ဃိန်….. ဂိန်……ကိန်

ဇာတ်လမ်း အစက ဒီလိုပါခင်ဗျ

ပြီးခဲ့တဲ့ တနင်္ဂနွေက ပန်းဆိုးတန်းတလျှောက် စာအုပ်တန်းတွေ ရောက်ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ အဖေ့အမွေ ဆက်ခံသူဆိုတော့ စာအုပ်လေးတွေ မွှေနှောက် ရှာဖွေ လှန်လှောဖတ် ကြိုက်ရင်လည်း ၀ယ်သိမ်းတဲ့ အကျင့်လေးကြောင့်ပါ။ နောင်အချိန်ရတော့လဲ ပြန်ဖတ်ဖို့ ကြိုတင်စုဆောင်းတဲ့ သဘောပါ။ ဘာမှ ထွေထွေထူးထူး ရှာမတွေ့တော့ စာအုပ်တိုက်တွေဘက် ခြေဦးလှည့်တာပေါ့ဗျာ။ အဲဒီကနေ စာပေနယ်ထဲရော အနုပညာနယ်ထဲပါ ညီအစ်ကို တစ်အုပ်ကြီးရှိတဲ့ အသောက်ဆြာ ဘော်ဒါက ဖုန်းဆက်လာတော့ နေမညိုသေးတာက တကြောင်းမို့ တီးဆိုင်လေးမှာ ဆုံကျရင်း ရောက်တတ်ရာရာ ပြောဖြစ်ကြပါတယ်။ ပြောကောင်းနေတုန်း ဟာသဘက်မှာ လူကောင်ကြီးကြီးနဲ့ အောင်မြင်နေသူ အစ်ကိုတယောက်က လှည်းတန်းဘက်လာဖို့ အကြောင်းပြောလာတော့ ကျနော်တို့ ၃ယောက်သား ရွေ့ကျလေသတည်းပေါ့ သူက လူကသာ ဟာသလုပ်နေတာ စာရေးစာဖတ်ပါ ကိုယ်တိုင်ရော မျိုးရိုးပါ ကောင်းကြသူတွေလေ လေးလဲ လေးစားအပ်သူပါ။အရင်က ကြုံတောင့်ကြုံခဲ ခုလိုလူစုံရင် ကျနော်က အငယ်ဆုံးနဲ့ အကဲဆုံးမို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကျမို့ အမှတ်တရနဲ့ သွားလေသူ ၅၀ကျော်လေးကို သတိရလိုက်ပါသေးတယ်။ အခုခေတ်က ၅၀ကျော်ရင် အဘခေါ်နေရတဲ့ ခေတ်မို့ သူနဲ့ ဟာသသရုပ်ဆောင် အာနိုးကြီးဆို အဘကြီးလို့တောင် ခေါ်ရမလို ဖြစ်နေပါပီ။ အင်းလေ ကျနော်တောင် ကိုယ့်ထက် ၈နှစ်လောက်ကြီးတဲ့ ၃၀ကျော်တွေကို ဦးလေးလို့ လိုက်ခေါ်နေတတ်တာကိုး :) ဒါနဲ့ လှည်းတန်းရောက်တော့ အနှီပုဂ္ဂိုလ်က ” ညီလေး မင်းရောင်းစားခဲ့တဲ့ စာအုပ်တွဲလိုမျိုး အကိုဟိုတနေ့က ရေရွှင်လို့ ပြန်ဝယ်ထားတာတဲ့”။ စာအုပ်က မြန်မာ့စွယ်စုံကျမ်းပါ အတွဲ၁ကနေ၁၅ထိ အစုံပါ အတော်တန် လတ်ပါသေးတယ် ကြိုက်ရောင်း ကြိုက်ဝယ်မို့ ၆သိန်းခွဲပေးရပါတယ် ကျနော် ၉၅လောက်တုန်းက ရူးမိုက်ပီးတန်ဖိုးဆိုတာ နားမလည် ၄၅၀၀နဲ့ ရောင်းစားပစ်ခဲ့တာပါ။ ဒါတောင် ၁ကနေ၈အထိဘဲ ရှိပါသေးတယ်။ အဖေ့မှာ စွယ်စုံကျမ်း အပြည့်တစ်စုံနဲ့ တွဲပျက်(ကျနော် ရောင်းစားခဲ့သော)တ၀က်ရှိပါတယ်။ အဲ့တုန်းကရောင်းလို့ရတဲ့ ပိုက်ဆံကို ကျိုက်ထီးရိုး ဘုရားဖူးထွက် ပါသမျှ အပြောင် ရွှေသင်္ကန်းလှူခဲ့ဖူးလို့ အဖေ့ခမျာ ဆူလို့ရိုက်လို့လဲမရ ခေတ်စကားနဲ့ပြောရရင် ဟတ်ကော့ကြီး ဖြစ်ခဲ့တာ ယနေ့ပြန်မြင်ယောင်တော့ ကိုယ်ချင်းစာမိပါတယ်။ စွယ်စုံကျမ်းဆိုတာ ဖတ်ဖူးလှန်ဖူးသူတွေ သိပါလိမ့်မယ် က..ကကတစ်ကနေ ကကေးအိုသီး.. ကူကူ(ခ)ဥသြအကြောင်း ခရူးဆိတ်စစ်ပွဲအပါ သူ့ခေတ်သူ့အခါမှာ ယနေ့ဆြာ့ ဆြာကြီးတွေ အသုံးတဲ့နေတဲ့ ၀ိခီဒီပီးယားဆိုတာကြီးထက် အကြောင်းအရာပိုင်း ပိုစုံမယ်ထင်ပါတယ်။ အဲကိုရီးယား မင်းသမီး နာမည်တွေတော့ မပါဘူးပေါ့ဗျာ။ နောက်ထူးခြားတာက မြန်မာပြန် အနေနဲ့မို့ အလွန်တန်ဖိုးရှိတယ်လို့ ဆိုပါရစေ။ အဲဒီတုန်းကအကြောင်းကို ခုချိန်နဲ့ ပြန်တွေးစစ်ရင် ကျနော်ဟာ ခွေးလောက်နီးနီးကို မိုက်ခဲ့ဖူးကြောင်း ပြောပါရစေ။ကျနော့်အိမ်မှာ လက်ရှိအထိ၁၅နှစ်ကျော် အသက်ရှိနေတဲ့ ဘေဘီလုံးတောင် ကျနော့်လောက် မမိုက်ဘူးလို့ အမေကပြောပါတယ်… ဃိန် …. ဂိန် …. ကိန် လို့ပဲ အော်လိုက်ပါရစေ…..။

နောက်ပြီး သူတို့နဲ့(ကျနော့် ရောင်းရင်း အစ်ကိုတော်) ဆုံဖြစ်ကျတော့ စာအကြောင်း ပေအကြောင်း စာအုပ်အကြောင်းတွေ ပြောဖြစ်ကြတယ် ခင်ဗျ။ အဲမှာ လက်ရှိအောင်မြင်နေတဲ့ ဟာသစာရေးဆြာကဘဲ “ဘိုရဲရေ ငါတို့မင်းတို့ ငယ်ငယ်က လက်စမ်းစာမူလေးတွေ တိုက်တွေပို့တော့ အရွေးခံရရင် ပျော်ခဲ့တာတွေ ကိုယ်ရေးတဲ့စာလေး ဝေဖန်မလားရယ်လို့ အထင်တကြီးနဲ့ အရက်တလုံးကနေ ၂လုံးသာကုန်သွားတယ် မူးပီးမှောက်သွားလို့ အိမ်ကိုသာ တွဲပို့ပေးခဲ့တာတွေ ပြန်တွေးရင် ဟာသတွေဘဲနော်တဲ့”။ ကျနော်လဲ လိုက်ရယ်မိပါတယ် ဒါပေမဲ့ ယနေ့ခေတ်မှ ဒီလိုအဖြစ်မျိုးတွေ မရှိတော့ဘူးဆိုတာ ကျနော့်ကိုယ်တွေ့မို့ သိပ်တော့ ဘာမှဝင်မပြောပါဘူး။ အွန်လိုင်းစာပေက ယနေ့ခေတ်မှာ တော်တော့်ကို ရှေ့ရောက်နေပါပြီ တချို့တွေ အတော်ကို ရေးနိုင်တွေးနိုင်ကျတာ မျက်မြင်တွေ့နေရတော့ တချိန်ကသမိုင်းမှာ ကမ္ဘာသစ်နဲ့ ကမ္ဘာဟောင်း နောက် ခေတ်ဆန်းစာပေ၊ စာပေသစ်ကိစ္စတွေ ပို့စ်မော်ဒန်ကိစ္စတွေကြောင့် လူတွေကြား အကြောင်းအရာတရပ် ဖြစ်လာခဲ့သေးတော့ ခုအွန်လိုင်းစာပေဟာလဲ အပြောင်းအလဲ အသစ်တရပ်မို့ လက်ခံရမဲ့ အနေအထားပေါ့ဗျာလို့ ကွန့်မိပါသေးတယ်။ အဲ့ဆြာက ဆက်ပြောပါသေးတယ် အရင်ကငါ့စာအုပ်ထွက်ရင် အနည်းဆုံး ၄၀၀၀လောက်ကုန်တယ်တဲ့( ပုံနှိပ် ပထမအကြိမ် အုပ်ရေ ၁၀၀၀ ဆိုတာက ချွင်းချက်ပေါ့ဗျာ)။ ခုနောက်ပိုင်း သိပ်မကုန်တော့လို့ တိုက်ကလဲ သိပ်မကြည်တော့ဘူးဟ ငါများအရည်အသွေးကျ သလားလို့ ကြိုးစားပါတယ် ဒုံရင်းကဒုံရင်းဘဲတဲ့ ဒါကသဘာဝတရားကြီးရဲ့ အလိုအတိုင်းပဲပေါ့ဗျာ နယူးဝိခ်ဆိုလား တိုင်းမ်ဆိုလား ကမ္ဘာကျော် မဂ္ဂဇင်းကြီးတောင် www.com ဖြစ်သွားပီဘဲဟာ။ သူကဆက်ပြောသေးတယ် နိုင်ငံ့ခေါင်းဆောင်ကြီးကို ချစ်လွန်းလို့ ခေါင်းစဉ်အမျိုးမျိုးနဲ့ စာအုပ်တွေကတော့ ၁၃၇အုပ်ရှိနေပီ ဆိုဘဲ။ အော်…ဟိုဆြာလေး ပြောတဲ့ ဘာတဲ့ မိထူးပေါ့ကွယ် ဃိန် …. ဂိန်….. ကိန် လို့ပဲ အော်လိုက်ပါရစေ ……. ။

ကျနော်ပြောတဲ့ ဟာသသရုပ်ဆောင် ကိုအာနိုးက မောင်မောင်ဆိုလေ ထီးရိုးရှည်တို့ အမျိုးဗျ။ ကျနော်က အခုတလော ဟော့ဖြစ်နေတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင် ဆိုတဲ့ စာအုပ်အကြောင်း ပြောဖြစ်ရင်း နိုင်ငံရေးအကြောင်း ရောက်သွားတယ်ဗျ။ အဲဒီစာအုပ်က တချိန်က ဒီမိုကရေစီကြိုးပမ်းမှုရဲ့ ပြယုတ် ၈၈ကလူတွေ အကြောင်း ငယ်ကျိုးငယ်နာ ဖော်ထားတဲ့ ခေတ်သစ် ပရိုဂျက်တာကြီးဆိုဘဲ။ တကယ်ဘဲ အဖြစ်မှန်မို့ ၀ယ်ဖတ်ကြတာလား အကုန်ဝယ်ပီး မီးပုံရှို့လိုက်တာလားတော့ မသိရဘူးပေါ့ဗျာ။ အရင်ကလဲ စာအုပ်အချို့ အဲလိုဖြစ်ဘူးတာကိုး။ ဒီတော့ ကိုသီဟသစ်(သွားလေသူ နောက်တယောက်တို့) ပြောဖြစ်ကြတဲ့ နိုင်ငံရေးရေး လောကရဲ့ ၁ဒီဂရီ ဆိုတာလေးကို ပြန်အောက်မေ့မိကြပါတယ်။ ဆီနိတ်တာဆိုတာကြီးက အလွန်ကြောက်ဖို့ကောင်းတာကိုး။ နိုင်ငံရေးသမိုင်းကြောင်းတွေမှာ ကန့်လန့်ကာ နောက်ကွယ်က လူတွေဟာ အလွန်အရေးပါပုံနဲ့ ကျနော်တို့ နောင်လူငယ်တွေ အတွက် အတုယူမှားရင် အချိန်ကြာလာတာနဲ့အမျှ ၁ဒီဂရီ ဆိုတာလေးက ရထားသံလမ်းလို မျဉ်းပြိုင် မဟုတ်တော့ကြောင်း သိသာလာစေပါတယ်။ ခုရက်ပိုင်းဘဲ ကြံ့ခိုင်ရေးပါတီဝင်တွေထဲမှာတင် ရခိုင်အမတ်နဲ့ ကျနော်တို့ လမ်းတခြမ်း အမတ်ကြီးတို့ရဲ့ လုပ်ပေါက်တွေက မှတ်သားလောက်ဖွယ်ပေါ့ဗျာ။ အဲတော့ နိုင်ငံရေး အကြောင်းလေးများ ပြောမိ လုပ်မိရင်ဖြင့် ဘာတဲ့ ၁ဒီဂရီဆိုလားဘဲ ဃိန် …. ဂိန် …. ကိန် လို့ပဲ အော်လိုက်ပါရစေ ….. ။

 

ဆက်ပါဦးမည်

ဆက်ချင်မှလည်း ဆက်ပါမည်

မတည့်သူတွေကို အလတ်ဂျစ်ထစေတဲ့၊ ခွဲထွက်ရေးသူပုန် ဂေဇက်နွေဦးတရားခံ

ကိုရီးယားကင်ချီ(ခ)ပင်နယ်စလင်ရဲစည်(ခေတ္တ ဆီရီးယား)

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း

   Send article as PDF