မိုချိုတယောက် အလွဲတွေ အများဆုံးလုပ်ခဲ့တာကတော့ စက်မှုတက္ကသိုလ် ပထမနှစ် တတ်ခါစ အချိန်တွေပါပဲ။ သိတတ် စအရွယ်တည်း က ဆရာဝန်ရူး ၊ ရူးနေရာက ဆေးမှတ် ကို ကပ် ပြုတ်သွားလို့ စိတ်နဲ့ လူနဲ့မကပ်ဆုံး ကာလပါ။ တက္ကသိုလ်ကျောင်းသူ ဖြစ်သွားတော့ ၁ဝ တန်း တုန်းကလို စုတ်တီး စုတ်ဖက် ပေကပ်ကပ် စာဂျပိုးရုပ်လေး မဟုတ်တော့ပါဘူး။ ပြင်တတ်၊ ဆင်တတ်၊ ပဲများတတ်နေပြီဖြစ်တဲ့ ဖရက်ရှာ ကျောင်းသူလေး ဖြစ်နေပါပြီ။ ကိုယ့်ကိုကိုယ် မိန်းမပီသတဲ့အိန္ဒြေရှင်လေးလိုလို၊ ယောင်္ကျားလေးတွေ ရှေ့ ဖြတ်လျှောက်ရင်ပဲ ရှက်ကိုးရှက်ကန်း ခြေ လှမ်း မှားတော့ မယောင်ယောင်၊ စတိုင်တွေ ဖမ်းလို့ပေါ့။
အမှန်မှာတော့ အဲဒါတွေ အကုန်လုံးက ဟန်ဆောင်ထားတာ။ ဒေါ် မိုချိုတို့ ပင်ကိုစိတ်ရင်းက ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မှ သိပ်ဂရုမစိုက် တတ်သလို သိပ်လည်း မရှက်တတ် မကြောက်တတ်ဘူး။သိမ်သိမ်မွေ့မွေ့လည်း သိ်ပ်မရှိဘူး။ ….အဲ ….ရုပ်ကလေးကတော့ နဂိုရှိပြီးသား ဆိုတော့ ပြင်ဆင်လိုက်ရင် နဂိုင်း ထွက်တယ်ပေါ့…ဟိ..ဟိ….။ အဝတ်အစားဆိုလည်း အရင်တုန်းကလို အင်ကျီ တထည် တန်းပေါ်ပစ်တင်ပြီး တပတ်လုံးဝတ် တာမျိုး မလုပ်တော့ပဲ ကိုယ်နဲ့လိုက်မယ့် ဟာလေးတွေ ရွေး ပြီး လှတပတလေး ဝတ် တတ်နေပြီပေါ့။အမှန် မှာတော့ ရည် မှန်း ချက်တွေ ပျက် စီး သွားပြီးတဲ့ နောက် ဦးတည်ချက် မဲ့ နေတဲ့ အချိန် တွေ လို့ ပြောလို့ ရတယ် ပေါ့လေ။
အလွဲတွေပြောရရင် တော့ …. တနေ့ guide တပည့် အိမ် ဝင်နေရလို နောက်ကျပြီး ့ ကျောင်းရောက်တဲ့အချိန် မှာ အတန်းတွေ စ နေပါပြီ။ မိုချိုလည်း အတန်းထဲ လူစုံတဲ့အချိန် ဝင်ရမှာဆိုတော့ ဘက်စ် ကား တိုးစီးလာတဲ့ ကိုယ့် ရုပ်ကို ပြန် ရွှိုင်း ရအောင် သန့်စင်ခန်းထဲ အရင် ဝင်လိုက်ပါတယ်။
ခါတိုင်းလိုပဲ လွယ်အိတ်ကို မှန်ရှေ့ကစင်ပေါ် ပစ်တင် မယ် လုပ်တော့ ခါတိုင်း ပစ္စည်းတင်တဲ့ စင် နေရာမှာ ဘေစင်တွေ တန်းစီနေတာ တွေ့လိုက်ရတယ ။  မိုချိုလည်း ဒီဘေစင်တွေ အရင် က မတွေ့ဖူးပါဘူး၊ ပုံစံတွေကလည်း တမျိုးပဲ လို့တွေးပြီ အနားကပ်ကြည့် လိုက်ပါတယ် ။ ဇဝေဇဝါနဲ့ တောင်ကြည့်မြောက် ကြည့် ကြည့်လိုက်တဲ့အချိန် တကယ့်ဘေစင် အစစ်ကို တွေ့လိုက်တော့မှ ကိုယ့်ကိုကိုယ် အလွဲကြီး လွဲသွားပြီလို့ သိလိုက်ပါတယ်။ …..တကယ်တော့….မိုချိုရောက်နေတာ ယောက်ျားလေး အိမ်သာထဲမှာပါ။ ယောက်ျားလေး တွေ ဆီးသွားတဲ့ ကြွေခွက် တွေကို တခါမှ မတွေ့ဖူးတော့ ဘေစင်တွေတန်းစီနေတယ်လို့ ထင် လိုက်မိတာပါပဲ…။
မိုချို ကံကောင်းသွားတာက စာသင်ချိန် ဖြစ်နေတဲ့အတွက် ဗွီဒီယိုထဲက အိမ်သာမှားဝင်တဲ့ မင်းသမီး မင်းသားတွေလို ဇတ်လမ်းဖြစ်စရာ မကြုံ ခဲ့ရပါဘူး။ တခါးပိတ်ထားတဲ့ အိမ်သာခန်းတွေ ထဲမှာ လူ ရှိနေရင်တော့ မပြောတတ်ဘူး၊ အပြင်က ဘေစင်တွေ ရှေ့မှာ ရှိမနေတာကို ပြောတာပါ။ မိုချိုလည်း အပြေးအလွှား ပြန်ထွက်လာပြီး ှ အပြင်ရောက်မှ ငါ့ ဘယ်သူများတွေ့ သွားသေးလဲလို့ ပြူးတူးပြဲတဲ ကြည့်ရသေးတယ်။
မိုချိုတို့ကျောင်းက ယောက်ျားလေး များတဲ့ကျောင်း ဆိုတော့ ယောက်ျားလေး သန့်စင်ခန်း အရေတွက် လည်း ပိုများပါတယ်။ သန့်စင်ခန်း တွေက အဆောက်အအုံတွေရဲ့ ထောင့်တွေမှာ ဆင်တူယိုးမှား ရှိနေတတ်တော့ ကျောင်း ရောက်တာမကြာသေးတဲ့ မိုချိုတယောက် မှတ်မိ သယောင်ယောင်နဲ့ နမော်နမဲ့ စွက်ဝင်သွားတာပါ။
နောက်အလွဲ တခု က မိုချိုတယောက် တည်းမဟုတ်တော့ပါဘူး။ သူငယ်ချင်းမ တယောက် မိဘချင်း ရင်းနှီးတဲ့အဆောင်နေ ကျောင်းသားတယောက် ကို သူ့ အိမ်က ပေးခိုင်းတဲ့ လူကြုံ ပစ္စည်း သွားပေးတာ မိုချို နဲ့ နောက် တယောက်က အဖော် လိုက်သွားပေး ကြတယ်။ ကျောင်းသားက အဲဒီနေ့ အတန်း မတတ်ဘူးဆိုလို့ ကျောင်း ဝင်း ထဲက( Eလား Fလားမမှတ်မိတော့ဘူး၊ မိန်းပေါက်နဲ့ အနီးဆုံး) အဆောင် ကို လိုက်ပေးကြတာ။
အပေါက်ဝမှာ တွေတဲ့လူကြီးကို နာမည်၊ အတန်း၊ မေဂျာ ပြောလိုက်တော့ သွားခေါ်ပေးတယ်။ ကျောင်း ချိန် တွင်း ဆိုတော့ ဧည့်ခန်းထဲမှာ လူတယောက်မှ မရှိပါဘူး။ မိုချိုတို့လည်း စောင့်ရင်း လျှောက် ကြည့်လိုက်တော့ စတစ်ကာမှန်ကာထားတဲ့ ဖုန်း ရုံ လေးကိုတွေ့တာနဲ့ မိန်း ကလေးတို့ ထုံးစံ အနားကပ်ပြီး မှန်သွားကြည့်ကြတယ်။ ထမိန် ပြင်ဝတ်၊ အင်ကျီ ဆွဲချ၊ ခေါင်းဖြီး ၊ ကိုယ်ကို ဟိုဘက်လှည့် ဒီဘက် လှည့် နဲ့ မိန်း ကလေးတွေ    ကိုယ်လုံးပေါ်မှန်ရှေ့  ရောက်ရင် လုပ်နေ ကြ အတိုင်း လုပ်ကြတာပေါ့လေ…။
လူကြုံ သွားပေးတဲ့ ကျောင်းသားထွက်လာတော့ သူငယ်ချင်းက လူကြုံ ပစ္စည်းပေး ၊သူ့အိမ်က မှာ လိုက်တာ နဲနဲပါးပါး ပြောနေတုန်း ဖုန်း ရုံ ထဲကနေ သကောင့်သား ၂ ယောက် စပ် ဖြီးဖြီး နဲ့ ထွက်လာပြီး ကွက်ကြည့် ကွက်ကြည့်လုပ်နေတာ   တွေ့ တော့မှ မိုချိုတို့လည်း ကိုယ် အလွဲ    လုပ်မိတာ  ကို သဘောပေါက်လိုက်တယ်။
စတစ်ကာမှန်ဆိုတော့ မိုချိုတို့က အထဲကို မမြင်ရပေမယ့် အထဲမှာ နဂိုတည်းက ရှိနေတဲ့ သကောင့်သား ၂ ယောက် ကတော့ မိုချိုတို့လုပ်သမျှကို အတိုင်းသား မြင်နေရပါလိမ့်မယ်။ အနီးကပ် ရှေ့တည့်တည့် ကြီး လာရပ်ပြီး လုပ်ချင်တာ လုပ်နေ ကြတဲ့ ကောင်မလေး ၃ယောက် ကိုကြည့်ပြီး အဲဒီ၂ယောက်သား ဘယ် လောက်များ ဟားနေလိုက်ကြမလဲ လို့တွေး လိုက်တိုင်း ကိုယ်ရဲ့ မဆင်မခြင် လုပ်တတ်တဲ့ အကျင့်ပဲ အမြင် ကပ်မိတော့တယ်။
မိုချိုတို့ ကျောင်းမှာ အတန်း ငယ်တွေ က စာသင်ခန်း အပိုင် မရှိပါဘူး။ တနေ့ စာသင်ချိန် ၈ ချိန်ဆိုရင် ၁ချိန် ကို ၁ခန်းပြောင်း ပြီး စာသင်ခန်း ၈ ခန်း ပြောင်းသင်ရပါတယ် (အိပ်ငိုက်မှာ စိုးလို့ ထင်ပါရဲ့ ) ။ နမော်နမဲ့ မိုချို ကတော့ အခန်း ပြောင်းတိုင်း ဘောပင်၊ ခဲတံ ကအစ ပိုက်ဆံအိတ်၊ ထမင်းချိုင့် အဆုံး မကြာခဏ ကျန်တတ်လို့ နောက် အတန်း ကလူတွေ က လိုက်ရှာပြီး ပေးကြပါတယ်။  သူငယ်ချင်းတွေ က ဆို …ဇာတ်လမ်းရှာနေတာလား ..လို့ တောင် ပြောကြပါတယ်(….. ဇာတ်လမ်း က ရှာစရာတောင် လို ဝူး..ရယ်… အဟိ..)  တကယ်တော့ကိုယ် တခါမှ စိတ် မကူးဖူးတဲ့ ကျောင်း မှာ ကိုယ် စိတ် မဝင် စားတဲ့ စာတွေ သင် နေရတော့ မလျှပ်ပြာ မိုချို တယောက် လွဲချင်တိုင်း လွဲ နေတာ မဆန်းပါဘူး။   နောက်တော့ သိပ်ပြီး စိတ်မကြည်တဲ့ နေ့ ဆို အလွဲ မလုပ်မိအောင် library သို့မဟုတ် အမျိုးသမီးနားနေဆောင်   ထဲသွားအိပ်နေ လိုက်တော့ တယ်။

သတိထားမိတာ တခု ပြောပြပါ အုံးမယ်။ မိန်းမ အိမ်သာတွေထဲ ယောက်ျားတွေ မရောက်ဘူးသလို ယောက်ျားအိမ်သာတွေ ထဲလဲ မိန်းမတွေ မရောက်ဘူးကြပါဘူး။ ဒါကြောင့် မိန်းမအိမ်သာနဲ့ ယောက်ျားအိမ်သာ မတူတဲ့အချက်ကို အများ သိပ်မသိ ကြပါဘူး။ ကွာ ခြား ချက် က ယောက်ျားအိမ်သာက အနံ့ပိုပြင်းတယ် ၊ရှင်းရှင်းပြောရရင် ရှူရှူး နံ့ ပို နံပါတယ်။ ဘေစင်လို့ ထင်မိတဲ့ ဟာ တွေကြောင့် ဖြစ်ပါလိမ့်မယ်။ အိမ်သာထ ဲ စဝင်ဝင်ချင်း နံလိုက်တာ လို့တောင် လွှတ်ခနဲ ပြောလိုက်မိသေးတယ် ….။
မိုချို ပြောတာ သဘောမတူတဲ့ ယောက်ျားလေးများ အထောက်အထားနဲ့ (မိန်းကလေးအိမ်သာ ထဲ ဘယ်တုန်းက ၊ဘယ်လို ရောက်ခဲ့တယ် ၊ ပို နံတယ် ပို မနံဘူး စသည်ဖြင့် ) အငြင်းပွားနိုင်ပါတယ်။
ကြုံ တုန်း ကြွားရရင် မိုချို က ပြေတီဦးနဲ့ တနှစ် တည်း ကျောင်းဝင်တာပေါ့လေ။ အဲတုန်း က ပြေတီဦး ဆိုတာ ယောက်ျားလေးတွေ အများကြီး ထဲ သတိတောင် ထားမိဘူး..ရယ်။   ပြောရရင် မိုချို့ တို့ သူငယ် ချင်းတွေ အချင်းချင်း လက်တို့ ပြီး ပြ ရလောက် အောင် ချောတဲ့ ၊ သန့် တဲ့ ထဲ မပါဘူး ပေါ့။

About မိုခ်ိဳ

မို co has written 41 post in this Website..