ရန်ကုန်မြို့စွန်တွင် ဖွင့်လှစ်ထားသည့် ရှော့ပင်းစင်တာအချို့ တွက်ခြေမကိုက်၍ ပိတ်သိမ်းမှုများပြုလုပ်

klnJune 22, 20101min651

ဈေးကွက်အတွင်း မဖြစ်မနေအသုံးပြုရသော ကုန်စည်အချို့မှလွဲ၍ အရောင်းအဝယ်ပါးသည့်ကာလသို့ ရောက်ရှိနေပြီး ရန်ကုန်မြို့စွန်တွင် ဖွင့်လှစ်ထားသည့်ရှော့ပင်းစင်တာအချို့ တွက်ခြေမကိုက်သောကြောင့် ပိတ်သိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း စီးပွားရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ “ အခုအချိန်မှာ မသုံးမဖြစ်သုံးရတဲ့ အခြေခံကုန်စည်တချို့လောက်ပဲ ပုံမှန်အရောင်းအဝယ်ရှိတယ်။ ကုန်စည်အများစုက ဈေးကွက်အေးပါတယ်။ မဖြစ်မနေသုံးရတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်လို ကုန်စည်တချို့တောင် အရောင်းအဝယ်မသွက်ပါဘူး။ ဒီလိုအခြေအနေက လက်လီဈေးကွက်ရော လက်ကားဈေးကွက်ကိုပါ သက်ရောက်မှုရှိပါတယ်။ လက်ကားဈေးကွက်မှာ အကြွေးစနစ်နဲ့ လည်ပတ်ရတာများသလို လက်လီဈေးကွက်မှာလည်း အမြတ်ကျန်အောင် တော်တော်လုပ်ယူရတယ်။ တချို့ လက်လီဈေးကွက်ကို အဓိကထားရောင်းချတဲ့ ဈေးဝယ်စင်တာကြီးတချို့ဆို အရှုံးများလို့ တောင့်ခံဖို့ ခက်တယ်။ ဒါကြောင့် ရန်ကုန်မြို့စွန်မှာရှိတဲ့ ကုန်တိုက်တချို့ ပိတ်သိမ်းတယ်လို့ ကြားရပါတယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ “ စီးပွားရေးလုပ်ငန်းရှင်တိုင်း တစ်ခုခုလုပ်တော့မယ်ဆို အဘက်ဘက်က စဉ်းစားရတယ်။ ဒါပေမယ့် စီးပွားရေးမှာ အရှုံးအမြတ်ဆိုတာရှိတော့ မြတ်မယ်ထင်ပေမယ့် ရှုံးချင်ရှုံးတာပါပဲ။ ဥပမာ- ကိုယ်စီးပွားရေးလုပ်မယ့်နေရာမှာ စက်မှုဇုန်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ရာကြီးတွေ ရှိတယ်။ အဲဒီနေရာမှာ လက်လီကုန်တိုက်မရှိဘူး၊ ကိုယ်က ကုန်တိုက်ဖွင့်ချင်တယ်။ ဒါကြောင့် အဲဒီနေရာကို ရွေးမယ်။ အဲဒီလိုနေရာမျိုးမှာ ဈေးဝယ်စင်တာ မရှိဘူးဆိုတဲ့ အချက်နဲ့တင် လုပ်ငန်းရှင်က ကြိုက်တယ်။ ဒါပေမယ့် အခြေခံလူတန်းစားက အရောင်းစင်တာမှာ ရောင်းတဲ့ဈေးနှုန်းအတိုင်း ရေရှည်သုံးဖို့မတတ်နိုင်ဘူး။ ရှိတဲ့အလတ်တန်းစားနဲ့ အထက်တန်းစားကလည်း အဲဒီမြို့စွန်က စင်တာကိုစိတ်မဝင်စားဘူး။ မြို့တွင်းမှာရှိနေတဲ့ အဆင့်မြင့်စင်တာတွေကို ပိုကြိုက်တယ်။ မြို့တွင်းမှာရှိတဲ့ဝယ်နိုင်စွမ်းရှိသူတွေကလည်း မြို့ပြင်ကစင်တာကို အချိန်ကုန်ခံ၊ ဆီကုန်ခံပြီး မလာဘူး။ ခြုံပြီးပြောရရင် ပမာဏများများကို ရှုံးတယ်။ အနာဂတ်မှာ အလားအလာကောင်းနိုင်ပေမယ့် တောင့်မခံနိုင်တော့ပိတ်ရတာပေါ့ ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။ မြန်မာနို်င်ငံတွင် မြို့ပြလူနေမှုစနစ်ပိုမိုထွန်း ကားလာသည့် နည်းတူ ယခင်ကမြို့လယ်တွင်သာ တည်ရှိသည့်အရောင်းစင်တာများမှာ ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များအထိ တိုးချဲ့ဖွင့်လှစ်လာကြသော်လည်း မြို့နယ်အချို့ရှိ အရောင်းစင်တာကြီးအချို့မှာ အရောင်းအဝယ်ပါးပြီး အရောင်းမြှင့်တင်မှုများ ပြုလုပ်နေကြောင်းနှင့် ဆင်ခြေဖုံးမြို့နယ်များတွင် လက်လီဈေးဝယ်စင်တာ ဖွင့်လှစ်မှုကို ၂၀၀၅ ခုနှစ်နောက်ပိုင်း၌ ပိုမိုတိုးချဲ့ဖွင့်လှစ်လာကြပြီး တွက်ခြေမကိုက်သောကြောင့် ပြန်လည်ပိတ်သိမ်းမှုများလည်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။