အံဇာတုံး က ဥစ္စစောင့် ဆိုလို့ အဖွားနဲ့ အမေပြန်ပြောပြတာတွေ သတိရမိတယ်။
ကျမ ငယ်ငယ်က စကားပြောတတ်ပြီး သိပ်မကြာခင်ပဲ ပေါက်ကရ တွေ လျောက်ပြောသတဲ့။ ဘယ်လို ပြောသလဲဆိုတော့ ကျမက အဖေတို့ တာဝန် ကျ တဲ့ ၊ ကျမ ကို ကိုယ်ဝန် စရှိ ခဲ့ တဲ့ ရွာနား က ဘုရားကြီး က လာတာ ဖြစ်ကြောင်း ၊ ကျမမှာ မောင်ကြီးတွေ၊ ညီမလေးတွ ရှိပြီး ကျမက အလတ်ဖြစ်ကြောင်း၊ ကျမတို့ ကိုအုပ်ချုပ်တဲ့ ဘိုးဘိုး ရှိကြောင်း ၊ လသာတဲ့ ညတွေဆို ပန်းတွေ စီထားတဲ့ နွယ်ဒန်းတွေ စီးကြကြောင်း ညီမတွေ ကို မောင်ကြီးတွေက လွှဲပေးကြောင်း တွေ၊ ဖေဖေမေမေတို့ ဘုရားကြီးလာတာတွေ့တော့ လိုက်ချင်လို့ အတင်း ထွက်ပြေးလာကြောင်း၊   မောင်ကြီးတွေက သဘောမတူပဲ ရိုက်နှက်ကြကြောင်း နဲ့ ခုတောင် ဒဏ်ရာရှိသေးကြောင်း ပြောပြီး ဘယ်ဘက် နား အနောက် ဘက် နားထင် ပေါ်က ဆံပင် မပေါက်ပဲ ပြောင် နေတဲ့ မွေးရာပါ အမှတ်ကို ပြ သတဲ့။  လကွယ်ည အားလုံးအိပ်ပျော် နေတဲ့ အချိန်မှာ ဘယ်သူမှ မသိအောင် ထွက်ပြေး လာပါသတဲ့။
တိုက်တိုက် ဆိုင်ဆိုင် ကျမရဲ့ မွေးနေ့က တန်ဆောင် မုန်း လကွယ်နေ့ ဖြစ်သလို ၊ ဆရာဝန် အဖေနဲ့ သူနာပြု အမေက ကျမကို ဂျူးဒိတ်ကနေ တဆင့် သန္ဓေ စတည်လောက်တဲ့ ရက်ကို ပြန်စစ်လိုက် တော့ လည်း လကွယ်နေ့ တရက်က အနီးစပ်ဆုံး တိုက်ဆိုင်နေပြန်တယ်။ ကျမကလည်း   မောင်ကြီးတွေ ၊ နှမလေးတွေ ပါးစပ်ကမချပဲ၊ တယောက်တည်းလည်း စကားတွေ မကြာခဏ ပြောတတ်တော့ အဖေအမေရော၊ အဖိုးအဖွားတွေကော စိတ်ပူလာပြီ့း အဲတုန်းက နာမည် ကြီး ဆရာ တယောက် ဆီ ရောက် သွားပြီး သိုက်ကြိုး ဖြတ်ရပါသတဲ့။
အမေတို့ ၊အဖွားတို့ ပြန်ပြောပြတဲ့ ဆရာ့ရှေ့မှာ ဈေးဆစ် ကြတဲ့ အကြောင်းက စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒီ ဆရာက ဘိုးဘိုး ဆိုသူနဲ့ မောင်ကြီး ဆိုသူကို သူ့ ရှေ့မှောက် ခ်ါလိုက်ပါတယ်တဲ့၊ ပရိတ်သတ် ထဲက တယောက်ကို မောင် ကြီး ဆိုသူမှ ၀င် ပူးပြီး ပြောတာက ၊ မောင်နှမ ၇ ယောက် ရှိပြီး သူက အကြီးဆုံး ဖြစ်ပါကြောင်း၊ ယောက်ျာလေး ၃ယောက်က အကြီး ၊ မိန်းကလေး ၄ ယောက်ကအငယ် မှာ ကျမက မိန်းလေးထဲမှာ အကြီး ဆုံး ဖြစ်ပါကြောင်း၊ အကို အကြီး ဆုံး သူ က နှမ အကြီးဆုံး ကျမ ကိုအချစ်ဆုံး ဖြစ်ပါကြောင်း။ ဒါကြောင့် လူ့ ပြည်ကို ပေးမသွားလို ကြောင်း ၊ အခု ရောက်သွားပြီ ဆိုတော့ ဘယ်နှနှစ် ထိပဲ နေခွင့် ပြုနိုင် ကြောင်း ပြောတော့ ဆရာ က လူ့ ပြည်မှာပဲ ရတနာ သုံးပါး ရှိတဲ့ အတွက် ကုသိုလ် ကောင်းမှု ပြု လုပ်နိုင် ကြောင်း ၊ နှမ ကို အမှန်တကယ် ချစ်ရင် ကုသိုလ် ကောင်းမှု ပြု လုပ်နိုင် တဲ့ ၊ပိုပြီး မြင့်မြတ်တဲ့လူ့ ဘ၀မှာ ကုသိုလ်ကံ ရှိသလောက် နေထိုင် တာကို ခွင့်ပြုသင့် ကြောင်း ၊ မနှောက်ယှက် သင့်ကြောင်း ၊ ကိုယ်တိုင်လည်း အပါယ် ဘုံသားဘ၀ နှင့် မမွေ့ လျော် နေပဲ လွတ်မြောက် အောင် ကြိုးစားသင့်ကြောင်း တရားဟောပါသတဲ့။ အဲဒီ မှာတိုက် ဆိုင်တာ က ပူးပြီးပြော တာ တွေ နဲ့ ကျမ ပြောပြောနေ တာတွေ က တထပ်တည်း ကျ နေသလို အပူးခံရတဲ့ အမျိုးသမီး ကလည်း အမေတို့ နဲ့ လုံးဝ မသိတဲ့ အမေ တို့ လို ဧည့် သည် ပါပဲတဲ့။
အသက် ၂၅ မှာ တော် စစ်ယူ လိုက် ရပြီး နောက်ဆုံးမှာတော့ ကျမကံ ရှိသလောက် အသက်ရှည် ခွင့် ရမယ်၊ ကျမမိဘတွေ နဲ့ ကျမ ကိုယ်တိုင် ကုသိုလ် ကောင်းမှု လုပ်ပြီးတိုင်း သူတို့ ကို မမေ့ မလျော့ အမျှဝေ ပါ့မယ်ဆိုတဲ့ ကျမတို့ ဘက်က ကတိနဲ့ ကျမရဲ့ ကံရှိသလောက် သက်တန်း တလျောက် ဘာ အနှောက်ယှက်မှ မပေးပါဘူး ဆိုတဲ့ ကတိ လဲလှယ်ခဲ့ကြတယ်။ ခေတ်ပညာတတ် ဆရာဝန် ဖြစ်တဲ့ အဖေ တောင် သမီးဇောနဲ့ အဲဒီ ဘုရားကို ပြန်သွားပြီး ဆရာ ခိုင်းတဲ့ အတိုင်း ပြဒါးပေါက်တာတွေ ခွင့်တောင်းတာတွေ  လုပ်ခဲ့ရပါသတဲ့။ အဲဒီနောက် ကျမလည်း ပေါက်ကရတွေ မပြောတော့ ပဲ ၊ ကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်း နဲ့ ပုံမှန် ကလေးတယောက် ဖြစ်သွားပါသတဲ့။ အမေတို့ ပြောလို့သာ သိခဲ့ရပေမယ့် ကာယကံရှင် ကျမကတာ့ စိတ်ဝင်စားစရာ ဇာတ်လမ်း တပုဒ်လို့ ပဲ ခံစားမိပါတယ်။ ဒါပေမယ့် အမေ စိုးရိမ်တဲ့ အသက် ၂၅ နှစ်ပြည့် တုန်းကတော့ အမေ စိတ်ကျေ နပ်အောင်၊ ကိုယ်လည်း ၀တ်ချင်တာနဲ့ သီလရှင် ၉ ရက် ၀တ်ပြီး ဘ၀ ပြောင်းပေးလိုက်သေးတယ်။
ကျမသိတတ်စ တည်းက မိဘ၊ ဖိုးဖွားတွေက ဘုရားရှိခိုး ၊ ပုတီးစိတ် တတ်အောင်သင်ပေးပြီး ၊ ပြီးရင် မမေ့ မလျော့ အမျှဝေဖို့မှာထားတယ်။ ကျမလည်း ကုသိုလ်ကောင်းမှု လုပ်ပြီးတိုင်း၊ ဘုရားတွေ ဖူးပြီးတိုင်း၊ တရားစခန်းတွေ ၀င်ဖြစ်တိုင်း ဘ၀ ဟောင်းက အဆက်အနွယ်တွေကို အမျှဝေဖြစ်တယ်။ ကျမက ရတနာ ၃ပါး က လွဲလို့ နတ်တွေ ၊ ဘိုးတော် မယ်တော်တွေ လုံးဝ မကိုးကွယ်ပါဘူး။ နတ်စိမ်း တွေ ၊ ဥစ္စာစောင့် တွေဆိုတာ တကယ်တော့ အစွဲ အလမ်း ကြောင့် ဖြစ်ခဲ့ရတဲ့ အပါယ် ဘုံသားတွေပါ။ သူတို့ ကို ကြောက်စရာ၊ ကိုးကွယ်စရာ လည်း မလို သလို၊ မထီမဲ့မြင် ပြုစရာလည်း မဟုတ်ပါဘူး။ သူတို့ရှိနေတာကို တော့ အသိမှတ် ပြုပေးပြီး ကုသိုလ်ကောင်းမှု လုပ်တဲ့အချိန်မှာ မေတ္တာပို့ အမျှဝေပေးရင် ပြီးတာပါပဲ။

အမေတို့ ပြောပြ တဲ့ ကျမ ငယ်ငယ် က အကြောင်း ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါတယ်။

မှတ်ချက်။         ။( ဆံပင် အရှည် မမြန်တဲ့ ကျမ အသက် ၂၅နှစ် လှတ ပတ အရွယ်မှာ ဂတုံးဆံပင်ပေါက်နဲ့ တော်တော်ကြာကြာ နေလိုက် ရပြီး ၂၆နှစ် မှာ မင်္ဂလာဆာင်တော့ ဆံပင်က ဆံထုံး ထုံး လို့ မရသေးလို့ ဆံပင် တု စွပ်ခဲ့ ရတာ တာ့ မှတ်မှတ် ရရ ပဲ။ တော်သေးတာပေါ့ မောင် ကြီးရယ် ယောက်ျား မယူရဘူးလို့ မမှာခဲ့ လို့….ဟီးးးဟီးးးး)

About မိုချို

မို co has written 41 post in this Website..