ညောင်လေးပင်မြို့လေးရဲ့ သင်္ကြန်ကာလ အတွင်းမှာ အမြဲတွေ့ရတတ်တာ တစ်ခုက စုပေါင်းရဟန်းခံ ရှင်ပြုပွဲလေးတွေပါ။

ရဟန်းလောင်း၊ မောင်ရှင်လေးတွေ အများကြီးနဲ့ မြို့ထဲကို လှည့်ပါတယ်။ မောင်ရှင်လောင်းလေးတွေအားလုံးက မြင်းကိုယ်စီနဲ့၊ ရှင်လောင်းလှည့်ရမှာပါတဲ့ သူတွေအားလုံးကတော့ ခြေလျှင်လျှောက်ပြီးတော့ပေါ့။ မြန်မာ့ရိုးရာမပျက် ရှင်လောင်းလှည့်ပွဲလေး တွေ့ရတော့ ပီတိဖြစ်ရပါတယ်။

ဒီမှာကျွန်တော်တွေ့ရတာက မောင်ရှင်လောင်း အပြင်အဆင် ထူးခြားမှုလေးတွေပါ။ မြန်မာ့နေရာ အနှံ့က ရှင်လောင်းလှည့်ပွဲလေးတွေကို တွေ့ဖူးတဲ့ ကျွန်တော်အတွက် တစ်နေရာနဲ့ မတူ တစ်နေရာမှာ တစ်ကြောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို မတူထူးခြားတာလေးတွေ တွေ့ဖူးပါတယ်။

တစ်ချို့မြို့ရွာတွေမှာက မောင်ရှင်လောင်းကို ဘုရင်တွေလို ဝတ်စားဆင်ယင်ကြသလို၊ တစ်ချို့နေရာတွေမှာတော့ နတ်သားလေးတွေလို ဝတ်စားဆင်ယင်တာ တွေ့ဖူးပါတယ်။ တစ်ချို့နေရာတွေမှာက မောင်ရှင်လောင်းတွေကို ကုန်းပိုးပြီး ရှင်လောင်းလှည့်ကြသလို တစ်ချို့နေရာတွေမှာက စက်ဘီးနဲ့၊ ဝေါနဲ့၊ လှည်းနဲ့၊ ကားနဲ့ အမျိုးမျိုး အဖုံဖုံပါပဲ။

အောက်က ပုံလေးတွေကတော့ ညောင်လေးပင် ရှင်လောင်းလှည့်ပွဲက မောင်ရှင်လောင်းလေးတွေရဲ့ အလှတွေပါ။ ပန်းစိုတွေနဲ့ ဝေနေသူပါသလို၊ ရောင်စုံပန်းခြောက်လေးတွေနဲ့ ဆင်ယင်ထားတာလည်း တွေ့ရပါတယ်။ ထူးထူးခြားခြား သတိထားမိတာကတော့ ပုသိမ်ထီးဆောင်း မောင်ရှင်လောင်းတွေနဲ့ ဘိုးသူတော်လောင်းလေးတွေကိုပါ။ ချစ်စရာလေးတွေပါပဲ။

ရှင်လောင်းလှည့်ပွဲက ကွမ်းတောင်ပန်းတောင် အလှုငွေကိုင်လေးတွေ

စံပယ်ပန်းတွေ ဝေနေတဲ့ မောင်ရှင်လောင်း

ပန်းတွေနဲ့ဝေ

ပန်းတွေနဲ့ဝေ

ပုသိမ်ထီးဆောင်း မောင်ရှင်လောင်းတွေ

ထူးခြားတဲ့ အပြုံးနဲ့ ဘိုးသူတော်လေး

စိန်သော့

 

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။