နေဝင်တော့မယ်နော်

ကိုစိန်သော့ရိုက်တဲ့ နေဝင်ချိန်
(ကျေးဇူးနော်)

ကိုပေါက်ရိုက်တဲ့ နေထွက်ချိန်
(ကျေးဇူး)

တစ်နေကွယ် သေနယ်ကူးကြမဲ့အရေး တစ်နေ့တစ်နေ့ နေထွက်လာလိုက်၊ နေဝင်သွားလိုက်နဲ့
ကျွန်မတို့ မဆုံးတေးတွေသီနေသလိုပါပဲ။ ကိုစိန်သော့ရိုက်တဲ့ နေဝင်ချိန်ကိုကြည့်ပြီးတော့ ကျွန်မ
စဉ်စားနေမိတာပါ။ နောက်ကိုပေါက်ရဲ ့ နေထွက်ချိန်ကိုကြည့်ပြီးတော့လည်း ထပ်မံ အတွေးတွေ
ပွားမိပါတော့တယ်။ ( ဒါကြောင့် ဒီပုံလေးနှစ်ပုံကို ကျေးဇူးတင်စကားပြောပြီးယူသုံးခွင့်ပေးပါနော်။)
ဟို အပေါ်ဆုံးပုံကတော့ ပိုင်ရှင်မသိတော့ပါ။ ဆိုက်တစ်ခုခုက ကူးမိပါတယ်။ မသိသူရေ..ကျေးဇူးပါနော်။

အင်ထရိုကကြာနေပြီ။ ဒီလိုပါ။ကျွန်မ ဆရာကြီးမင်းသုဝဏ်ရဲ့ဒီကဗျာလေးဖတ်ပြီး ခံစားမိတာလေးမျှဝေချင်လို့ပါ။

ဝေးလျက်ပင်...တဲ့။
ဒီကဗျာလေးကို ဆရာကြီးမင်းသုဝဏ် (၁၉၈၄) မှာရေးခဲ့တာပါ။

ကျွန်မတို့ ငယ်ငယ်တုန်းက စာမကြိုးစားရင် မြန်မာစာဆရာကြီး ဦးမြသန်းက

“မင်းတို့တွေ ငယ်စဉ်အခါပညာ ကြိုးစားရမှာကွ။ အသက်ကြီးမှ ကျောင်းနေချင် စာဖတ်ချင်နေလို့
မရဘူး။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်ရင် တစ်လွဲ
နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးရှာလိမ့်လား။”
လို့ ခဏခဏ ရွတ်ပြလွန်းလို့ ဒီစာသားတွေနဲ့ ရင်းနှီးခဲ့ရပါတယ်။

ဒီတုန်းကလယ်တီဆရာတော်ဘုရားကြီးရေးခဲ့တဲ့ စာလို့ ဘယ်သိပါ့မလဲ။ ကိုယ့်ငယ်ဆရာ လက်တမ်းရွတ်ပြတဲ့
ကဗျာလို့ ထင်ခဲ့တာပါကလား။

အတန်းလေးရလာတော့မှ (ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်ရင် တစ်လွဲနင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးရှာလိမ့်လား။) စာသားတွေ
ကို ရေးသားခဲ့သူဟာ ဘယ်လို ပုဂ္ဂိုလ်ဆိုတာပါသိလာပြီး စာကိုလည်း ခုံခုံမင်မင်ရွတ်လာမိပါတော့တယ်။

အခုဆရာကြီးမင်းသုဝဏ်က (လယ်တီဘုရား ဦးထိပ်ထားလျက်) ဒီစာသားလေးတွေနဲ့ ဆရာကြီးရဲ ့ အတွေးတွေနဲ့
ထပ်ပေါင်းစပ်ပြလိုက်တော့ အနှစ်အရသာရှိသောစာ၊ ကဗျာတစ်ပုဒ်မို့လို့ မိတ်ဆွေတွေကိုလည်းမျှဝေခံစားကြည့်စေချင်
တဲ့စိတ်နဲ့ ရေးချလိုက်ရတာပါ။

ကျွန်မတို့ အသက်အရွယ်တွေရလာကြပြီဆိုတော့ တရားဘာဝနာလည်းလုပ်ချင်လာပြီ။ဒါပေမဲ့ တာဝန်လေးတွေက
လည်းမပြတ်နှိုင်သေး။ ဆရာကြီးမင်းသုဝဏ် က ဒီအတွေးကို ထင်ထင်လင်းလင်းမြင်သာအောင်ရေးစပ်ထားတဲ့
ကဗျာလေးမို့ ကျွန်မ အလွန်နှစ်သက်မိတာပါ။ ဖတ်ကြည့်ကြရအောင်နော်။

ဝေးလျက်ပင်
(လယ်တီဘုရား ဦးထိပ်ထားလျက်)

ခွင့်သာခိုက်မို့၊ လိုက်မည်ကြံလည်း
ရှာရန်ဖွေရန်၊ လေ့လာရန်ဟု
ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍
ငါ့မှာမလိုက်နှိုင်တကား။

ခွင့်သာဆဲမို့၊ ခဲမည်ကြံလည်း
တွေးရန်တောရန်၊ စဉ်းစားရန်ဟု
ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍
ငါ့မှာ မခဲနှိုင်တကား။

ခွင့်သာတုန်းမို့ ၊ ရုန်းမည်ကြံလည်း
ရေးရန်သားရန်၊ တင်ပြရန်ဟု
ရန်ပေါင်းများစွာ၊ ဆီးဆို့ကာ၍
ငါ့မှာ မရုန်းနှိုင်တကား။

(၁၉၈၄)

ကျွန်မတို့ မလိုက်နှိုင်သေး၊ မခဲနှိုင်သေး၊ မရုန်းနှိုင်သေးတွေ အများကြီး ကျန်ရှိနေသေးတယ်မဟုတ်ပါလားရှင်။
ဒီလိုဆီးဆို့ကာနေတာတွေ ဖယ်ဖို့ ရှားဖို့ အလွတ်ရုန်းဖို့ အားထုတ်ကြရင်းနဲ့ နေတောင်ဝင်တော့မှာပါလား။

About TTNU

has written 88 post in this Website..