ဝင်စပြုနေပြီဖြစ်သည့် နေမင်းကို ကျောခိုင်းပြီး သမီးပြန်အလာကို မျှော်နေမည့် အမေရှိရာ တဲအိုလေးဆီကို ခပ်သွပ်သွပ် လျှောက်လာနေမိသည်။ ရလာသည့် အဝတ်လျှော်ခ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ခါ အမေအစားချင်ဆုံး မုန့်ဟင်းခါးလေး တစ်ပွဲဝယ်ကျွေးချင်မိသည်။ သို့သော်….. သားအမိစားဖို့ မနက်ဖြန်စာ ဆန်မရှိသည့်အဖြစ် .. မုန့်ဟင်းခါးဆိုင်ရှေ့ ဖြတ်အလျှောက် တစ်ခါတစ်လေတော့လည်း မုန့်ဟင်းခါးလေး တစ်ပွဲလောက်တော့ စားချင်မိတယ် ဆိုသည့်  အမေ့မျက်နှာကို မြင်ယောင်မိသော်လည်း…….. မျက်စိမှတ်ဖြတ်လျှောက်ခဲ့ရသည့်အဖြစ်။ ဆန်ဝယ်ဖို့ ဆိုင်ထဲဝင် သားအမိနှစ်ယောက်စာ ဆန်လေးဝယ် တုန်ရီနေသော လက်အစုံက ခပ်နွမ်းနွမ်းပိုက်ဆံလေးတွေအတွက် လုပ်ရသည်နှင့်မကာ အပြောခံလိုက်ရသည်က မိမိဘဝနှစ်ပြားမတန်ဖြစ်ခဲ့ရသည့် အဖြစ်ကိုမျက်ရည်ဝဲမိသည်။

ဖျက်ခနဲသတိအဝင် မိမိခြေလှမ်းတွေ လေးလံနေလို့မဖြစ် ထမင်းဆာ၍ မိမိပြန်အလာ မျှော်နေရှာမည့် အမေ။ ကျန်းမာရေးချုချာသောအမေ့ကို မိမိတတ်နိုင်သောလုပ်အားနှင့် ဆေးများဝယ်တိုက်ခဲ့၍ အခုရက်ပိုင်း အမေ့ကျန်းမာရေး နလန်ထူလာနိုင်ခဲ့ပြီ …….။ အမေ့ကျန်းမာရေး ပြန်ကောင်းသည့်အချိန် ဆေးဖိုးများများ မကုန်တော့လျှင်ဖြင့် အမေ့စားချင်သည့် မုန့်ဟင်းခါးလည်း ဝယ်ကျွေးနိုင်တော့မည်။ အိမ်ရောက်လျှင် ပြုံးနေသည့် အမေ့မျက်နှာကို မြင်ပြီး အားတွေတတ်လာရသည်။

တစ်နေကုန်မောပန်းသမျှ အမေ့အပြုံးလေးကြောင့် ရင်အေးရသည်။ သောကတို့ ဝေးလွှင့်ဘူးသည်။ အမေပေးခဲ့သော ခွန်အားများနှင့် အမေ့ကိုလုပ်ကျွေးခွင့်ရသော ကံကြမ္မာကို ကျေးဇူးတင်မိသည်။ သမီး ပညာတတ်မဟုတ်ပါ။ငယ်ငယ်က  မိမိနှင့်ရွယ်တူများကျောင်းသွားသည်ကို ငေးကြည့်ဖူးပါသည်။ အားကျမိခဲ့ဖူးသည်။ အားငယ်စိတ်တွေ လည်း ဖြစ်ခဲ့ဖူးသည်။ လူအချင်းချင်း ကွားခြားခဲ့သော မိမိဘဝအစုံကို ရင်နာဖူးခဲ့သည်။ အခုချိန်မှာတော့ အမေကို စိတ်ချမ်းသာအောင်ထား အမေ့အပေါ် အရာအားလုံးအတွက် တာဝန်ကျေအောင် ထမ်းဆောင်နိုင်မည့် ယုံကြည်ချက်တို့ဖြင့် မိမိကိုယ်မိမိ ဂုဏ်ယူမိသည်။

မိမိပြုနေကျ ဝတ္တရားအတိုင်း အမေ့ကိုရေချိုး မွှေးကြိုင်လန်းဆန်းပြီး အမေ့စိတ်တွေကြည်လင်နိုင်စေရန်

သနပ်ခါး ပါးပါးလေးလူးပေးပြီး ခြံထွက်ပန်းလေး တစ်ပွင့်ကို သပ်ရပ်စွာထုံးဖွဲ့ထားသော ဆံဖြူဖြူ အမေ့ခေါင်းလေးပေါ်ကို မရိုးနိုင်အောင်ပန်ဆင်ပေးပြီး အမေ့ရဲ့သစ်လွင်သော အဝတ်အစားလေးတွေကို သပ်ရပ်စွာဝတ်ဆင်ပေးပြီး ပတီးလေးကိုင် တည်ငြိမ်သော မျက်နှာထားနှင့် အမေ့အပြုံးမျက်နှာလေးကို မြင်ရတိုင်း ရင်ထဲမှာ ပီတိလွှမ်းရမြဲပါ။ ရခဲလှတဲ့ အမေကို ပြုစုစောင့်ရှောက်ခွင့်ရတဲ့ ကိုယ့်ဘဝကို ကျေနပ်မိသည်။ အမေရယ် ……. အမေအသက်ရှင်နေချိန်မှာရော  အမေမရှိတော့တဲ့အချိန်ထိ  အမေပေးတဲ့ အပြုံး ခွန်အားတွေနဲ့ သမီးဘဝကို ရင့်ကျက်တည်ငြိမ်စွာ လျှောက်လှမ်းနိုင်မှာပါ……….

စိတ်ကူးပုံဖော်ထားသည့်အတွက် လိုအပ်သည်များရှိလျှင် သီးခံပေးပါရှင်

အမေကို ပြုစုစောင့်ရှောက်နိုင်သူများဖြစ်ကြပါစေ……

About mamanoyar

mama noyar has written 25 post in this Website..