ကျောင်းစဖွင့်မယ့်ရက် ကျောင်းတက်ရမှာမို့

ကျမအိပ်ယာက စောစောထလိုက်ပါတယ်။

အိမ်မှုကိစ္စလေးတွေ လုပ်ပြီးတာနဲ့ သူမကျောင်းသွားဖို့ ရေချိုးပြင်ဆင်ရပါတော့တယ်။ သနပ်ခါးလူးပြီး အဖြူအစိမ်း လေးကို သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်လိုက်ပါတယ်။

ပြီးတာနဲ့ လိုအပ်တာလေးတွေထည့် ခြင်းလေးဆွဲပြီး ကျောင်းဘက်ဆီသို့ ခပ်သွက်သွက်လေး လျှောက်လာခဲ့လိုက်ပါတယ်။

ဒီလိုနဲ့ ကျောင်းရောက်ပြီး အတန်းတွေခွဲ တာဝန်ပေးတော့ အခြား အတန်းတွေ တာဝန်မကျခင်  မနက်ခင်း မူကြိုထိန်းပေးဖို့  တာဝန်ပေးခြင်းခံရပါတယ်။ ဆရာမထဲမှာ အငယ်ဆုံးလည်းဖြစ်၊ ဆက်ဆက်ထိမခံချင်တဲ့ ကျမ အရမ်းကို ဆူပူပြီး တစ်ယောက်တစ်ပေါက် အော်သူကအော် ငိုသူကငို မိဘတွေအချို့က လိုက်ပို့သူကပို့နဲ့ အင်မတန်မှဆူညံ နေတဲ့ မူကြို ကျောင်းသားတွေ ရှိတဲ့နေရာကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်မိပါတယ်။

အတန်းထဲလဲဝင်ရော တစ်ယောက်တစ်ပေါက် နဲ့ ကလေးတွေကို ဘယ်လိုစထိန်းချုပ်ရမယ်ဆိုတာ စဉ်းစားရပါတော့တယ်။ ဒါနဲ့ ကျောင်းခန်းအပြင်ဖက်က စိန်ပန်းပင်အောက်ကို ခေါ်ထုတ်ပြီး သူတို့စိတ်ဝင်စားလောက်မယ့် အကွက်အမျိုးမျိုး ကို ပြောပြ လုပ်ပြနဲ့ တစ်ချိန်ကုန်လာခဲ့ပါတယ်။ ပထမတော့ အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်လို့ မြင်မိပါတယ်။ ကျောင်းပထဆုံးနေ့မို့ အိမ်ကမိဘတွေက သပ်သပ်ရပ်ရပ် လုပ်ပေးလိုက်ကြပေမယ့် ခဏကြာတာနဲ့ နှပ်ချေး တွေက တွဲလောင်း နောက် သေးပေါက်ချသူကပေါက် နဲ့ အစတော့ ရွှံသလိုရှိတာနဲ့ မြင်လည်းမကောင်းတော့ သားနှပ်ချေး သုပ်လိုက်ဦး သမီးနှပ်ချေးသုပ်လိုက်ဦး ပြောပေမယ့် လက်နဲ့ ဆွဲချလိုက်တော့ မျက်နှာတစ်ခုလုံးပြန့်သွားပြီ့း  ပိုကြည့်မကောင်းဖြစ်သွားတတ်ပါတယ်။ ဒါနဲ့ မျက်နှာဘေးလှည့်ပြီး ကိုယ်တိုင် အဝတ်စတွေနဲ့ လိုက်သုပ်ပေးရပါတော့တယ်။ ခဏကြာတော့ ကျောင်းသားလေး တစ်ယောက်က အပြင်ထွက်သွားပါတယ်။ ကျမလဲ လိုက်ပြီး သားဘာလုပ်သွားတာလဲ လို့မေးလိုက်တော့ မုန့်သွားဝယ်မလို့ လို့ပြောပါတယ်။ သား မုန့်က အခုမဝယ်ရသေးဘူးနော် မုန့်စားကျောင်းဆင်းမှ ဝယ်ရအောင် လို့ ကျမနှစ်သိမ့်မိတယ်။

ဒါပေမယ့် မရပါဘူး။ ငါ့မယ်ပိုက်ဆံ ငါးကျပ်ပါတယ် မုန့်ဝယ်မှာဆိုပြီး ထွက်ပြေးပါတယ်။ ဒါနဲ့ မုန့်ဆိုင်အထိသွားရင် လမ်းမှာစိုးရိမ်ရတာမို့ ကျမလဲ လိုက်ဖမ်းပြီး သားရယ် ဆရာမမှာ မုန့်ရှိပါတယ် သားကိုကျွေးမယ်နော် ဆရာမနဲ့ပြန်လိုက်ခဲ့ဆိုပြီး သူ့လက်လေး ဆွဲကာ ပြန်ခေါ်လိုက်တဲ့အချိန် ကျမကို သူ့ခြေထောက်နဲ့ ကန်ချလိုက်ပါတယ်။ ကျမလဲ ငါ့ကိုဒီလိုလုပ်ရမလားဆိုပြီး ရှက်လဲရှက် ဒေါသလဲထွက်သွားမိတယ်။ဒါနဲ့ သူ့ကို အနားမှာ ရှိတဲ့ ဒုတ်နဲ့ရွယ်ပြီး ဘာလို့ဒီလိုလုပ်ရတာလဲလို့ မေးလိုက်တော့ လက်ကို ကုန်းကိုက်ပါတယ်။ ကျမကြမ်းလေ သူကြမ်းလေဖြစ်မယ်ဆိုတာ သတိထားမိလိုက်ပါတယ်။ ဒါနဲ့ ဒုတ်ချပြီး ခဏကြာတော့ သားနဲ့ဆရာမနဲ့အတူ မုန့်သွားဝယ်ကြမယ် အခု ခဏပိုက်ဆံပြန်ယူအောင် ဆရာမနဲ့ ပြန်လိုက်ခဲ့နော် ဆိုပြီး သူ့ မျက်နှာမှာပေနေတဲ့ နှပ်ချေးတွေသုပ်ပေးပြီး ကျမသူ့ကို ညင်သာစွာ ပွေ့ခေါ်လိုက်ချိန်မှာတော့ ဆရာမတကယ်ပြောတာနော် ဆိုပြီး ပြုံးပြုံးလေး ပါလာခဲ့ပါတော့တယ်ရှင်။ တစ်ချိန်လုံး စိတ်ညစ်ခဲ့ရတယ်ဆိုပေမယ့် ကျမ မျက်နှာ မမဲ့နိုင်ပဲ

ပြုံးယောင်သန်းနေခဲ့တာတော့ ကျမကိုကျမပဲ အသိဆုံးဖြစ်ပါတော့တယ်ရှင်။

(မှတ်ချက်- ကျမ သပ်သပ်ရပ်ရပ် ဝတ်သွားပေမယ့် အပြန်မှာတော့ ညနေပြန်ဝတ်လို့ မရအောင် ညစ်ပတ်သွားရပါတော့တယ်ရှင်) အဲဒီနှစ်က ရွာကျောင်းမှာ  ဆရာမကြီးရဲ့ တောင်းဆိုမှုဖြင့် တစ်နှစ်တာ ဝင်ကူညီခြင်း ဖြစ်ပါတယ်ရှင်။

About mamanoyar

mama noyar has written 25 post in this Website..