မြန်မာနိုင်ငံကြီးသာ ပန်းခင်းကြီးတစ်ခင်းဆိုရင်ဖြင့်-

ပြည်သူတွေဟာ ပန်းပွင့်လေးတွေဖြစ်လာကြမှာပါ…

ညှိုးနွမ်းနေတဲ့ပန်းပွင့်လေးတွေမဖြစ်ချင်သလို… မြေသြဇာ မရတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူး…

နေရောင်မရတဲ့ လောင်းရိပ်အောက်မှာ မဖူးပွင့်ချင်သလို… သွေးစွန်းတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူးဗျာ…

ကျွန်တော်တို့နေတဲ့ ပန်းခင်းကြီး ပိုပြီးလှပတာ… ပိုပြီးအရောင်အသွေးစုံလင်တာ… ပိုပိုလှတဲ့ပန်းလေးတွေပဲ မြင်ချင်မိတာ ကျွန်တော်တို့ရဲ့စိတ်ဆန္ဒပါဗျာ…

ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေနဲ့ဥယျာဉ်မှူးကြီးဖြစ်နေတော့ ကျွန်တော်တို့ဘ၀က ဘယ်မှာ သိပ်ပြီး လန်းဆန်းနိုင်ပါ့မလဲ…

ဥယျာဉ်မှူးကြီးရဲ့အဖေ ဥယျာဉ်မှူးဟောင်းကြီး ဖဲရိုက်၊ အရက်သောက်လို့ တင်သွားတဲ့အကြွေးတွေကို သားဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေထိုးဆပ်နေမှတော့ ကျွန်တော်တို့ ပန်းခင်းလေးဟာလဲ… သိပ်ပြီးတော့မလှပတော့ဘူးလေ… ဥယျာဉ်မှူးဟောင်းကြီးလက်ထက်တုန်းက ရှိသမျှရောင်းပြီး အရက်သောက်ဖဲရိုက်လို့… အ၀ီစိတွင်းလေးက မော်တာလေးလဲမရှိတော့ဘူး… ပန်းခင်းဘေးမှာ ထိုင်စရာခုံတန်းလေးလဲ ခြံစည်းရိုးတွေပေါက်ပြဲလို့ အပြင်ကလူတွေဝင်လာပြီး ထင်းစိုက်ဖို့ ဖြုတ်ယူသွားကြပြီ…

နောက်ဆုံးကုန်းကောက်စရာမကျန်တော့လို့ အရိပ်ရတဲ့ ဗံဒါပင်ကြီးကိုတောင် ခုတ်ရောင်းလိုက်ရတယ် မဟုတ်လား… ကျွန်တော်တို့ ဥယျာဉ်လေးဘယ်လိုများ သာယာပါတော့မလဲကွယ်… အခုဆိုရင် ကျွန်တော်တို့ ပန်းခင်းကိုလာပြီး အပန်းဖြေနေကြ ဟိုးအဝေးကြီးကဧည့်သည်တွေလဲ မလာတာတော်တော်ကြာပြီပေါ့…

ဧည့်သည်တွေမလာတော့ ဥယျာဉ်ဟောင်းကြီးခမျာ ပန်းလှလှလေးတွေလဲမရောင်းရ… ဒေသထွက်ကုန်လေး တွေကိုစုပြီးဖွင့်ထားတဲ့ အရောင်းဆိုင်လေးလဲ အရင်းပြုတ်နဲ့ ကျွန်တော်တို့ဥယျာဉ်ကြီးဟာ ဘယ်မှာများသာယာ လှပပါဦးတော့မလဲ…

ဒီလိုနဲ့ ဥယျာဉ်မှူးဟောင်းကြီး နာတာရှည်ဖြစ်ပြီး အိပ်ယာထဲလဲသွားတော့ သားဖြစ်တဲ့အခုဥယျာဉ်မှူးကြီးက ဒီဥယျာဉ်လေးကို ဆက်ပြီးထိန်းသိမ်းရတော့တာပေါ့… အကြွေးတွေဝိုင်းနေတဲ့ ဥယျာဉ်မှူးကြီးက ဘယ်လိုများ ဥယျာဉ်လေးကို ဆက်ပြီး ထိန်းသိမ်းကြမလဲ…

စေတနာကောင်းမယ်လို့ ခန့်မှန်းရတဲ့ဥယျာဉ်မှူးအသစ်က အရင်ဆုံးပန်းလေးတွေကို မေးတယ်… မင်းတို့ဘာလို ချင်လဲတဲ့… ပန်းလေးတွေကပြန်ပြောတယ်… ရေပုံမှန်လောင်းစေချင်ပါတယ်တဲ့… အဲဒီတော့ ဥယျာဉ်မှူးခမြာ ရှိတဲ့ လက်ယက်တွင်းလေးကနေ ရေကိုထမ်းလောင်းတယ်… ပန်းပွင့်တွေအတွက်မလုံလောက်ဘူးဖြစ်နေ ပြန်ရော… ပန်းပွင့်လေးတွေကလဲ လိုအပ်တဲ့ရေမရတော့ မပွင့်ဘူးဆိုတင်းခံနေတယ်… အဲဒီမှာ ဥယျာဉ်မှူး ကြီးက ဈေးထဲမှာ နေ့ပြန်တိုးနဲ့ ရေစုတ်ပန့်လေးတစ်လုံးဝယ်ပြီး ရေလောင်းပေးဖို့ စီစဉ်ရပြန်ရော…

ဘာပဲဖြစ်ဖြစ် ပန်းလေးတွေလှလှပပပွင့်တာကနောက်… လောလောဆယ်တော့ နေ့ပြန်တိုးနဲ့ အကြွေးကထပ် တင်သွားပြန်ပြီပေါ့ ဥယာဉ်မှူးကြီးရေ…

တကယ်တန်းရေလောင်းပေးလိုက်ပြန်တော့လဲ ဥယျာဉ်ထဲက ပန်းလေးတွေက ထင်သလောက်မလှပတော့ ပြန်ဘူး… ပြန်စဉ်းစားကြည့်ပြန်တော့ ဥယျာဉ်မှူးဟောင်းကြီးလက်ထက်က ငွေပေါ်လျော့ဈေးလုပ်ခဲ့ရတော့ ပန်းပင်လေးတွေကနေ အပွင့်တွေပွင့်တဲ့အထိမစောင့်နိုင်တာကြောင့် အချိန်တိုနဲ့ရောင်းအားကောင်းတဲ့ ပျိုးပင်လေးတွေကိုပဲ ဈေးပေါပေါနဲ့ရောင်းခဲ့ရပြန်တာကိုး… ကိုယ့်ဆီက ဈေးပေါပေါနဲ့ ရောင်းလိုက်ရတဲ့ ပျိုးပင်လေးတွေ သူတပါးခြံမှာ ငွားငွားစွင့်စွင့်ပွင့်နေပြန်တော့လဲ… ကိုယ့်ပန်းမို့ ပြန်ပေးပါဆိုပြီး တောင်းမရစ ကောင်းပါလားဗျာ… နောက်ဆုံးတော့ ရွေးကျန်ပန်းပင်လေးတွေကိုပဲ လှလှပပ အပွင့်ပွင့်အောင်မရှိရှိတာ ရောင်းချပြီး မြေသြဇာကျွေး၊ ပေါင်းသင် လုပ်ကြရပြန်တာပေါ့…

ကိုယ့်ရှိတဲ့ မြေဆွေးမြေသြဇာနဲ့ မလုံလောက်တော့ နိုင်ငံခြားကနေမှာယူရတဲ့ ဓာတ်မြေသြဇာကို ကျွေးရပြန် ဦးမယ်… အဲဒီတော့ နိုင်ငံခြားမြေသြဇာကို အသုံးတည့်အောင်စနစ်တကျမသုံးတတ်တဲ့ အကျွမ်းတ၀င်မရှိတဲ့ ဥယျာဉ်မှူးကြီးခမျာ… ပွဲစားတွေဆီကနေပြီး ၅ကျပ်လောက်တန်တဲ့ မြေသြဇာကို ၅၀ လောက်ပေးပြီးဝယ်ရ ပြန်ရော… တကယ်အကျိုးရှိသွားတာ ပန်းပွင့်နဲ့ ပန်းပင်လေးတွေမဟုတ်ပဲ နိုင်ငံခြားက ၅ကျပ်တန် မြေသြဇာကို (၅၀)နဲ့ လာရောင်းသွားတဲ့ ပွဲစားတွေပါဗျာ… ပန်းပင်လေးတွေကတော့ ဓာတ်မြေသြဇာစားဖူးသွားတာကလွဲရင် ထင်သလောက်တော့ အကျိုးမဖြစ်သေးဘူး…

အဲဒီအချိန်မှာ ဥယျာဉ်မှူးက တစ်ချိန်တုန်းက ဖခင်ဥယျာဉ်မှူးဟောင်းကြီးနဲ့မတည့်တဲ့ အရပ်ထဲက စာတတ် ပေတတ် စိုက်ပျိုးရေးအကြောင်းနားလည်တဲ့ အမျိုးသမီးကြီးတစ်ယောက်ကို အကူအညီတောင်းရတော့ တာပေါ့.. ဒါကိုတောင် အိပ်ယာထဲလဲနေတဲ့ ဥယျာဉ်မှူးဟောင်းကြီးက အပြစ်တင်ကျိန်းမောင်းသေးတယ်…

အကြွေးတစ်ပုံတစ်ပင်နဲ့မို့ ဘယ်ဆိုင်ကမှ မြေသြဇာအကြွေးဝယ်မရ… ပန်းရောင်းမရဖြစ်နေတဲ့ ဥယျာဉ်မှူးကြီးက အမျိုးသမီးကြီးမျက်နှာနဲ့ မြေသြဇာတွေဝယ်မယ်… ပန်းတွေရောင်းမယ်ဆိုပြီးကြိုးစားပြန်တော့လဲ… ပန်းပင် တွေက သစ်ခွပန်းမို့ သပ်သပ်နေချင်ပါတယ်… ပန်းတိမ်မနိုင်ပန်းမို့ တခြားပန်းအပေါစားတွေနဲ့ စိုက်ဘောက်တစ် ခုထည်းအမှာ အတူတူမပွင့်နိုင်ပါဘူးဆိုတာမျိုးဖြစ်ကြပြန်ရော…

အဲဒီကြားထဲ တချို့ပန်းပင်တွေက ရသမျှမြေသြဇာတွေအကုန် စုပ်ယူပြီးတခြားပန်းပင်တွေကို သေအောင်ပြု သေးသဗျ… စိုက်ပျိုးရေးအကြောင်းနားလည်တဲ့ အမျိုးသမီးကြီးခမျာမှာလဲ အခုလိုပယမ်းပဒါဖြစ်နေတဲ့ ပန်းခင်း ကြီးအတွက် ကိုယ်စွမ်းရှိသမျှကြိုးစားပါတယ်…

အရင်တုန်းက သတင်းမွေးခဲ့တဲ့ ပန်းခင်းကြီးကို အဝေးကြီးက ဧည့်သည်တွေပြန်လာကြပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ထင်သလောက်ဆွဲဆောင်မှုမရခဲ့ပါဘူး… ပန်းခင်းလေးကိုတော့ ဧည့်သည်တွေစိတ်ထဲ တစ်ကျော့ပြန်မှတ်မိသွားတာတော့ ရှိပါတယ်…

ပန်းပင်လေးတွေ ကိုယ့်နေရာနဲ့ကိုယ် ကိုယ်စီတာဝန်တွေနဲ့ ငွားငွားစွင့်စွင့်ပွင့်ပေးဖို့… အရင်တုန်းက ခုတ်ရောင်း ခဲ့တဲ့ ဗံဒါပင်ကြီးနေရာမှာ ပျိုးလိုက်တဲ့ ဗံဒါအပင်ပေါက်လေးကနေ အရိပ်ကောင်းတဲ့ အပင်ကြီးဖြစ်ဖို့ ဆိုတာ တစ်ရက်ထဲလုပ်ယူလို့မရတာမို့ ပန်းပွင့်လေးတွေနဲ့ ဥယျာဉ်မှူးရေ အချိန်ပေးပြီးစောင့်ရပေဦးမပေါ့…

ဒီလိုအချိန်… ဒီလိုနေရာမှာ… ဥယျာဉ်မှူးနဲ့ ပညာရှင်အမျိုးသမီးကြီး အစွမ်းကုန်ကြိုးစားနေချိန်မှာ ပန်းပင်လေး တွေအနေနဲ့လဲ မိမိရဲ့စွမ်းသလောက် တစ်ငုံဖြစ်ဖြစ်ပွင့်ပေးမှပဲ ပန်းခင်းအဟောင်းကြီးက ပြန်ပြီးသာယာလာပါ လိမ့်မယ်…

ပန်းပွင့်လေးတွေလဲ သာယာမယ့်ပန်းခင်းကြီးပြန်ဖြစ်လာဖို့ မျှော်လင့်နေပါပြီ…

“မြန်မာပြည် ငြိမ်းချမ်းပါစေ… ပန်းပွင့်တွေဆုတောင်းနေ…”

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...