ဂေဇက်ရွာသဂျီးဦးခိုင်အား သာသနာအရေခြုံ၍ ဗုဒ္ဓသာသနာ ဖျက်ဆီးမှု၊ မိုးဗြားဂိုဏ်း ဒုတိယဂိုဏ်းချုပ်ရာထူး လျှို့ဝှက်ရယူထားမှု တို့ဖြင့် ရွာခုံသမာဓိအဖွဲ့မှ စွပ်စွဲပြစ်တင်ရန် စီစဉ်နေသည်။ အပြစ်ရှိကြောင်း ထင်ရှားပါက ကျူးလွန်ခဲ့သမျှအတွက် ရုံးတော်တွင် ဝန်ချတောင်းပန်ရန်ဖြစ်သည်။ သဂျီးကား အရှောင်အတိမ်း ဂျက်ဆီဂျိမ်း၊ အကြောင်းအမျိုးမျိုးပြ ပုန်းနေသည်။ သူ့အိမ်ရှေ့တွင် ယူအက်စ်အစိုးရ၏ ကမ္ဘာတလွှား ဘာသာရေးဖိနှိပ်မှု အစီရင်ခံစာအား ပုတ်လောက်ကြီး စာလုံးဖြင့် ရေးကပ်ထားသည်။ ခြံဝန်းထဲတွင် စင်ဆောက်၍ ဂိုဏ်းတူညီအကို များဖြစ်သော ယှင်အယိယာ၊ ကိုအောက်အော့၊ ကိုသမ့်တို့အား ယီးလေးလေး ယီးလေခို ဒုံးယိမ်းကစေလျက် စင်နောက်မှ ဗုံတီးပေးသည်။ ရွာသူရွာသားများမှ ကန့်ကွက်လျင် လိုက်ဖ်ရှိုးခေတ္တ ရပ်နားပြီး ကာရာအိုကေ တလှည့်ဆိုစေသည်။ ပြီးလျင် မသိရပါ၊ သူနှင့်ဘာမျှ မဆိုင်ပါဆိုပြီး ဗလိုင်းဂျီး ဝက်သားကို အမဲသားလုပ်သည်။ ယုံ၍စားသူအချို့ ဇာတ်ပျက်သူပျက်၊ ငှက်ပျောပွဲ အုန်းပွဲပေး တောင်းပန်ရဖြင့် အိုးနင်းခွက်နင်း ဖြစ်ရလေသည်။ သဂျီးကား သူမဟုတ်သယောင်..အဆီတထပ် အသားတထပ် ဝက်သားသုံးထပ်သားကိုပင် စပါယ်ရှယ်အမဲသား မိုးခိုသားဟု ညာရောင်းလိုက်သေးသည်။

ဤသို့ဖြင့် တနေ့တခြား လွန်ကဲလာသော ရွာအုပ်ချုပ်ရေးအကြီးအကဲ သဂျီးဦးခိုင်အား ရွာသူရွာသားအပေါင်း တိုင်တန်းချက်ဖြင့် ရွာခုံသမာဓိ ဥက္ကဌဦးကြောင် ဦးဆောင်၍ စစ်ဆေးအရေးယူရန် ဖြစ်ပေါ်လာရတော့သည်။ အမှုကြားနာပွဲသို့ သူ့အား အမှုန့်ကြိတ်လိုသူ အများအပြား ရောက်ရှိလာရာ ဆဲသံဆိုသံ ကြိမ်းဝါးသံများဖြင့် ပွက်လောရိုက် ဆူညံလျက်ရှိသည်။ သဂျီးကတော့ သူမဟုတ်ကြောင်း၊ အထင်မှားခြင်းသာဖြစ်ကြောင်း၊ ဥပဒေ စည်းကမ်းများကို အပြည့်အဝလိုက်နာကြောင်း တွင်တွင်ကြီး ငြင်းလေသည်။ အစားအသောက် ဟင်းချက်နည်း အကြောင်း အင်တာနက်မှ ကော်ပီကူး ရေးသားနေသူ အေတီဝမ်၊ နီဗွို၊ နွင်ဗယ်၊ ဖေမလားဝါးတို့က တရားလို ရွာသားများဖက်မှနေ၍ ၎င်းတို့ဆယ်ရက်ဆယ်ညတိုင်တိုင် ဂူဂဲလ်တွင် သုတေသနပြု ရှာကြည့်ရာ အမဲသားတွင် သုံးထပ်သား ရှိသည်ဟု မတွေ့ရကြောင်း သက်သေထွက်သလို နတ်ကတော် စီတုံးဂလေးမှလည်း သဂျီးဦးခိုင် အမဲသားရောင်းသည့်နေမှစ၍ နတ်ကန္နား တောင်းပန်ကန်တော့ပွဲ လိုက်ကရသည်မှာ တရက်မှ မနားရကြောင်း၊ ယခုအခါ ခြေသလုံးပင် ကြွက်တက်၍ ရုံးတော်သို့ ဆိုက်ကားငှားလာရကြောင်း၊ မြန်မာပြည်ဆိုင်ရာ တာလီဘန် အဖွဲ့ခေါင်းဆောင် လူမုန်းဆိုသူမှလည်း အာဖဂန်နစ္စတန် တာလီဘန်အဖွဲ့မှနေ၍ ဘာသာရေး အမိန့်ပြန်တမ်း ဖတ်တဝါ မကြာမှီ ထုတ်ပြန်၍ သဂျီးအား ဂျီဟတ်စစ်ပွဲကြေငြာရန်ရှိကြောင်း ဒေါသတကြီး လက်သီးလက်မောင်း ပြောလေသည်။ ဘင်္ဂါလီရိုဟင်ဂျာများအား သဂျီး တဖက်လှည့်ဖြင့် အားပေးအားမြောက် ပြုခဲ့ရသည်မှာ သဲထဲ ရေသွန်ဖြစ်ရလေသည်။ လူ့အခွင့်အရေး ယုံကြည်သက်ဝင်သူ ဥက္ကဌဦးကြောင်ကြီးမှ စိတ်ထိန်းကြရန်၊ သဂျီးနှင့် မိသားစုအား ခွဲခြားမြင်ရန် ဖျောင်းဖြပြီး လုံခြုံရေးအတွက် သမီးဒေါ်ဂလေးအား အနားသို့ ခေါ်ထားလိုက်သည်။ ဘယ်သူမပြု မိမိမှုပင်ဖြစ်သည်၊ နှောင်းလူများ သင်ခန်းစာ ယူကြပါကုန်..။

ဦးခိုင်ရောင်းသော အမဲသား ဝက်ကြီးနားရွက်ကား

ထို့နောက် ခိုင်လုံတိကျသည့် လူသက်သေ အထောက်အထား ပစ္စည်း၊ စာရွက်စာတမ်းများ တသီတသန်းကြီး ထွက်လာသည်။ အသံဖိုင် ဗွီဒီယိုမှတ်တမ်းများ၊ မောင့်ကြက်သရေ ခေါင်းပေါင်း၊ ဂျင်းပင်န်၊ စွပ်ကျယ်၊ ခုံဖိနပ်၊ ဆေးပေါ့လိပ်လက်ကြားညှပ် ဘီအီးအရက်ပုလင်း ခါးကြားထိုးထားသော ဒုတိယဂိုဏ်းချုပ် အဆောင်အယောင် ဝတ်စုံနှင့် ကိုဘေးနွားဂျီးစီး၍ ဘိသိက်ခံနေပုံ စသဖြင့် မရိုးနိုင်အောင် ရှိသည်။ လယ်ပြင်ဆင်သွား သကဲ့သို့ ထင်ရှားနေပေရာ ခုံသမာဓိလွှတ်တော်မှ သဂျီးအား ဝန်ချတောင်းပန်ရန်နှင့် မပြုလုပ်ပါက ရာထူးမှနှုတ်ထွက်ရန် စီရင်လိုက်သည်။ သဂျီးအတွက် ရွေးစရာမရှိ…ဥက္ကဌရုံးသို့ဝန်ချတောင်းပန်ပါမည် သို့သော် ပရိုက်ဗိတ်သီးသန့် လုပ်ပါမည်ဟု ဈေးဆစ်ရာ ယောက္ခမလောင်းဂျီး အမှတ်သညာဖြင့် ဥက္ကဌဦးကြောင်ကြီးမှ သက်သက်ညှာညှာ လက်ခံပေးလိုက်သည်။ ထိုဝန်ချတောင်းပန်ပွဲသို့ ရွာသူားအများအား တက်ခွင့်မပေးသော်လည်း အင်တာနက်မှ အသံဖမ်း၍ တိုက်ရိုက်တိတ်တဆိတ် ထုတ်လွှင့်ပေရာ ရွာလုံးကျွတ်မျှ ဝမ်းသာအဲလဲ အလုပ်ပျက်အကိုင်ပျက် နားထောင်နေကြသည်။ ဦးခိုင် ကိုဘေးနွားဂျီးစီး၍ လှုပ်လီလှုပ်လဲ့ ရောက်ရှိလာချေပြီ၊ နွားပေါ်မှာဆင်းလာပြီ၊ ကုတ်ချောင်းကုတ်ချောင်းဖြင့် ရုံးတွင်းသို့ဝင်သွားပြီ၊ ဥက္ကဌရုံးခန်းသို့ရောက်လေပြီ။ ဤကား ဇာတ်ရှိန်အမြင့်ဆုံး အခန်းပင်ဖြစ်သည်။ သဂျီး အသင့်ရေးထားသော တောင်းပန်စာကိုဖတ်မလား၊ မျက်ရည်ရွှဲလဲဖြင့် လက်တမ်း အသနားခံ တောင်းပန်လေမလား…. သို့လော သို့လောဖြင့် နားဆင်နေခိုက် တောင်းပန်တယ် ရော့ ခွပ်..အင့်၊ တံခါးစောင့်ပိတ်သံကြားလိုက်ရပြီး အသံတိတ်ဆိတ်သွားသည်။ တာလီဘန်များ ဝင်ေ၇ာက်လုပ်ကြံသည်ထင်၍ ရွာသားများ အပြေးအလွား သွားကြည့်ကြသည်တွင် ဦးကြောင်ကြီးအား ဖူးယောင်လျက် တွေ့ရတော့သည်။

ကမ္မဝါဖတ်မနိုင် ဘုန်းကြီးသရဲထက်ဆိုးသော သဂျီးအား ရာဇဝတ်မှုဖြင့် တရားရုံးတော်သို့ လျောက်ထားရာ သဂျီးဦးခိုင်မှ သဘောတူချက်အတိုင်းဖြစ်ကြောင်း၊ သူ့အနေဖြင့် ဝင်ချတောင်းပန်မည်ဟုသာ ကတိရှိကြောင်း၊ ပြောသည့်အတိုင်း ရုံးခန်းဝင်၍ ထိုးကြိတ်ခဲ့ပြီး တောင်းပန်ခဲ့ကြောင်း၊ ထို့ကြောင့်သူ့တွင် အပြစ်မရှိကြောင်း မှင်သေသေဖြင့် တုံ့ပြန်သဖြင့် တရားသူဂျီး ဦးအောင်ပု ထို့နေ့က မသောက်ဘဲ ချာချာလည်မူး၍ ရုံးတော်အား ရပ်နားပြီး အမှုကို နိုင်ငံဒေါ်အခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ လွှဲအပ်လိုက်တော့သည်။ ထိုအမှု စစ်ဆေးရန် အခြေခံဥပဒေရုံး တရားသူဂျီးများမှာလည်း သဂျီး၏ လက်သီးစွမ်းကို ကြောက်ရွံ့ရကား ပြည်သူ့လွှတ်တော်နှင့် လက်ဝါးခြင်းရိုက်၍ အချင်းချင်း စကားများသယောင် လေသံလွှင့်ပြီး တဖွဲ့လုံး နှုတ်ထွက်သွားကြတော့သည်။ ဤသို့ဖြင့် အမှိုက်ကစ ပြဿဒ်မီးလောင် ရွာငယ်ဇနပုဒ် ဂေဇက်ရွာမှစသော မီးစမီးနကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံဒေါ်ဂျီးတခုလုံး အခြေခံဥပဒေတရားသူဂျီးအဖွဲ့မရှိ ဖြစ်လေရတော့သည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး