အပေါ်ယံရွှေမှုန်ကြဲ အတွင်းက…

yannaingechJune 15, 20101min1926

အပေါ်ယံကြည့်ရင် သူတို့ဟာ ကံထူးသူတွေပါ။ ဘွဲ့တစ်ခုကို အလွယ်တကူ ရခဲ့ပြီး ရာထူးတစ်ခုပါ ချက်ချင်းရခဲ့ကြသူတွေ။ ရတဲ့ဘွဲ့ကလည်း အင်ဂျင်နီယာဘွဲ့၊ မဟာအင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာပါရဂူဘွဲ့တွေ။ ရတဲ့ရာထူးတွေကလည်း လက်ထောက်ကထိက၊ ကထိက၊ ဒုတိယပါမောက္ခ၊ သုတေသနအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး…။ အသက် ၂၂ နှစ်ကနေ ၃၂ နှစ်ကြား လူငယ်လေးတွေမှာ အဲဒီလောက်အရေးပါတဲ့ရာထူးတွေရှိနေတာ အံ့အားသင့်စရာ။

၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် တက္ကသိုလ်များ ကိုပိတ်လိုက်ပါတယ်။ ၁၉၉၆ အောက်တိုဘာ ၂ မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို မြန်မာနိုင်ငံရဲ့ အခု ၃ဝမြောက် ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးလိုက်ပြီး ပထမဆုံးနဲ့ တစ်ဦးတည်းသော ဝန်ကြီးအဖြစ် အမေရိကန်သံအမတ်ကြီးဟောင်း ဦးသောင်းကို အပိုင်စားပေးလိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်၊ မန္တလေးစက်မှုတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ် စတာတွေကို ၁၉၉ရ ဇန်နဝါရီ ၁ ကစလို့ ဦးသောင်းလက်ထဲ ထိုးထဲ့လိုက်ပါတယ်။ ဦးသောင်းလက်ထဲမှာ စက်မှုတက္ကသိုလ်တွေဟာ နည်းပညာတက္ကသိုလ်တွေအဖြစ် အမည်ပြောင်းသွားပါတယ်။

ဦးသောင်းဟာ DSA First Batch ကဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့အတူကျောင်းဆင်းပါတယ်။  စစ်သားဘဝနဲ့ သတ္တုတွင်းဝန်ကြီးဌာနမှာ လုပ်ခဲ့ပါတယ်။ စစ်တပ်မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ကထုတ်လို့ အမေရိကန်ပြည်ထောင်စုကို သံအမတ်ကြီးအဖြစ်ပို့လိုက်ပါတယ်။ ဦးသောင်းဟာကျောက်ဆည်သားဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးရဲ့ အိမ်နီးချင်းလည်းဖြစ်ပါတယ်။ ကျောက်ဆည်က အိမ်ဖြူတော်ကြီးနဲ့ ကပ်ရက်မှာ သူ့အိမ်ရှိပါတယ်။ ပင်ကိုယ်ကထက်မြက်ပြီး အတွေးအခေါ်ကောင်းကြသူတွေဖြစ်တဲ့ အင်ဂျင်နီယာများကို ဦးသောင်းထိန်းချုပ်လိုက်ပုံကတော့ လက်ဖျားခါလောက်ပါတယ်။

ဥပမာ တစ်ခုကိုပဲ ပြောလိုပါတယ်။ သက္ကရာဇ် ၂၀၀ဝ ပတ်ဝန်းကျင်မှာ ဦးသောင်းဟာ စံပြအင်ဂျင်နီယာသင်တန်းဆိုပြီး အင်ဂျင်နီယာသင်တန်းတစ်ခုဖွင့်လိုက်ပါတယ်။ ဆယ်တန်းအောင်ပြီးစလူငယ်လေးတွေဟာ အင်ဂျင်နီယာအိပ်မက်တွေနဲ့ အဲဒီသင်တန်းထဲလှိမ့်ဝင်လာကြပါတယ်။ သင်တန်းစတက်ပြီဆိုတာနဲ့ သူတို့ကို ဝန်ထမ်းခန့်ပြီ လစာချက်ချင်းပေးပါတယ်။ ဝန်ထမ်းကျောင်းသားပေါ့။ အင်ဂျင်နီယာသင်တန်းဟာ ၅နှစ်သင်တန်းဖြစ်ပြီး ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ တစ်နှစ်ပြီးတိုင်း ရာထူးတစ်ဆင့် တိုးပေးသွားပါတယ်။ ၅နှစ်ပြည့်လို့ ဘွဲ့ရပြီးတာနဲ့ သူတို့ကို ချက်ချင်း လက်ထောက်ကထိက ရာထူးပေးလိုက်ပါတယ်။ စာသင်နှစ် ၅နှစ်မှာ ကျောင်းပိတ်ရက်ရှည် မရှိတဲ့အတွက် ပြက္ခဒိန်နှစ် ၄ နှစ်ကျော်သာကြာပြီး ၁ဝတန်းအောင်စ ၁၈နှစ်သား လူငယ်လေးတွေဟာ ၂၂နှစ်အရွယ်မှာ အင်ဂျင်နီယာဘွဲ့ရပြီး ချက်ချင်းကြီးပဲ အရာရှိတွေ ဖြစ်သွားကြပါတယ်။ သူတို့ကျောင်းတက်ရတဲ့ ၄နှစ်ကျော်ကာလမှာ သူတို့ကို စစ်တပ်ကစစ်သားတွေကို လေ့ကျင့်သလို လေ့ကျင့်ပေးပါတယ်။ ကျောင်းတက်ရင် ယူနီဖောင်းဝတ်ရပါတယ်။ မနက် ၄နာရီထပြီး PT ပြေးရပါတယ်။ စားဖိုဆောင်မှာ ပဲဟင်းနဲ့ထမင်းစားရပါတယ်။ ညဆို စုပေါင်းခန်းမမှာ Night Study ဝင်ရပါတယ်။ ကျောင်းသားတွေကို စာမေးပွဲချရင် ဆရာတွေကို အလုပ်ထုတ်ပါတယ်။ ၁ဝတန်းအောင်စ လူငယ်လေးတွေဟာ တက္ကသိုလ်ဆိုတာ ဘာလဲမသိဘဲ ဘွဲ့တွေရသွားကြပါတယ်။ ဘွဲ့ရပြီဆိုတာနဲ့ သူတို့ကို ရာထူးတွေပေးပြီး ချက်ချင်းပဲ နိုင်ငံအနှံ့မှာရှိတဲ့ နည်းပညာကောလိပ်တွေဆီကို ဆရာတွေအဖြစ် ပို့လိုက်ပါတော့တယ်။ အဲဒီဆရာတွေအားကိုးနဲ့ပဲ ကျောင်းတွေတစ်ကျောင်းပြီးတစ်ကျောင်းဖွင့်၊ နည်းပညာကောလိပ်တွေကို နည်းပညာတက္ကသိုလ်တွေလို့ အမည်ပြောင်း၊ နောက်ပေါက် ၁ဝတန်းအောင်ကျောင်းသားလေးတွေကို တက်ခိုင်းပြီး ဘွဲ့တွေလှိမ့်ပေးနေတော့တာပါပဲ။

ဦးသောင်းဟာ အဲဒီလိုပုံစံနဲ့ အင်ဂျင်နီယာသင်တန်းအပြင်၊ မဟာအင်ဂျင်နီယာသင်တန်းနဲ့ အင်ဂျင်နီယာပါရဂူသင်တန်းတွေကိုပါ ဖွင့်ပါတယ်။

အဲဒီအရာရှိရာထူးတွေ အပေးခံခဲ့ရတဲ့ လူငယ်ကျောင်းဆရာလေးတွေရဲ့ဘဝတွေ ဘာဖြစ်သွားကြလဲ။ အလွယ်ဆုံးပြောရရင်တော့ လူညွန့်တုံးသွားကြပါသည်။ သူတို့မြတ်နိုးသည့် အင်ဂျင်နီယာဘဝနဲ့ အသက်မွေးခွင့်မရကြပါ။ စူးရှထက်မြတ်တဲ့၊ တော်လှန်တဲ့အတွေးအခေါ်တွေမရှိဘဲ၊ တခြားဝန်ကြီးဌာနက တခြားအရာရှိတွေလို ဘေးပေါက်ဝင်ငွေတစ်ပြားမှမရှိဘဲ ပေးထားသမျှလစာနဲ့ ဘဝကို ရုန်းကန်နေကြပါသည်။ သူတို့တွေဘဝ ပေတေစုတ်ပြတ်နေသည်ဆိုလျှင် မတွေ့ဖူးသည့်သူများ ယုံမည်မဟုတ်ပါ။

ဝန်ကြီးဌာနရဲ့ နှိပ်ကွပ်မှုတွေက ပြင်းထန်လှသည်။ ပို့ချင်သည့်သူကို ပို့ချင်သည့်နေရာပို့သည်။ ဇာတိနှင့်နီးသည့်နေရာသို့ ပြောင်းခွင့်မရှိ။ အိမ်ထောင်သည်များ တစ်ကျောင်းတည်းမထား။ ကျောင်းအများစုတွင် ဆရာ၊ဆရာမများအတွက် သင့်တော်သည့် နေစရာအဆောက်အဦး ဆောက်ပေးမထားပါ။ ရေမီးဆိုတာကတော့ ကံကောင်းလျှင်အဆင်ပြေမည်၊ ကံမကောင်းလျှင် ဖြစ်သလို။ ဦးသောင်းကလည်း ခိုင်မာတိကျသည့် မူဝါဒမရှိဘဲ ဝန်ကြီးဌာနကို ဦးဆောင်သည်။ သူစိတ်ထဲ ပေါ်လာသမျှ ဝန်ကြီးဌာနကို အသုံးချ၍ အကောင်အထည်ဖေါ်သည်။ အလုပ်အများစုကို နှုတ်မိန့်ဖြင့်သာ ခိုင်းပြီးတရားဝင်အမိန့်စာ ထုတ်လေ့မရှိ။ စည်းကမ်းနည်းလမ်း၊ အစဉ်အလာ၊ မူဝါဒ ဘာကိုမျှအလေးမထားဘဲ ပေးချင်သည့်သူကို ပေးချင်သည့်ရာထူးပေးပြီး၊ ဖြုတ်ချင်သည့်သူကို ဖြုတ်ချင်သလိုဖြုတ်၊ ပြောင်းချင်သည့်သူကို ပြောင်းချင်သလိုပြောင်းလေ့ရှိသည်။

ဒီလိုနှိပ်ကွပ်နေရင် ဘာလို့လုပ်နေမလဲ၊ ထွက်ပေါ့လို့တွေးနေမလား…။ မရပါ။ ကျောင်းစတက်ကတည်းက သူတို့တွေမှာ စာချုပ်တွေလက်မှတ်ထိုးရပါသည်။ B.Eဘွဲ့ယူလျှင် ၅နှစ် ဝန်ထမ်းလုပ်ရမည်။ မလုပ်နိုင်လျှင် လျှော်ကြေး သိန် ၂၀။  M.E ဘွဲ့ယူလျှင် ၁၂နှစ်၊ ၃၅ သိန်း။ Ph.D ဆိုလျှင် ၁၅နှစ် သိန်း ၅၀။ ဘာတွေလုပ်လို့ ဘယ်ကပိုက်ဆံနဲ့ ဒီလျှော်ကြေးတွေ သူတို့ပေးမလဲ။ လျှော်ကြေးမပေးဘဲ ကိုယ်လွတ်ရုံး၍ ပြည်ပနိုင်ငံများသို့ ထွက်သွားသည့်သူတွေရှိပါသည်။  အဲဒီလူတွေကို ဝန်ကြီးဌာနရဲ့ Website မှာ အမည်စာရင်းကြေညာပြီး အသရေဖျက်ထားပါသည်။ Passport ထုတ်မပေးအောင် စာရင်းပို့၍ ပိတ်ထားပါသည်။ ပြန်လာရဲလာကြည့်လို့ ကြိမ်းဝါးထားသလိုပါပဲ။

မြန်မာနိုင်ငံမှာ အတော်ဆုံးလူငယ်တွေကို ကျောင်းနှစ်မျိုးမှာပဲအဓိက တွေ့နိုင်ပါမည်။ ဆေးကျောင်းနဲ့ နည်းပညာတက္ကသိုလ်။ ဆရာဝန်တွေကို တော်ကြလျှင် ပြည်သူတွေဟာ ကျန်းမာသန်စွမ်းသူတွေဖြစ်လာကြမည်။ သို့သော် တိုင်းပြည်တိုးတက်ဖို့ အင်ဂျင်နီယာတွေရဲ့အားက ပိုလိုပါမည်။ လမ်းတွေ၊ တံတားတွေ၊ အဆောက်အအုံတွေ၊ စက်ရုံတွေ၊ စက်ပစ္စည်းတွေ၊ တီထွင်မှုတွေ၊ နည်းပညာအသစ်အဆန်းတွေ…ဒါတွေကို အင်ဂျင်နီယာတွေက မွေးဖွားပေးရမည်။ သူတို့တွေဟာ အနှောင်အဖွဲ့ကင်းကင်း၊ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ရမည်။ ထက်မြက်သူတွေ၊ တော်လှန်တွေးခေါ်နိုင်သူတွေ ဖြစ်နေရမည်။ ခုတော့ ဒါတွေပျောက်ဆုံးလို့နေပါသည်။ သည်နွံထဲကသူတို့ ဘယ်လိုရုန်းထွက်ကြမယ် လမ်းမြင်နိုင်ပါ့မလား။ ရုန်းထွက်ရမယ်ဆိုတာကိုရော သူတို့သိမြင်လာကြပါ့မလား။ တိုင်းပြည်အနာဂတ်အတွက် သူတို့မှာတာဝန်ရှိတယ်ဆိုတာရော သူတို့ခံစားမိလာပါ့မလား…

6 comments

  • ghost

    June 15, 2010 at 4:45 pm

    မြန်မာပြည်ရဲ ပညာရေး က ဒီအာဏာရှင် တစုရဲလက်တွင်းမှာ စနစ်တကျဖျက်စီးတာ ခံရမှာဘဲ
    ပညာရေးနဲ အသက်မွေးမဲသူတွေ သတိရှိပြီး သူတို ့ပေးတဲပညာရေး အဆိပ်ရှိမှန် သိဖို ့လိုပြီ။

  • soemoe

    June 15, 2010 at 4:48 pm

    မှန်ပါတယ်ဗျာ အားလုံး ကို မှန်နေပါတယ် ပင်ကိုယ်မှာ ထက်မြက်တဲ့ မျိုးဆက်သစ် အင်ဂျင်နီယာ တွေရဲ့ ဘဝ
    မတွေးဝံ ရအောင်ပါပဲဗျာ ကိုယ်တိုင်မြင်ခဲ့ ရတဲ့ မြင်ကွင်းတွေကို အခုလို ထုတ်ပြခဲ့တာ
    မြင်ရတော့ အရမ်းနှမြောမိတယ်ဗျာ ကိုယ့်ကိုယ်ကို …..

  • etone

    June 16, 2010 at 2:48 am

    တစ်ချို့ ကလည်း အဲ့ဒီ ဘာမဟုတ်တဲ့ရာထူးလေးကိုမတ်ပြီ အိတ်စိုက်စားသောက်နေကြတာလဲရှိတယ် ။

  • petitelapine

    June 16, 2010 at 4:03 am

    ဒီလိုနဲ့ပဲ မြန်မာတွေ တဖြည်းဖြည်းလူညွှန့်တုံးကုန်ကြတော့မှာပဲ….ဘာမှ မဟုတ်တဲ့ ရာထူးတော့ မဟုတ်ဖူးပေါ့လေ..သေရင်ပဲ ဖြစ်ဖြစ်..မင်ဂလာဆောင်ရင်ပဲ ဖြစ်ဖြစ် အမြီးရှည်တာပေါ့ …:P

  • snow

    June 16, 2010 at 5:08 am

    မြန်မာနိူင်ငံကျောင်းသားလူငယ်များ ပညာရေးတိုးတက်ဖွံ့ဖြိုးစေရန် နှင့်ဘွဲ့ရများ ပိုမိုမွေးထုတ်နိူင်ရန် ရည်ရွယ်ချက်ဖြင့်
    သင်ရိုးညွန်းတမ်းများတွင် ခက်ခဲသော စဉ်းစားညဏ်သုံးရသော သင်ရိုးများ ကို ထုတ်နူတ်၍ လွယ်ကူသော စာများကို သာ ထည့်သွင်းရန် နှင့်
    စာမေးပွဲတွင်မေးမည့်အရာများကို သာ ထုတ်နူတ်သင်ကြားရန်။
    သမိုင်းဆိုသည် မှာ အတိတ်တွင်ဖြစ်ပွားခဲ့သော အကြောင်းများဖြစ်သောကြောင့် သမိုင်းများအား မသင်ကြားပေးရန်။
    စာမေးပွဲဖြေဆိုသူတိုင်း အအောင်ပေးသည့်စနစ်ကို ကျင့်သုံး၍ ဘွဲ့ရများ ပိုမိုမွေးထုတ်ရန်။
    သချင်္ာပညာရပ်များအား ဖြေရှင်းနည်း နှင့် တွက်ချက်ခြင်းများကို မပြုလုပ်ဘဲ အလွတ်ကျတ်စေရန်။
    ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိူင်ရန် တက္ကသိုလ်ကျောင်းများအား ယခုထက်ပိုဝေးသော
    နေရာများတွင် ရွှေ့ပြောင်းဆောက်လုပ်ရန်။
    ကျောင်းသားများ၏ ကျန်းမာရေးလေ့ကျင့်ခန်း ရစေရန်အတွက် လမ်းများများလျှှေက်ရသော နေရာများတွင် သာ
    ဘစ်စကားမှတ်တိုင်များကို ထားရှိရန်။
    ဆရာဆရာမများအား ကျောင်းသားများ ပညာရေးကို ပိုမိုသင်ပေးနိူင်ရန် ကျူရှင်ပိုမိုဖွင့်လှစ်ကြပါရန်။
    မိမိတို့သက်ဆိုင်ရာ အရာရှိများ၏ သားသမီများကို မူ ပြည်သူများအတွက် အနစ်နာခံကာ နိူင်ငံခြားတိုင်းပြည်များတွင်သာ
    ပညာသင်ကြားပေးရန်။

    အဲလိုပဲလေ.မြန်မာပညာရေးက….အရမ်းစိတ်ပျက်ဖို ့ကောင်းတယ်…….တော်ပါသေးရဲ ့ငါတို ့ဆက်မတက်မိလို့
    တက်လို့ကတော့…စာချုပ်နဲ့ နဲ့အသရေဖျက်ခံနေရအုံးမယ်….ဟူးးးးးးးးးးးး

  • cruz

    July 28, 2010 at 4:26 pm

    တက္ကသိုလ်ဆိုတာ အရင်တုန်းက ဘဝတက်လမ်းရှာတဲ့ကျောင်းသားတိုင်းရဲ့… ပြယုဂ်တစ်ခုပါပဲ….
    အဲဒီတုန်းကကျောင်းသားတွေကြည့်လိုက်ရင်… ပညာကိုတကယ်လိုလားတဲ့သူတွေဆိုတာ အရမ်းသိသာပါတယ်…
    ခုနောက်ပိုင်း ကျောင်းတော်သားများကတော့… ပညာလိုလားမလိုလားတော့မသိဘူး……
    အင်တာနက်ဆိုင် ဂိမ်းဆိုင်…ထန်းတော… လက်ဖက်ရည်ဆိုင်… အဲလိုနေရာတွေမှာပဲ အများဆုံးတွေ့နေရပါတယ်…
    ဒါတောင် တစ်ခြားပြောချင်သေးတဲ့နေရာတွေ အများကြီးနော်….မကောင်းတတ်လို့….မပြောတာ…
    ကျောင်းသားတွေကို စည်းကမ်းတင်းကျပ်လိုက်ပုံများ… စာမေးပွဲဖြေရတဲ့ရက်တွင်းမှာတောင် အဲလိုနေရာတွေမှာ ကျောင်းသာတွေပြည့်နေတာပဲ..တစ်ချို့ဆို…
    စာမေးပွဲကမနက်ဖြေရမှာ…ဂိမ်းဆိုင် ညလုံးပေါက်ထိုင်တယ်ဗျာ… မနက်ကျတော့မှထပီးကျောင်းမှာစာမေးပွဲသွားဖြေတယ်….
    တော်လိုက်ကြတာ…..အနာဂတ်မြန်မာပြည်ကြီးရဲ့….မျိုးဆက်သစ်ကလေးများ….
    အရမ်းတော်ကြပါတယ်ခင်ဗျာ….မြန်မာပြည်ကြီးအနာဂတ်ဟာ သူတို့လက်ထဲမှာနော်….စာမေးပွဲတောင် ဂိမ်းဆော့ပီးဖြေတဲ့ကျောင်းသားတွေရဲ့ လက်ထဲမှာ..
    မြန်မာနိုင်ငံတော်ကြီးအနာဂတ်က….အင်း……ရင်လေးစရာပဲဗျာ…..တွေးကြည့်လို်က်ရင်….
    တကယ်တော်တဲ့သူတွေလည်းရှိပါတယ်…ဒါပေမယ့် အများစုက ဒီလိုတွေဖြစ်နေတာဆိုတော့….
    စိတ်မောရပါလားဗျာ……..မြန်မာပြည် အနာဂတ်အတွက်….။

Leave a Reply