ကမ္ဘာပင်လယ်ရေပြင်တွင် သင်္ဘောထမ်းဆောင်မည့် ကုန်းပတ် (Deck) သင်္ဘောသားများအနေဖြင့် Wheel ကျွမ်းကျင်စွာ မောင်းနှင်တတ်ရန် လိုသည်ဟု ကိုရင်မြင်မိသည်။ တချို့လူတွေ ထင်သလို သင်္ဘောသားအလုပ်သည် သံချေးခေါက်၊ဆေးသုတ်အလုပ်များတင် မဟုတ်ပဲ Captain အရာရှိဖြစ်သည်အထိ IMO မှ သတ်မှတ်ထားသော အခြား ရေကြောင်းပညာရပ်များစွာရှိနေသေးသည်။ အောက်ခြေသင်္ဘောသား ဘ၀တွင် မိမိတာဝန်ကျရာ အပိုင်းကို ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါက မိမိသည်လည်း သင်္ဘောပေါ်တွင် အားထားရသော သင်္ဘောသားတစ်ယောက်ဖြစ်သလို တိုင်းတပါးသား အကြားမှာ မိမိတို့ မြန်မာလူမျိုး သင်္ဘောသားများပါ အလုပ်ကြောင့် ဂုဏ်တက်မည်ဟုထင်မိသည်။ တချိန်က ကားတောင် ဖြောင့်အောင်မမောင်းတတ်သော ကိုရင် အစပထမ အတွေ့အကြုံအနေနဲ့ Wheel ကိုင်ကိုင်ခြင်း လက်တုန်၊ ဒူးတုန်၊ ရင်တုန်နေရသည်။ ကြီးမားသော သင်္ဘောကြီးကို အထက်အရာရှိများ၏ Order အတိုင်း ထိန်းကျောင်းရသည်မှာ ပထမဆုံးမို့ ရင်တလှပ်လှပ်နှင့် မှားသွားမှာလည်း ကြောက်မိသလို အရှက်ဗြန်းဗြန်းကွဲမှာလည်း စိုးမိသည်။ ဒါကြောင့် သင်္ဘောသားတိုင်းနှင့် မကင်းသောWheel ကိုင်ခြင်းကို မိမိ သိသလောက်လေးနှင့် ဗဟုသုတပေးချင်သည့် စေတနာဖြင့်သာ ရေးသားထားပါသောကြောင့် အမှားအယွင်းပါသွားပါက ရွာထဲမှာ ရေကြောင်း စီနီယာများ ခွင့်လွှတ်ကြပါကုန်။ ကိုရင့်အနေဖြင့် အမိမြေတွင် မိမိခေတ်အခြေအနေနှင့် ရွေးချယ်ရန် ပညာရေး အခွင့်အလမ်းနည်းပါးခဲ့လို့သာ မိမိ မှီရာအမှတ်ဖြင့် ရေကြောင်းတက်ပြီး သင်္ဘောသားအလုပ်ရွေးချယ်ခဲ့ရသော်လည်း မိမိအနေဖြင့် အခြား စီးပွားရေးလုပ်ငန်းဖြင့်သာ မိမိမြေတွင် လုပ်ကိုင်စားသောက်လိုပါသည်။ ပညာထူးချွန်သော ညီငယ်များလည်း မိမိ ထက်သန်သော ၀ါသနာမပါပါက သင်္ဘောသားအလုပ်ကို ရွေးချယ်ရန်အားမပေးချင်ပါ။ အခြား ပရော်ဖက်ရှင်နယ် လိုင်းများကိုသာ ရွေးချယ်သင့်ပြီး  ပညာအရမ်းထူးချွန်သော ညီငယ်များ သင်္ဘောသားအလုပ်ရွေးချယ်ခြင်းသည်လည်း တိုးတက်ဟန်အသွင်ဆောင်နေသော တိုင်းပြည်အတွက် တဖက်တလမ်းက နစ်နာသည်ဟု ကိုရင်မြင်မိသည်။ သို့သော်…

စာရေးဆရာ အဏ္ဏ၀ါစိုးမိုး ရေးတာလေး အမှတ်ရမိသည်။ သင်္ဘောသားဆိုတာ ကမ္ဘာပတ်ပြီး အပျော်ကျူးနေသူတွေမဟုတ်ပါ။ မိသားစုအတွက်၊ အမိနိုင်ငံတော်အတွက် သက်စွန့်ဆံဖျား စီးပွားရှာနေသူတွေသာဖြစ်သည်။

မနက်က ဖေ့ဘုတ်တွင် မြင်မိသော ကြားဖြတ်သတင်းအနေနဲ့ မိမိတို့ကိုင်ဆောင်ထားသော CDC စာအုပ်များကို ခေတ်နှင့်လျော်ညီစွာ လဲလှယ်ပေးမည်ဟု သိရပါသည်။ (ကုန်ပြန်အုန်းမယ်… ဥုမ် မန်းနီး.. မန်းနီး) :roll: :roll:

သင်္ဘောသားများကိုချစ်ပြီး

ရွာသူားများကို လေးစားသော

ကိုရင်စည်သူမိုးတိမ်

ရေကြောင်းသိပ္ပံပညာကို စတင်သင်ကြားလျှင် ကမ္ဘာသည် လုံးဝိုင်းသည်။ မိမိဝင်ရိုးပေါ်တွင် ၂၄နာရီလျှင် တစ်ပတ်လည်ပတ်နေသည်။ ထိုသို့လည်ပတ်နေလျက်ပင် နေကိုပတ်လျှက်ရှိပြီး နေပတ်လမ်းကြောင်း တစ်ပတ်ပြည့်လျှင် ၃၆၅ ၁/၄ ရက် (တစ်နှစ်)ဟုခေါ်သည်။ စသည့်သဘေတရားများကို သိထားရန်လိုပေသည်။ ကမ္ဘာသည် မိမိ ၀င်ရိုးပေါ်၌လည်နေသော်လည်း တည့်တည့်မတ်မတ်တသမတ်သဘောမရှိပဲ တစ်ဘက်သို့ ၂၃ ၁/၂ ဒီဂရီအထိရောက်အောင် တိမ်းစောင်းမှုရှိသည်။ ဒီဇင်ဘာလ ၂၂ရက်နှင့် ဇွန်လ ၂၁ရက်တွင် အတိမ်းစောင်းဆုံးဖြစ်သည်။ မတ်လ ၂၀ရက်တွင် တည့်မတ်လာသည်။ သဘာဝအားဖြင့် မိမိဝင်ရိုးပေါ်တွင် အနောက်မှ အရှေ့သို့ လည်ပတ်ရင်း တိမ်းစောင်းလှုပ်ရှားနေသည်။ တစ်ဘက်သို့ တိမ်းစောင်းမှုရှိသော်လည်း ကမ္ဘာ၀င်ရိုးသည် အမြဲတမ်း ဓူဝံကြယ်ရှိရာ မြောက်အရပ်ကို ညွှန်ပြသည်။

သင်္ဘောတစ်စီးနှင့်တစ်စီး တက်မလက်ကိုင်မတူညီကြပါ။ ရှေးအခါစစ်ပြီးခေတ်တွင် ကျောက်မီးသွေးသုံး သင်္ဘောများ၏ တက်မလက်ကိုင်သည် အချင်း ၃ပေ ၄ပေခန့်ရှိသော လက်ကိုင်သစ်သားများဖြစ်ပြီး ထုထည်မှာ ကြီးမားလှပေသည်။ တစ်ခါတရံ လက်ဖြင့် လှည့်ရခက်သဖြင့် ခြေဖြင့် တွန်းလှည့်မောင်းနှင်ရသည်။ ယခုတိုင် ဧရာဝတီသင်္ဘောများတွင် ရှိနေသေးသည်။

ထိုသို့ဖြစ်ရခြင်းမှာ ပဲ့ထိန်းတက်မ (Rudder) နှင့် တက်မလက်ကိုင်တို့ကို ရှည်လျားသော သံကြိုးနှင့် ချိန်းကြိုးများ ဆက်သွယ်ထားပြီး လှည့်ပတ်စေသော စနစ်ကြောင့် ဖြစ်သည်။ ယခုတိုင် သင်္ဘောငယ်များတွင် ထိုစနစ်ကျင့်သုံး နေကြဆဲဖြစ်သည်။

သို့သော် ပင်လယ်ကူးသင်္ဘောကြီးများ၊ ခေတ်မီသင်္ဘောငယ်များတွင် ထိုသို့မဟုတ်တော့ပေ။ သင်္ဘောများ ကြီးသလောက် တန်ချိန် သိန်းဂဏန်းရှိပါစေ တက်မလက်ကိုင်များက သေးသေးလေးပြုလုပ်ထားကြသည်။ အချင်း ၈လက်မခန့်သာ အ၀ိုင်းနှင့် ကိုယ်ထည်မှာ တစ်လက်မှ အလုံးခန့်သာရှိသော ကြေးသတ္ထုဖြင့် အသုံးပြုထားသည်။ ထိုကြောင့် ကားလက်ကိုင်ထက်ပင် သေးငယ်သေးသည်။ လှည့်ရာတွင်လည်း အားစိုက်ရန်မလို့ပဲ ကစားလိုက်ရုံမျှဖြင့်  သင်္ဘောသည် ဘယ်ညာယိမ်းသွားနိုင်သည်။ ထိုသို့ တိုးတက်လာခြင်းမှာ သင်္ဘော၏ ပဲ့ခန်းနောက်ဘက်တွင် ပဲ့ထိန်းတက်မလည်ရန် လျှပ်စစ်မော်တာတပ်ဆင်ထားသည့် ချောဆီဖြင့် ဆီတွန်းအားပေးစနစ် (Hydrolic System) ကို အသုံးပြုကြခြင်းဖြစ်သည်။ တက်မလက်ကိုင် (Wheel)ကိုလည်း ပဲ့ထိန်းတက်မနှင့် ထိုစနစ်အတိုင်း ဆက်သွယ်ထားသည်။ ထိုစနစ်များကို အသေးစိတ် သိရန်မလိုသော်လည်း အကြမ်းအားဖြင့် သိထားလျှင် ပိုကောင်းပါသည်။

တက်မကိုင်ခြင်း (Steering)

ကုန်းပတ်သင်္ဘောသားတစ်ယောက်အနေဖြင့် အဓိကအားဖြင့် သင်္ဘောမောင်းနှင်ခြင်းတို့ကို ကျွမ်းကျင်စွာ နားလည်ရမည်။ တတ်ကျွမ်းရမည်။ သာမန်ရေကြောင်းကျယ်ဝန်းသော နေရာသာမက အရေးကြီး ရေကြောင်းကျဉ်းသော နေရာများကိုပါ ကျွမ်းကျင်သော တက်မကိုင်သင်္ဘောသား ဖြစ်သင့်သည်။၏

သင်္ဘောတိုင်းတွင် အရေးကြီးရေကြောင်းခက်ခဲ့သော နေရာများ၌ ကျွမ်းကျင်စွာတက်မကိုင်တတ်သော သင်္ဘောသားများကို အလေးထားသည်။ ဒါကြောင့် သင်္ဘောသားများအနေဖြင့် မလွှဲမရှောင်သာ တတ်ကျွမ်းရမည့် ပညာရပ် တစ်ခုဖြစ်ပေသည်။

တက်မကိုင်ခြင်းသည် ခက်ခဲသော ပညာရပ်တစ်ခုမဟုတ်ပေ။ ကြိုးစားလျှင် ခဏချင်း သဘောပေါက်နိုင်ပေသည်။ အဓိကအားဖြင့် တက်မကိုင်ခြင်းကို

(က)စိတ်ပါဝင်စားမှု

(ခ) အာရုံစူးစိုက်မှု

(ဂ) အကင်းပါးစွာ ဆောင်ရွက်နိုင်မှု ရှိလျှင် တက်မကိုင်ကောင်းတစ်ယောက် ဖြစ်မည်မလွဲပေ။ ထိုမှတစ်ဆင့် မိမိသွားလိုရာ လမ်းကို တည့်တည့်မတ်မတ်သွားလာနိုင်မည်ဖြစ်သည်။ မြွေလိမ်မြွေကောက်သွားသကဲ့သို့ သင်္ဘော ဘယ်ယမ်း၊ ညာယမ်း မသွားတော့ပေ။

ထို့အပြင်သင်္ဘော သွားလာမောင်းနှင်မှုသည် အရပ်မျက်နှာကို ညွှန်းပြီး ဦးတည်လှုပ်ရှားခြင်းပင်ဖြစ်သည်။ ထိုသို့ သွားလာ လှုပ်ရှားရာ၌ အကြမ်းဖျင်းအားဖြင့် မောင်းနှင်ခြင်းနည်းစနစ်များကို အောက်ပါအတိုင်း ပိုင်းခြားထားပြန်သည်။

(၁) အရာဝတ္ထုတစ်ခုခုကို ကြည့်၍မောင်းနှင်ခြင်း (Wheeling on an object)

(၂) သံလိုက်အိမ်မြှောင်ဖြင့် မောင်းနှင်ခြင်း (Steering by Magnetic Compass)

(၃) ဂျိုင်ရို ကိရိယာဖြင့် မောင်းနှင်ခြင်း (Steering By Gyro Compass)

 

(က) စိတ်ပါဝင်စားမှု

မိမိ တာဝန်ထမ်းဆောင်ချိန်မှစ၍ သင်္ဘောကြီးသည် မိမိ၏လက်ထဲမှာ ရှိသည်။ ဘယ်သို့လည်ကောင်း၊ ညာသို့ လည်ကောင်း မိမိလှုပ်ရှားမှုပြုသမျှ သင်္ဘောလှုပ်ရှားသည်။ ဆင်ဦးစီးသည် ဆင်ဦးခေါင်းပေါ်မှ ဆင်ကို မောင်းနှင် ထိန်းနေသကဲ့သို့ မိမိလည်း သင်္ဘောကို ထိန်းနေသော လူပါကားဟု စိတ်တွင် ထင်မှတ်ရမည်။

ထိုအပြင် မိမိ တက်မလက်ကိုင် (Wheel) ကို လှုပ်ရှားသမျှ တက်မလက်ကိုင်နှင့် ဆက်စပ်လျှက်ရှိသော ပဲ့ထိန်းတက်မ (Rudder)သည်လည်း လှုပ်ရှားတာဝန်ထမ်းဆောင်နေမည်။ တက်မကိုင်တတ်မှ သင်္ဘောသားပီသမည်။ မိမိသည် သူများထက်ပို၍ ကျွမ်းကျင်သော တက်မကိုင်ဖြစ်ရမည်။ စသဖြင့် စိတ်ပါဝင်စားထားသင့်သည်။

(ခ) အာရုံစူးစိုက်မှု

ကားမောင်းသူသည် ကားမောင်းနှင်နေစဉ် အာရုံစူးစိုက်မှုထားရသည်။ လက်သည်လည်ကောင်း၊ ခြေထောက်သည် လည်ကောင်း၊ မျက်စိသည်လည်ကောင်း တစ်ချိန်တည်းလျှင် အာရုံစူးစိုက်မောင်းနှင်ရသည်။ ထိုအတူ သင်္ဘောမောင်းနှင် သူမှာလည်း မျက်စိအာရုံ (မိမိသွားသည် လမ်းကြောင်းအတိုင်းရှိမရှိ) နှင့် လက်ရှိလှုပ်ရှားမှုတို့အပေါ် အာရုံစူးစိုက်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကားသည် အရှိန်ပြင်းစွာ သွားနေသကဲ့သို့ သင်္ဘောသည်လည်း အရှိန်အဟုန်ဖြင့် သွားလာနေသည်။ လှိုင်းကြောင့်လည်ကောင်း၊ လေကြောင့်လည်ကောင်း၊ ရာသီဥတုကြောင့်လည်ကောင်း တက်မ လှုပ်ရှားမှုဖြင့်လည်ကောင်း ဘယ်သို့ ညာသို့ ယမ်းနေသည်။ သို့ဖြင့် မပြတ်အာရုံစူးစိုက် ထိန်းပေးမှသာ တည့်မတ်သွားပေမည်။

(ဂ) အကင်းပါးမှု

အကင်းပါးမှုကား တွေးခေါ်မြော်မြင်သော အသိစိတ်ဓါတ်ပင်ဖြစ်သည်။ မိမိသင်္ဘောသည် တက်မ မည်မျှလှည့်လိုက်လျှင် မည်မျှဦးလည်သွားမည်။ မည်မျှပြန်လှည့်ပေးလျှင် တက်မထိန်းနိုင်မည်။ သင်္ဘောတက်မသည် ဘယ်သို့ ပိုလှည့်လွယ်သည်။ ညာသို့ ပိုလှည့်လွယ်သည် (လေ၊ ရေစီးကြောင့် တခါတရံ တစ်ဘက်သို့ တက်မလိုက်တတ်သည်။) သင်္ဘောဦးသည် မြန်မြန်လည်တတ်သည်။ သို့မဟုတ် ဖြည်းဖြည်းလည်တတ်သည် စသဖြင့် သင်္ဘောတစ်စီးနှင့် တစ်ဏီ မတူသည်ကို မိမိက အကင်းပါးစွာသိထားရမည်။

တစ်ခါတစ်ရံ ရေကြောင်းပြ (Pilot)က သင်္ဘောကို ရေကြောင်းကျဉ်းသော နေရာများတွင် အမိန့်ပေးမောင်းနှင်နေစဉ် မိမိက အကင်းပါးစွာ တွေးခေါ်သိထားလျှင် နောက်ထပ်မည်သည့်အမိန့်ပေးမည်ကိုပင် ကြိုတင်တွေးတတ်နိုင်သည်။

ဒုတိယပိုင်းဆက်ပါဦးမည်…

မှီငြမ်း : Seamanship Hand Book for basic studies by George J.Bonwick.

About အူးစည်

has written 140 post in this Website..