(တောင်းပန်ချက် –  ခေါင်းစဉ် ကို ဆရာမ ဂျူး ၏  “မိန်းမ တစ်ယောက် ရဲ့ ဖွင့်ဟ ဝန်ခံချက်” ဝတ္ထု ခေါင်းစဉ် ကို မှီငြမ်း၍ ယူပါသည်။)

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥရောပခရီး မှာ သူ့ ဂုဏ်သတင်း ကြောင့် ကမ္ဘာအနှံ့ မှာ နေထိုင်နေတဲ့ မြန်မာ တွေရော၊ ပြည်တွင်း က မြန်မာ များ ပါ “ဒါ ဟာ ငါတို့ မြန်မာ”့ လို့ မော်ကြွား နိုင်ခဲ့ပါတယ်။ ကျွန်မ လဲ အပါအဝင်ပေါ့။

ရုံးက အဖိုးကြီး တစ်ယောက် ဆိုရင် “နင်တို့ လေဒီ”၊ “နင်တို့ လေဒီ” ဆိုပြီးကို သူကြား သမျှ သတင်း တွေ ကို လာလာပြီး ပြောပါတယ်။

သူ့မှာ ဒေါ်အောင်ဆန်းစုကြည် အတွက် အရမ်း ဂုဏ်ယူ နေပုံပါဘဲ။

ကျွန်မမှာ သူ့ ကို ကြည့်ပြီး တော့ သူက “မြန်မာ”လား၊ ငါက “မြန်မာ” လား။

ဆိုပြီး ပြန်တောင် စမ်းစစ်ကြည့်မိပါရဲ့။ :P

 

ဒီနေ့ မနက်တော့ မြန်မာ့ အင်တာနက် သတင်းတွေထဲ မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်တော်ပြန် သတင်း ဓာတ်ပုံ တွေ ဝေဝေဆာဆာ နဲ့ တွေ့ရပါတယ်။

ရိုးသားစွာ ဝန်ခံ ရရင်

ကမ္ဘာမှာ အများ က ငေးမောနေရလောက်အောင် တေးသီနိုင်တဲ့ ငှက်၊

တိမ်ယံထဲ မှာ အတောင်ဖြန့်ပြီး အားအင် အပြည့် ဝင့်ကြွား စွာ ပျံ နိုင်တဲ့ငှက် –

အဲဒီ ငှက် ကလေး က သူချစ်တဲ့ ပြည်သူတွေ အတွက် သူ့ရဲ့ ပြည်သူ တွေ နဲ့ တစ်သွေး တစ်သား ထဲ ရှိနေနိုင် ဖို့အတွက် အခက်အခဲ အန္တရာယ် ထဲ ကို ပျော်ရွှင်စွာ ပြန်ဝင် သွား တာ ကို ဝမ်းသာ/ဝမ်းနည်း ခံစား နေ ရပါတယ်။

သူ့ကိုချစ်တဲ့ သူတွေ က ဆီးကြိုနေခဲ့တယ်။

ကြိုဆို နေတဲ့ ဆိုင်းဘုတ် တွေထဲမှာ တစ်ခု က “အမေ့ကြောင့် ကမ္ဘာ က မြန်မာ ကို သိခဲ့ပြီ တဲ့”။

အဲဒါကို ကြည့်ပြီး ကျွန်မ ပြုံးမိခဲ့တယ်။

 

တကယ် တော့ ကမ္ဘာ မှာ မြန်မာ ကို သိနေခဲ့ပြီး သားပါ။

 

တစ်ခြားနိုင်ငံ တွေ မှာတော့ မသိဘူး။

ယူကေ မှာ တော့ ဘဏ်ရဲ့ ကွန်ပျုတာ စနစ် ထဲမှာ ကို မြန်မာ ဆိုတာ ရှိနေခဲ့တာပါ။

(မှတ်ချက် – အခုချိန် မှာ ရှိ-မရှိ မသိတော့ပါ)

လွန်ခဲ့တဲ့ ၁၃နှစ် လောက် က ဘဏ် မှာ စာရင်းဖွင့်ဖို့ ကျွန်မ တို့ လျှောက်ခဲ့တယ်။

တကယ်တော့ ဘဏ် စာရင်းဖွင့်ဖို့ ဆိုတာ ဘာမှ ရှုပ်ထွေး ကြန့်ကြာ စရာ မလိုပါဘူး။

အဲဒါ ကို ကျွန်မတို့ အလှည့်မှာတော့ အဆင့်တွေ အများကြီး၊ စာရွက်တွေ အများကြီး ပြပြီးမှ ရခဲ့တယ်။

တာဝန်ရှိသူက တော့ ဒီလို ကြာခဲ့တာကို တောင်းပန်ခဲ့ပါတယ်။

အကြောင်းကတော့ မြန်မာနိုင်ငံ ဟာ ငွေမဲတွေ ကို ငွေဖြူလုပ် တဲ့ (Money laundering) black list နိုင်ငံတွေ မှာ ပါနေလို့ပါ လို့ ရှင်းပြပါတယ်။

 

ဒါကမှ တော်သေးရဲ့။ ပိုဆိုးတဲ့ ဇာတ်လမ်း လဲ ရှိပါသေးတယ်။

ဒါကတော့ လွန်ခဲ့တဲ့ လေးနှစ် လောက်ကပါ။

တစ်ရက်မှာ ကျွန်မတို့ အိမ်ကို စာတိုက်ကနေ အကြွေးတောင်းတဲ့ အဖွဲ့အစည်း တစ်ခုကနေ စာတစ်စောင် ရောက်လာပါတယ်။

ကျွန်မ ခင်ပွန်း အမည် နဲ့ပါ။ ဒီမှာတော့ Surname ဆိုတဲ့ နာမည် ရဲ့ နောက်ဆုံး စာလုံး ကို သုံးပြီးပေါ့။

အဲဒီစာ ကို ပို့ရခြင်းအကြောင်းက ဘဏ် တစ်ခု ကနေ သူတို့ ဆီကို တိုင်ထားလို့ပါတဲ့။

ကျွန်မ ခင်ပွန်း က အဲဒီ ဘဏ်ကနေ အကြွေးကဒ် ယူ၊ ပေါင် ၄၀ဝ ကျော် အကြွေး သုံးပြီး ပြန်မဆပ် ဘဲ ရှောင်ပြေးလို့ အကြွေးပြန်ဆပ် ဖို့ တောင်းခံ စာပါ။

သူတို့ က ရိုးရိုးတောင်းတာ မဟုတ်ဘဲ တကယ်လို့ ဘယ်နေ့၊ဘယ်ရက် မှာမှ ပြန်မဆပ် ရင် အိမ်ကိုလာပြီး ရှိတဲ့ ပစ္စည်းတွေ သိမ်းမယ် လို့တောင်ခြိမ်းခြောက် ထားသေးတယ်။

သူတို့ ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် လဲ ပေးထားတယ်။

ကျွန်မ တို့ အတော်လေး ဒေါသထွက် ခဲ့တယ်။

သူတို့ ပြောတဲ့ ဘဏ် က ကျွန်မတို့ သုံးတဲ့ ဘဏ်လဲ မဟုတ်။

ဟုတ်ရင်တောင် ကျွန်မ တို့ က အကြွေးကဒ် ကို အမြဲလစဉ် ပြန်ဆပ် တာမို့ အကြွေး မရှိတာ အမှန်။ ပေါင် လေးရာကျော် ငွေ ဆိုတာ ကျွန်မ တို့ မှုလောက်စရာ မဟုတ်ပေမဲ့ မတရား စွပ်စွဲ လာတာကို ငုံ့ခံပြီး ပေး စရာ အကြောင်းတော့မရှိပါ။ ဒီတော့ အင်တာနက် ထဲ မှာ ဒီလို အကြောင်းအရာ တွေ ကို ရှာခဲ့တယ်။

ကျွန်မတို့ လို ဇာတ်လမ်း တွေမှ အများကြီး၊ အဲဒီ အတွက် အကြံပြုချက် တွေ လဲ တွေ့တော့ အဲဒီ အတိုင်း လုပ်ဖို့ ဆုံးဖြတ် လိုက်တယ်။

အကြံပြုချက်က သူတို့ ကို ဖုန်း နဲ့ လုံးဝ မဆက်သွယ်ပါနဲ့ တဲ့။

ဖုန်းနဲ့ ဆက်သွယ် မဲ့ အစား တိုင်စာကို အသေအချာ ရေးပြီး ပို့ ပါ တဲ့။

ပြီးရင် အဲဒီတိုင်စာ ကို နောက်ထပ် အဖွဲ့ (အကြွေး မတရား အတောင်းခံ ရရင် တိုင်လို့ ရတဲ့ အဖွဲ့) ဆီ ကိုလဲ ကော်ပီ ပို့ပါတဲ့။

ပြီး တော့ ကိုယ့် ရဲ့  အကြွေး မှတ်တမ်း ကို လဲ သေချာအောင် စစ်ထား ပါတဲ့။

ဒီမှာက လူတွေ ရဲ့ အကြွေးတွေ ကို ပိုက်ဆံပေးပြီး ကြည့် လို့ ရပါတယ်။

အဲဒီမှာ ကိုယ့် စာရင်း ကို ဘယ်သူတွေ ဝင်ကြည့် တယ် ဆိုတာလဲ သိရပါတယ်။

ကျွန်မတို့  ကိုယ့်စာရင်းကို အဲဒီမှာ ပြန်စစ်ပါတယ်။

ကျွန်မတို့ ဝင်ကြည့်ချိန် မှာ အဲဒီ ကြွေးတောင်း အဖွဲ့ ရဲ့ အမည် က ဝင်စစ်ပြီး ဖြစ်နေပါတယ်။

ဒီလိုနိုင်ငံတွေမှာ အဖွဲ့ တစ်ခု နဲ့ တစ်ခု၊ စနစ် တစ်ခု နဲ့ တစ်ခု ကို မမှားအောင် ပြန်ထိန်း ပေးထား တဲ့ အချိတ်အဆက် စနစ်လေးတွေ က တကယ်ကောင်းတယ်လို့ ဆိုရပါမယ်။

ကိုယ်ကသာ အမှား မလုပ် နဲ့။

တော်ရုံ ကိစ္စကတော့ လုံခြုံမှု ရှိအောင် ဥပဒေ တွေ က ကောင်းမွန်တယ် ခေါ်ရမလားပါဘဲ။

အဲဒီ နောက်ပိုင်း မှာ  အဲဒီအဖွဲ့ ဆီက တောင်းပန်စာ ရပါတယ်။ သူတို့ လူမှား ပို့ မိတာပါတဲ့။ သူတို့ ကို အကြွေးရှောင်သူက လန်ဒန် ကတဲ့။

နာမည် မှာ ရှေ့စာလုံး (First Name) နဲ့ နောက်ဆုံး စာလုံး (Surname/ Last Name) တူ တော့ မိပြီ ဆိုပြီး လိုက်လာကြတာနေမှာ။

 

ကျွန်မ တို့ပြည်ပမှာ နေထိုင်သူတွေ ထဲက တစ်ချို့ တစ်ဝက် ဟာဖြင့် ဥပဒေကြောင်း အရ သူတို့ နေထိုင်ရာနိုင်ငံ တွေမှာ အေလီယန် လို့ ခေါ်လို့ မရ တော့ တဲ့ နိုင်ငံသား အဆင့် ကို ရနေကြပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရ သာ အေလီယန် အဆင့်ပြုတ် သွား မယ်။

ရုပ်ခန္တာဗေဒ အရတော့ မသိ တဲ့ သူ တွေ အဖို့ သူတို့ ဟာ အေလီယန် ဖြစ်ဆဲ ပါဘဲ။ သူများနိုင်ငံမှာ တစ်ခြား လူမျိုးခြား တစ်စိမ်းတစ်ယောက် နဲ့ မိတ်ဆွေ ဖြစ်ရင် သူတို့ စမေး တဲ့ မေးခွန်း က “မင်းဘယ်ကလဲ” ပါ။

ဒီတော့ အေလီယန် ဟာ အေလီယန်ပါဘဲ။

သူတို့ နဲ့ မျိုးနွယ် တူဆဲ အေလီယန် တွေ ရဲ့ လွှမ်းမိုး မှု ကို အမြဲတမ်း ခံ ရ မှာပါဘဲ။

ဒီတော့ အေလီယန် တွေ ဟာ ကိုယ့်မူရင်း ဒေသနဲ့ မျိုးနွယ်တူတွေ အပေါ် ကို လှပအောင် မီးမောင်းထိုး ပြပေးနိုင် ပါတယ်။ ရုပ်ဆိုးအောင် လဲ မီးမောင်းထိုး ပြပေးနိုင်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် ဟာ ဥရောပ မှာ ရောက်တော့ အေလီယန် ပါဘဲ။ ဒါပေမဲ့ နိုင်ငံ ကို တင့်တယ်အောင် ကိုယ်စားပြုခဲ့တာပါ။ သူ့ ကြောင့် မြန်မာ နိုင်ငံ သား အားလုံး ဂုဏ်ယူ ဝင့်ကြွား နေရ ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ နိုင်ငံတွေ က ဒီအကြောင်း ကို အခြေယူပြီး တော့ မြန်မာနိုင်ငံသား တွေ အားလုံး ဟာ  ဒေါ်အောင်ဆန်းစုကြည် လို ပညာ တော်တယ်၊ စိတ်ဓာတ်ရင့်ကျက်တယ်၊ အတွေးအခေါ်ကောင်းတယ်၊ ငြိမ်းချမ်းရေးကို လိုလားသူတွေ ဖြစ်တယ် လို့ သတ်မှတ် နေတာ မဟုတ်ဘူး ဆိုတာ သဘောပေါက် ရပါမယ်။

ကိုယ့်ပါတ်ဝန်းကျင် က ကိုယ့်ကို လေးစားအောင် နဲ့ မြန်မာ ဆိုတာ ကို လေးစားအောင် ဒေါ်အောင်ဆန်းစုကြည် က လုပ်မပေးနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် ဘဲ လုပ်ရမှာပါ။

 

တကယ်တော့ မြန်မာ ဆိုတာကို  ကမ္ဘာ က သိနေပါတယ်၊

ဝမ်းနည်းစရာက နာမည်ဆိုး နဲ့ သိနေတာပါ။

မြန်မာ ဟာ ချအစားဆုံး နိုင်ငံ တွေထဲ မှာ ထိပ်ဆုံး အဆင့် လို့ ကမ္ဘာ က သိတာပါ။

မြန်မာ ဆိုရင် လိမ်မဲ့ သူတွေ လို့ ကမ္ဘာ က ကြည့်နေတာပါ။

အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထဲ ရဲ့ နာမည် နဲ့ ဒီ နာမည်ဆိုး တွေ အားလုံး ကို ဖျက်မပစ်နိုင်ပါဘူး။

ကျွန်မတို့ ရလို တာက မြန်မာ ဆိုတာ ရိုးသား၊ ကြိုးစား၊ အမှန်တရား မြတ်နိုး သူတွေ၊ လူသားချင်းစာနာ ထောက်ထားသူတွေ လို့ ကမ္ဘာသိဖို့ပါ။

အဲဒီ ရလို မှု ပြည့်ဝဖို့ ပြည်တွင်း နေသူ တွေ ရော၊ ပြည်ပ နေသူ တွေ ပါ လူတိုင်း လူတိုင်းမှာ တာဝန်ရှိပါ တယ်။

ဒီလို ဖြစ်ဖို့ အတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံ ရမယ် မဟုတ်ပါဘူး။

တကိုယ်ကောင်း မဆန် ဖို့ ကိုဘဲ သတိထားရပါမယ်။

အများအတွက် ဆိုတာကို မကြည့် ဘဲ ငါ့ အတွက်ဆိုတာ နဲ့ ကြည့်နေသ၍ ကတော့ ကောင်းအောင် လုပ်နေသူ တွေ ရဲ့ လမ်းကိုပါ ထိခိုက်နေမြဲ ဖြစ်နေဦးမှာပါ။

တစ်ခါတစ်ခါ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး စင်ပေါ်မှာ မင်းသားကြီး အတင်း လုပ်ပြနေ တာ ဟာ အများအမြင်မှာ မလှတာ ကို လဲ သတိပြု သင့်ကြပါတယ်။

 

နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည်ကောင်း နဲ့ တိုင်းပြည်ကြီး ဝုန်းက နဲ မျက်လှည့်ပြသလို ပြောင်းမသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အတွက် တိုင်းပြည် ပြောင်းလဲ ရေး ခရီး ဟာ အခုမှ အစ ဘဲ ရှိပါသေး တယ်။

သူ့မှာ အခက်အခဲတွေ၊ အဖျက်အမှောင့်တွေ အများကြီး  တွေ့ခဲ့ရပါတယ်။ တွေ့နေဆဲပါ။ ဆက်ပြီး တွေ့နေဦး မှာပါ။

သူ့မှာ အမှားတွေ လဲ ရှိခဲ့ပါတယ်။ ရှိနေဆဲပါ။ ဆက်ပြီး ရှိနေဦးမှာပါ။

ဒါကို ပြည်သူ တွေ က သူ့နေရာကို နားလည် သဘောပေါက် သင့်ပါတယ်။

အားလုံး စည်းလုံး နေဖို့ လိုပါတယ်။

အားလုံး ရဲ့ ရည်မှန်းချက် က တိုင်းပြည် နဲ့ ဆင်းရဲသားပြည်သူ တွေ ကို တိုးတက်စေလို တဲ့ ဆန္ဒဖြစ်သင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ အနှိုင်းမဲ့ စစ်မှန်တဲ့ စေတနာ ကို အကြွင်းမဲ့ ယုံကြည်ကြဖို့ပါဘဲ။

ပြီးတော့ သူမ တစ်ယောက် ထဲ အပေါ် တာဝန်အားလုံး ပုံပေးမထားဘဲ သူ့ရဲ့ ဦးဆောင်မှု နောက်မှာ ကိုယ်တတ်စွမ်းသ၍ တတ်နိုင်သ၍  နိုင်ငံသား ကောင်း စိတ်ဓာတ် အပြည့်နဲ့ ကိုယ့်တာဝန်ကို ကျေအောင် စေတနာ သဒ္ဒါ နဲ့ ထမ်းကြဖို့ပါ ဘဲ။

အဓိကကတော့ တကဲ့ ကို ဆင်းရဲတွင်းနက် နေတဲ့ တိုင်းပြည် နဲ့ လူမျိုး အပေါ် မေတ္တာထားပြီး သူတို့ အတွက် ကြိုးစားပေးဖို့ပါဘဲ။

About မြစပဲရိုး

Khin Latt has written 240 post in this Website..