောင့်

ထပ်မမေးဖြစ်တော့ပါ)

 

 

 

 

သူမတွင် အကျင့် တခု ရှိသည်..။

အဲ့ဒါကတော့ ဆံပင်တွေကို ဆေးမဆိုးခြင်းဖြစ်ပြီး ..

ဆံပင်အရှည်ကို ပုခုံးစွန်း နှင့် ကျောလည် ကြားထဲလောက်ကို သာ တောက်လျောက် ထားခြင်းဖြစ်သည်..။

ဖြောင့်တာကောက်တာလည်း စိတ်မဝင်စားသော သူမသည်… ဆံပင်ကို ဂရုစိုက်သလောက်

ရံခါတွင်မူ ဘောပင် အဖုံးနှင့်ပင် ထိုး၍ ပင့်တင်ထားတတ်သေးသည်..။ (လုပ်နေမကျလျင် ဆီပူမိတဲ့ အကြော်သည်

ဗြုတ်စ ဗျင်းတောင်း ရုပ်မျိုး ပေါက်နိုင်သည်ကို သတိချပ်ပါလေ…)

 

 

 

သူမတွင် အကျင့်တခု ရှိသည်..။

အဲ့ဒါကတော့ ထောင့်တွေကို နှစ်သက်တတ်ခြင်းပင် ဖြစ်သည်..။

သူမကို အခန်းထောင့်တွင် စာတအုပ်ဖြင့် အကြိမ်ပေါင်းများစွာ ရှာဖွေတွေ့ရှိဖူးလေသည်..။

နံရံကိုမီပြီး စဉ်းစားခန်းဝင်နေတိုင်း ..ကျနော် ငြိမ်သက်စွာ ထိုင်ပေးဖြစ်ခဲ့ဖူးပါသည်..။

အင်း …ခုနောက်ပိုင်းတော့ kindle ပြောင်းဖတ်နေလောက်ပြီ ထင်ပါသည်… ။ ကျနော် မသိတော့..။

 

 

သူမတွင် အကျင့်တခု ရှိသည်..။

ထိုအရာမှာ သူမသည် တစုံတရာ ပြောလိုသည့်အခါ..(ဝါ) တဖက်လူအား တစုံတရာ

နားထောင်စေလိုသည့်အခါ.. သူမလက်ညှိုးဖြင့် သူမ၏ လက်ယာဘက် နားရွက်အနောက်ဖက်ကို

၂ကြိမ် ထောက်ပြတတ်ခြင်းပင် ဖြစ်ပါသည်.. ။ (မျက်နှာချီ မျက်နှာမောင်း .. တိုင်ပင် ကိုက်မှုနှင့် ..

နေရာကျနမှု မှာ အလွန် လိုအပ်သောကြောင့် လိုက်လုပ်လိုသူများ တဖက်လူက နားထင်ကိုထောက်ပြတယ်

ဂေါက်နေသလားလုပ်ပြတယ် အထင်ခံရမှာမျိုးကြုံနိုင်သောကြောင့် ဆင်ခြင်စေချင်ပါ၏)

 

 

 

သူမတွင် အကျင့်တခု ရှိသည်..။

သူမနှင့် စကားပြောသည့်အခါ သူမ မကြားလိုက်သည့်အခါမျိုး ..နားမရှင်းသည့်အခါမျိုးတွင်

မျက်လုံးကို အနည်းငယ်ပြူးလိုက်ပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြတတ်ခြင်းပင်ဖြစ်သည်..

မေး အတန်ငယ် ဆတ်လိုက်ပြီး ကိုယ်ခန္ဒာကို ရှေ့သို့ အတန်ငယ် ရို့လေ့ရှိပါသည်…

(မှန်ကြည့်ပြီး လုပ်လုပ်မယ့်သူများ .. အဆင်မသင့်လျှင် ဖြဲခြောက်သည့် ရုပ် ပေါက်သွားနိုင်သည်ကို သတိချပ်ပါလေ..)

 

 

 

 

သူမတွင် အကျင့်တခု ရှိသည်..။

wine glass တွင် စွန်းထင်းသွားသော သူမ၏ နှုတ်ခမ်းနီရာကို ..ပြုံး၍ကြည့်လိုက်ပြီးမှ တစ်ရှူးနှင့် ဖျက်တတ်သည့်အကျင့်

ပင်ဖြစ်သည်..။ ဒါမပြောင်းလဲသော သူမရဲ့ ထာဝရအကျင့် ပင်ဖြစ်မည်… ။အလွန်ကြည့်ကောင်းပါသော်လည်း .

တကယ်တမ်း ထိုအပြုံး၏နောက်မှာ ဘာရှိသလဲ ကျနော်လည်းမသိပါ..။ ဝိုင် မပြည့်တပြည့်ပါသော ဖန်ခွက်ရှည် ကို

လက်ချောင်းလေးများနှင့် ကျင်လည်စွာလှည့်သည်မှာ တမျိုး ကဗျာ ဆန်ပေ၏။ (လိုက်လုပ်လိုသူများ ရေချိန်လွန် 

ဥဩ ဆွဲကိန်းရှိတာ …သတိချပ်ပါလေ)

 

 

 

သူမသည် သိရခက်သလား..ဒါမှမဟုတ်

ကျနော်သည် မသိတတ်ခြင်းပေလား ..

ဒါမှမဟုတ်

သူမသည် ကျနော်သိသလောက်ဟာ မလုံလောက်ဟု ယူဆထားသလား..

ကျနော်သည် လုံလောက်စွာ သိရှိပါသည် ဟု မှားယွင်းစွာ ထင်နေပါသလား..

 

တခုခုတော့ တခုခုပါ …

ခုတော့ ငယ်ငယ်က သိပ်နှစ်သက်ခဲ့တဲ့ ကိုဗဒင်ရဲ့ သီချင်းဟောင်းလေးကို တိုးတိုးလေး ညည်းနေလိုက်ပါတယ်..

………. လိမ္မော်ရာသီ တောင်ပေါ်မှာ ..လမ်းကျဉ်းငယ်ကလေးများ လျောက်ရသလို….
အကြင်နာလမ်းဟာ မှုန်ရီဝါးနေတယ်.. .မရေရာဘူး …..
အခြေအနေတွေတိုင်းကို ဆင်ခြင်လိုက်တိုင်းမှာ …မေးခွန်းတွေ အပြည့်နဲ့ ဒွိဟတွေရယ်……
ကြင်နာသူအကြည့်တွေ …ဘာသာပြန်ဖို့ ခုထက်ထိတိုင် မလွယ်ကူ တော့ …..
အချစ်လမ်း နဘေးက အလွမ်းရွာ ရောက်ခဲ့ပြီ …………………

တော်သေးဘီ….

 

ခင်တဲ့

ဂီ

 

 

29 comments

  • alinsett

    April 18, 2012 at 10:16 am

    ကျွန်တော့်မှာလည်း အကျင့် တစ်ခု ရှိပါသည် ။
    ယခု ဖတ်ရသော ပို့စ်..လို..အလွန် ဖတ်လို ့ကောင်းသော..စာသားများတွေ ့ရလျှင်..

    ကောင်းလှချည်လား….ဟု..အော်ပစ်လိုက် တတ်သော အကျင့်ဖြစ်ပါသည် ။
    ကောင်းလှချည်လား….ကို..ပြေတီဦး ၏ လေသံ မဖြစ် ဖြစ်အောင် အော်တတ်ပါသည် ။
    သို့သော်..ဗေလုဝ ၏ လေသံသာ.ဖြစ်..ဖြစ်သွားပါသည် ။

    ဝမ်းနည်းဖွယ်ရာ ကောင်းလှပါဘိတောင်း….ဟု…တွတ်ပီ…လို ညည်းမိပါသည် ။

  • ဗိုက်ကလေး

    April 18, 2012 at 10:56 am

    သူမတွင် အကျင့်အများကြီးရှိသည် လုပ်ပါကွဲ ့

  • FattyCat

    April 18, 2012 at 11:09 am

    ကျွန်ုပ်တွင် အကျင့်တခု ရှိသည်..။

    အဲ့ဒါကတော့ ထောင့်တွေကို နှစ်သက်တတ်ခြင်းပင် ဖြစ်သည်..။

    ကျွန်ုပ်ကို အခန်းထောင့်တွင် စာတအုပ်ဖြင့် အကြိမ်ပေါင်းများစွာ ရှာဖွေတွေ့ရှိဖူးကြလေသည်..။

    နံရံကိုမီပြီး စဉ်းစားခန်းဝင်နေတိုင်း ..ကျွနုပ်အနားတွင် ငြိမ်သက်စွာ ထိုင်နေပေးမှကြိုက်သည်..။

    အင်း …ခုနောက်ပိုင်းတော့ kindle ပြောင်းဖတ်နေပါပြီ…။ စာအုပ်အများကြီး သယ်စရာရှိစရာမလိုတော့သောကြောင့်ဖြစ်သည်…

  • စပ်ဖြဲ

    April 18, 2012 at 11:22 am

    သူမတွင် အကျင့်တခု ရှိသည်..။
    ……………. (တောက်..)
    သူမတွင် အကျင့်တခု ရှိသည်..။
    ……………. (တောက်ကောင်မ..)
    သူမတွင် အကျင့်တခု ရှိသည်..။
    ……………. (တေနာ..)
    သူမတွင် အကျင့်တခု ရှိသည်..။
    ……………. (တင်းလာပီ..)
    သူမတွင် အကျင့်တခု ရှိသည်..။
    ……………. (တော်ပီဗျာ…. ကိုဂီ က ဝေးတော့ ကောင်းတာဘဲတွေးမိမှာပေါ့ … ကျုပ်ကတော့ … ငါကွာ နရင်းကြီး ရိုက်လိုက်ရ 😀
    )

  • စော်ဘွားလေး မောင်မာန်ခ

    April 18, 2012 at 1:02 pm

    သူမတွင်အကျင့်တစ်ခုရှိသည်……
    သူငယ်ချင်းမိန်းကလေးများနဲ့အပြင်ထွက်လည်လျှင်ဗိုက်ခေါက်လိမ်ဆွဲတတ်သောအကျင့်…
    သူမတွင်အကျင့်တစ်ခုရှိသည်……
    ကျွန်တော်ဂိမ်းဆော့နေလျှင်ယူပီအက်စ်မှမော်နီတာကြိုးကိုဆွဲဖြုတ်၍စကားပြောသောအကျင့်…..
    သူမတွင်အကျင့်တစ်ခုရှိသည်……
    လူကြားထဲတွင်လက်ချိတ်၍တွဲလောင်းခိုတတ်သောအကျင့်…….
    သူမတွင်အကျင့်တစ်ခုရှိသည်……
    ကျွန်တော့်သူငယ်ချင်းကောင်မလေးများကိုမနှစ်သက်ကြောင်းပြောတတ်သောအကျင့်……..
    သူမတွင်အကျင့်တစ်ခုရှိသည်……
    ကျွန်တော်ဆေးလိပ်သောက်လျှင်မိဘများနှင့်သွားတိုင်တတ်သောအကျင့်…..
    သူမတွင်အကျင့်တစ်ခုရှိသည်……
    ဆံပင်ကိုရေးနော့ဘောပင်ဖြင့်ဆံထိုးထိုးတတ်သောအကျင့်…ဂီဂီအဖြစ်နှင့်ခပ်ဆင်ဆင်ဖြစ်မည်ထင်ပါသည်
    သူမရဲ့လည်တိုင်ဖွေးဖွေးနဲ့ဂုတ်သားဖွေးဖွေးလေးကိုမြင်သောအခါတကယ်ရင်ခုန်ရပါသည်……
    သူမတွင်အကျင့်တစ်ခုရှိပါသည်…..
    ကျွန်တော့်ရည်းစားဟောင်းကိုခဏခဏကျွန်တော့်ရှေ့ခေါ်ပြီးသူ့အချစ်ဆုံးသူငယ်ချင်းအဖြစ်သိသိကြီး
    ကြွားတတ်သောအကျင့်ဖြစ်ပါသည်…….ထိုအဖြစ်ကတော့…တော်တော်ကိုခံစားရခက်သောခံစားချက်များ
    တသီတတန်းကြီးရစေသောအဖြစ်ဖြစ်ပါသည်……

  • Khaing Khaing

    April 18, 2012 at 1:43 pm

    ကျွန်မတွင် အကျင့်တစ်ခုရှိပါသည် ….
    ဗိုက်ဆာလျှင် တစ်ခုခုကိုစားတတ်သည်
    ဗိုက်နာလျှင် အိမ်သာသွားတတ်သည်
    အိပ်ချင်လျှင် အိပ်ယာထဲတွင် သွားအိပ်သည်
    အိပ်ယာနိုးလျှင် သွားမတိုက်ခင်ရေသောက်သည်
    ထမင်းစားလျှင် လက်နှင့်သာစားသည်
    ဆေးလိပ်ကို မီးခိုးထွက်အောင်သောက်တတ်သည်
    ဝိုင်သောက်လျှင် ခပ်ပျော့ပျော့ နှစ်ချို့ဝိုင်သာသောက်သည် (အဟီး နောက်တာနော်)(အလကားစတာ တစ်ကယ်ပြောတာ)

    ဆံပင်ကိုဘောပင်အဖုံးထိုးတတ်တာ သများလည်းထိုးတယ် ကလစ်မဝယ်နိုင်လို့လေ ရုံးကဘောပင်အဖုံးတွေကို ခိုးချင်တာလည်းပါတာပေ့ါ ……..

  • နေဝန်းနီ

    April 18, 2012 at 1:59 pm

    ကျွန်တော့တွင် အကျင့် တစ်ခုရှိသည်…။
    အင်တာနက်ဆိုင်ဝင်၍ချက်တင်ထိုင်သည့်အခါတိုင် ကောင်မလေးများနဲ့သာပြောလေ့ရှိပြီးယောက်ျားလေး များနဲ့ဆို ဝတ်ကျေတန်းကျေလောက်ပဲ ပြောလေ့ရှိပါတယ်…။
    ကျွန်တော့တွင်အကျင့်တစ်ခုရှိပါတယ်….။
    ညအိပ်ယာဝင်ခါနီးအချိန်တွင် ဆေးလိပ်ဖွာပြီးဆေးလိပ်တိုကိုခေါင်းရင်း ဆေးလိပ်ခွက်ထဲတွင် ထည့်ပြီးမှ ခြင်ထောင်ထဲဝင်လေ့ရှိပါတယ်…။ မီးခြစ်ကိုလည်း လက်တစ်ကမ်းအကွာမှာထားပြီး အိပ်ယာကနိုးနိုးချင်း ဆေးလိပ်မီးညှိ ပြီး တစ်ဖွာနှစ်ဖွာ ဖွာပြီးမှ ကျန်လုပ်စရာရှိတာကို လုပ်လေ့ရှိပါတယ်…။

  • char too lan

    April 18, 2012 at 3:18 pm

    ဟွန့် !!
    တောက်ကျင့်ဂို မကောင်းဝူး
    😛 😛 😛 😛

  • TTNU

    April 18, 2012 at 3:22 pm

    မောင်ဂီရေ…
    ဒီနေ့တစ်နေ့လုံးတော့ မောင်ရင့်မန်းနေရတာနဲ့ပဲ ဘာမှကိုမဖတ်ရသေးဘူးတော်။
    ပြီးတော့ မောင်ရင်ရေးတာဖတ်ပြီး (အထူးသဖြင့် မင်းထပ်ရေးတဲ့ စာလေးတွေပေါ့)
    ငါ့မှာတစ်ယောက်ထဲ အူတက်အောင်ရယ်နေတာ။ အင်တာနက်ဆိုင်မှာသာဆိုရင်
    ဒီအဖွားကြီး စိတ်နှစ်ဆလို့ အပြောခံရပြီ။

    အရေးကောင်းသည့်မောင်ဂီ
    အတွေးကောင်းသည့်မောင်ဂီ
    တော်ပါပေသည်။

  • ကြောင်ကြီး

    April 19, 2012 at 8:54 am

    သူမဒွင် အကျင့်တခုရှိသီ။ စိတ်ဆိုးသည့်အခါ တွေ့ရာကို ညှစ်ခြင်းပေတီး.. ဥပမာ လက်ကိုင်ပုဝါ…။ သို့သော် အလုံးအပျော့ဆိုလျင် ပိုသဘောကျ၏ ထို့ကြောင့် လက်ဝါးဆုပ် အရွယ် ဆော့ဖ်ဘောလုံး အမြဲဆောင်ထားရသည်။ သူမဒေါသထွက်လျင် ထိုအလုံးလေးနှင့် စိတ်ပြေစေရ၏။ တခါဂ မောင်ဂီ အငိုက်မိသွားသဖြင့် ရေရေလည်လည် ခံလိုက်ရသည်မှာ မိတ်ဆွေများအကြားတွင် ဥတန်းကြေသမိန်ဂီဟု အမည်တွင်သွားသည်။

  • htet way

    April 19, 2012 at 12:12 pm

    ကောင်းတယ်ဆရာဂီ
    ကြိုက်တယ်
    အဲ့ဒီ အကျင့်ကို ခင်ဗျား စွဲလမ်းခဲ့တယ်ပေါ့ဗျာ

  • marblecommet

    April 20, 2012 at 6:50 am

    ဒါ့ပုံဆြာ ပီသလိုက်ထှာအေ……
    ဒါပေသိ သူမ၏ ထိုထိုသော အကျင့်များကို
    အလင်္ကာဆြာက မြောက်ထိုးပင့်ကော်ရေးသားထားခြင်းမဟုတ်ကြောင်း
    ကျွန်ုပ်ရဲရဲကြီးယုံဘာသီ….
    သူမတို့၏ ထိုအကျင့်များသီ
    လူကို အလွန်သရိုးသရီဖြစ်စေဘာသီ…

    • သမိန်ဂီ့

      April 20, 2012 at 10:50 am

      သူမတို့၏ ဆိုပဲ ….
      😛
      ဝန်ခံပါ၏
      ဆြာကမ်းရယ်…
      မျက်စိစူးပါပေ့…

  • mocho

    April 20, 2012 at 4:02 pm

    ကိုယ် စိတ်ဝင်စားတဲ့ သူရဲ့ သူ့ ဘာသူတောင် သတိမထားမိတဲ့ ကိုယ်ပိုင် အမူအကျင် ့ အသေးဖွဲ လေးတွေ က အစ သတိထားမိတတ်တာ အချစ်ပဲ ပေါ့ကွယ်။
    ဒီနေ့ မှ ရွာထဲ ဝင်မိ၍ ခုမှမန့် ဖြစ်သည်။

    • Azzurri

      June 22, 2012 at 2:27 pm

      အခုမှ တွေ့ လို့ အခုမှ ပြန်မန့်လိုက်ပါသည်…။
      :mrgreen:
      အဲ့သည့် အချစ် ဆိုလား ဘာဆိုလား ဂျီးက ကြောက်စရာဂျီးပါဗျာ…။
      ရှိသမျှ လက်နှက် ကျည်ဆံ အကုန် ဖြုတ်သိမ်းထားပီး
      သူတခွမ်း ကိုယ်တခွမ်း လုပ်နေမှ …
      လက်ဆေးစားရတာနဲ့ မကာမိ ဖြစ်တော့မှာ..
      အောင်မလေးလေ့လေ့လေ….

      မီးဖွင့်ဝင်တာ အီကိုနော်မီ ဖြစ်ပါကြောင်း …
      (ဟိုတလောကတော့ ဟိုရောဂါထပီး) ဟီး …..
      😛

      တော်သေးဘီ…

  • mamanoyar

    June 22, 2012 at 2:33 pm

    သီချင်းလေးကို တိုးတိုးလေးမဟုတ်ပဲ
    အကျယ်ကြီးညည်းလဲရပါတယ်နော် ဟဲဟဲ

    • Azzurri

      June 22, 2012 at 2:41 pm

      အကျယ်ဂျီး ဆိုလိုက်လို့ သနားပီး ပြန်ရောက်ချလာမှဖြင့် …
      ကျုပ်နားကားမှာပေါ့ဗျာ ….
      😀

  • Nyein Nyein

    June 22, 2012 at 2:49 pm

    ကိုဂီက အသေးစိတ်လေးတွေပါမှတ်မိနေတယ်နော်။ အံဩဖို့တော့ အကောင်းသားပဲ။ ကွင်းထဲမှာ မှတ်ချက်ပေးထားတဲ့ စာလေးတွေကိုဖတ်ပြီး ရယ်လိုက်ရပါကြောင်း…………………….

  • Mon Kit

    June 22, 2012 at 3:35 pm

    ရည်းစားတွေ များလှချည့်လား မောင်ဂီရယ်…
    ဒါ သူမတွေ တစ်ယောက်ချင်းရဲ့ အကျင့်ဒွေလားဟင်င်င်………..

  • Khaing Zar Win

    November 13, 2012 at 11:33 am

    ဟယ်။ ဒီ ပို့(စ) လေးကြိုက်သဟဲ့။
    ဒါပေမဲ့ ညည်းဟာက ဖတ်ရင်း ကူလွမ်းမလို့ဟာကို အနောက်က စာသားတွေ ဖတ်ဖတ်ပြီး ရီနေရတာနဲ့ပဲ ကူမလွမ်းနိုင်ဘူးဖြစ်သွားတယ်။
    :harr:

    • အင်္ဂ ါZ

      November 13, 2012 at 11:41 am

      အလွမ်းသစ် ဆိုတဲ့ဆြာမင်းလူရဲ့ ဝတ္ထုဖတ်ဖူးလား ..
      ကျနော် အလုပ်ဝင်ပြီး ထိပ်ဆုံးရတဲ့ လခ နဲ့ မှတ်မှတ်ရရ ဝယ်ဖူးတဲ့
      စာအုပ် .. (အရင်က စာအုပ်အငှားဆိုင်လေးတွေကို သတိရမိသားဗျာ..
      ငယ်တုန်းက မုန့်ဖိုးနဲ့ ငှားဖတ်တာကိုး..)

      အဲ့သည့်မှာ တင်မေထွန်း ဆိုတဲ့ ဇာတ်ကောင်ပါတယ်..
      အဲ့သည့် အမျိုးသမီး လက်ပိုက်ပုံကို ဖွဲ့ထားတဲ့ ပုံစံကိုယူပြီး
      အတိတ်ကို တူးဆွထားတာ ….
      သိတဲ့အတိုင်း ဒီလက်က အတည် ရေးလို့ရတာ မဟုတ်ဝူးရယ်…
      ဟီး…
      အဲ့လို ပြောင်ချော်ချော်မို့လည်း ကျန်ခဲ့တာ ဖစ်မယ်..

      :kwi:

      http://myanmargazette.net/87822/creative-writing
      http://myanmargazette.net/87793/creative-writing?et_comment_like=143073

      အဲ့၂ပိုစ့်ကို ဖတ်ရင် ပိုပြည့်စုံမယ်

      • လုံမလေးမွန်မွန်

        November 13, 2012 at 1:40 pm

        လင့်တွေကို မဖွင့်ရသေးဝူး..တင်မေထွန်းလက်ပိုက်ပုံဆိုလို့ မန့်ချင်လို့…
        အဲ့တစ်ယောက်က လက်ပိုက်ရင် လက်တွေကို အပြင်မှာပဲ ထားတာမို့လား…
        အဟဲ…ကျုပ်က အဲ့စာဖတ်ပြီးကတည်းက အဲ့လိုပဲ လက်ပိုက်လို့… :mrgreen:

  • Khaing Zar Win

    November 13, 2012 at 11:44 am

    ဟဲ့ Z Z
    ဘာလို့ အဲ့ပို့(စ) နှစ်ခုလုံး နာ ဖတ်လို့မရတာတုန်း။
    လေးထောင့်တုံးတွေပဲ မြင်ရတယ်။

    • အင်္ဂ ါZ

      November 13, 2012 at 11:48 am

      Zawgyi-One နဲ့
      Alpha Zawgyi ပြဿနာဗျ…
      ကျနော် ရေးတင်ထားတာက Alpha ဖြစ်မယ်ထင်ရဲ့ဗျာ..
      :kwi:

      ကဲကဲ …လိမ့်လိုက်အုံးမဗျို့…
      မာကတ္တာပီပီ …သွား အုံးနှောက်ဆေးလိုက်အုံးမယ်..
      ဟိ…

  • Wow

    November 13, 2012 at 1:28 pm

    ဒီလိုနဲ့ဘဲ… အထီးကျန်ကျိန်စာသင့်သော လို့ပြောရမလား :kwi:
    ဟဲ့ တောက်ကျင့်ချိုဒါမျိုး ဂ ကောင်းဒါရော မကောင်းဒါဘာရှိဒယ်ဟဲ့… ညီးဂ အကောင်းဒွေဂျီး မျှော်လင့်နေရင် စီလုပ်မဂျီး အကောင်း သာရှာယူဒေါ့ :harr:

    • အင်္ဂ ါZ

      November 14, 2012 at 7:04 am

      တော်ပါပြီဗျာ ..တီလုပ်မဒွေများ …
      ဘိရုမာ မလေးဒွေပဲ ကောင်းပါတယ်…

      ပုံ
      တီလုပ်မကြိုက်ခဲ့သူ

  • Mr. MarGa

    June 10, 2013 at 2:03 pm

    ဟူး……..
    အတော် မောသွားပြီ
    ရယ်ရတာ အူနာလို့
    အလွမ်းဆိုလဲ အလွမ်း စစ်စစ် လုပ်ပါဗျ
    ဘဇာကြောင့်မို့ ထင်မြင်ချက်တွေ ထည့်နေသတုံး
    လွမ်းရမယ့် ဖီလင်လေးတွေ ပျောက်သွားပြီ
    မကျေနပ်ဖူး ပြန်လျော်ပေး :mrgreen:

  • အရိပ်စစ်

    June 10, 2013 at 4:39 pm

    ဟုတ်ပ…..မောင်ပြုးရဲ့ အလွမ်းတွေက လွမ်းချင်ရက်နဲ့ လွမ်းလည်း မလွမ်းခိုင်းဘူး
    အခုမှ သတိရတယ် အမူအကျင့်တွေကို မှတ်တမ်းလုပ်ဖို့…..

  • အရီးခင်လတ်

    June 10, 2013 at 6:34 pm

    ဗဒင်ရဲ့ ဘာသာပြန် ဆိုလို့
    ဘာသာပြန်မှား ရင် မုဒိမ်းမှု နဲ့ တွဲပြီး လူသတ်မှု ပါ ဆက်သွားတတ်တယ်။
    Post နဲ့တော့ ဘာမှတော့ မဆိုင်ဘူး။
    ဟိုဘက်က မုဒိမ်းမှု နဲ့ တွဲလို့ ကြုံတုန်း မှုခင်း ဖြစ်နိုင်တာလေး တွေးမိသွားလို့။
    :harr:

Leave a Reply