ခြင် မကိုက်အောင်
ခြင်ထောင် ထောင်ပြီးအိပ်တယ်
လူပြော မခံရအောင်
ဆင်ခြင်ပြီးနေတယ် …
ဒါကို ‘လူလိမ္မာကြီး လုပ်နေတာပေါ့’ တဲ့
အဲ့ဒီလို ပြောခံရပါသေးတယ် …..

ကောင်းကင်ကြီး ငိုနေတယ်
ပန်းလေးတွေ ပြုံးပျော်နေကြတယ် …
အခြားငှက်တွေ အိပ်တန်းဝင်တယ်
ဇီးကွက်တွေ နိုးထလာကြတယ် …
သူများနေ ငိုနေချိန်မှာ
ကိုယ် ပျော်ချင် ပျော်နေတတ်တယ် …
သူများတွေ ပျော်နေချိန်မှာ
ကိုယ် ငိုချင် ငိုနေရတတ်တယ် …
အခြေအနေ အချိန်အခါအလျောက်
ကိုယ့်လမ်းကို လျောက်နေကြသူခြင်း အတူတူ
နေရာဝင်ယူသူတွေက ရှိတတ်ကြသေးတယ် …..

သွားရမယ့်ခရီးက ဝေးတယ်
ကားကလည်း ကြပ်တယ်
ကောင်မလေးတစ်ယောက်
ဘေးနား လာရပ်တယ်
ကျုပ် ထပေးလိုက်ပါတယ် …
Lady First ………
ထပေးလိုက်ခါမှပဲ
ကောင်မလေးရဲ့ ကောင်လေးက
လူကို လာတိုက်တယ်
ပြီးတော့ နေရာဝင်ယူတယ်
ဘုကြည့်တောင် ကြည့်လိုက်ပါသေးတယ်
ကျုပ် အားနာမိတာ
မှားသွားပြီလား အရပ်ကတို့ရယ် …..

တစ်ခါက အိပ်ချင်တာနဲ့
စောစော အိပ်ယာဝင်ခဲ့တယ်
မနက်ကျတော့ အစောကြီး နိုးလာခဲ့တယ်
အလင်းတောင် မရောက်သေးပါဘူး ..
နိုးလာလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့
မထင်မှတ်ဘဲ
နီရဲရဲ မီးလေးက
ရမ်းခါနေတာကို တွေ့လိုက်ရတယ် …
မိုးက မလင်းသေး
အမှောင်တွင်းမှာ မီးလေးရမ်းခါ
သရဲမီးရယ်လို့ လန့်ဖြန့်ခါ ကြောက်လိုက်ရတယ် …
မမြင်အောင် ခေါင်းမြှီးခြုံ
ချွေးဇောတွေက လူတစ်ကိုယ်လုံးစို
ဘုရားစာ ရွက်မိတာကလည်း အလိုလို
နောက်ဆုံးတော့ မခံနိုင်
ဖြစ်ချင်ရာဖြစ် ရင်ဆိုင်မယ်လို့ စိတ်ကူး
ဟောဒီလို အော်ချပစ်လိုက်တယ် …
‘ဘယ်သူတုံးကွ’ ……..
ဒီအခါမှ ‘ငါပါကွ’ … တဲ့
ကိုယ့်ဘော်ဒါက ခြင်ကိုက်လို့ ခြင်ဆေးခွေမီးနဲ့
ခြင်တွေကိုရမ်းနေတာတဲ့လေ …
အဲ့ဒီလို စောစောစီးစီးမှာ ယုန်ထင်ကြောင်ထင်နဲ့
ကြောက်တတ်ခဲ့ရပါသေးတယ် အရပ်ကတို့ရယ် …..

အပုပ်နံ့တွေ ဝင်မှာကြောက်လို့
ပြတင်းတံခါးကို ပိတ်ထားရင်
လေညှင်းနဲ့ အတူပါလာတဲ့
ပန်းရနံ့တွေကို
သင် ဘယ်လို
ရှူရှိုက်နိုင်မှာလဲ ……. တဲ့
ဒါကို လက်သင့်ခံလို့
အခန်းရဲ့ ပြတင်းတံခါးကို ဖွင့်ထားလိုက်တယ်
ကိုယ့် အခန်းက အိမ်သာနဲ့ကပ်လျက်
ပန်းခင်းဟာ ဘယ်မှာမှန်း မသိပါဘဲနဲ့
နောက်ဆုံး မခံနိုင်တာနဲ့ပဲ
ပြတင်းတံခါး ပြန်လည် ပိတ်ထားလိုက်ရတယ် …
မိုက်မိတဲ့ ကိုယ့် လုပ်ရပ်အတွက်
စပရေးတောင် ဝယ်ပြီး ဖြန်းလိုက်ရသေးရဲ့ …..

အင်တာနက်ဆိုင် ထိုင်ဖြစ်တယ်
ဂျီတော့ကို ခဏဖွင့်ကြည့်လိုက်တယ် ..
ဒီအခါ ကိုယ် မသိတဲ့ ကောင်မလေးတစ်ယောက်က
လှမ်းပြီး နှုတ်ဆက်တယ် …
Hi …….. တဲ့
ကိုယ်ကလည်း ပြန်ဟိုင်းလိုက်တယ်
နောက်တော့ တော်ကီဝေါ်ကီပွားတယ်
အဲ့ဂလို ပွားနေလိုက်တာ
နောက်ဆုံး ကောင်မလေးက ပြောတယ် …
‘သူ့ကို ချစ်လား’ … တဲ့
အန် …….. ကျနော် ကြောင်သွားတယ် …
ဘေးနားက သူငယ်ချင်းကတော့
တခွိခွိနဲ့ ရီနေပါတော့တယ် ..
ဒါနဲ့ မသင်္ကာလို့
သူငယ်ချင်း ကွန်ပျူတာ လှမ်းကြည့်လိုက်ခါမှ
သြော် .. တရားခံက ဂလိုကိုး ….
ဘေးနားက ကပ်ဖောက်နေတာတောင်
ကျနော့်မှာ မသိ
အ,သော်ရှိ ဤသို့ စနောက်ခံခဲ့ရပါ၏ …..

နှလုံးသားရှိသူတိုင်း ချစ်တတ်တယ် ..
ဒါကြောင့် ချစ်တတ်တယ် …
ချစ်မိသူကို တွေ့ခဲ့တယ် ..
ချစ်ခွင့်ပန်ဖို့ ကြိုးစားခဲ့တယ် ….
ဒါပေမယ့်လို့လည်း
အချိန်တွေသာ ပြောင်းသွား
ဟောင်းမသွားတဲ့ အချစ်ကို
ရောင်းမစားဘဲ ပြန်သိမ်းထားလိုက်တယ် …
ရှေးဟောင်း ပစ္စည်းဆိုတာ
ဈေးကြီးတယ်လို့ ကြားဖူးနားဝရှိတယ် …
ရင်ထဲက တအားကြီး ဟောင်းမသွားသေးတဲ့ ရှေးကအချစ်
ဈေးမဆစ်ဘဲနဲ့ ဘယ်သူ ဝယ်ကြဦးမလဲ ခညာ့ …..
ဒီမှာ လောလောဆယ် ဘိုင်ပြတ်နေလို့ပါ ခညာ့ ….. ။

 

By အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။