“ ကျွန်ုပ်နှင့် အမဲသားကြိုက်သော မောင်မြဖေ ” မင်းသိင်္ခ

koyin sithuOctober 13, 20121min15811

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏မိတ်ဆွေ မောင်မြဖေရှိရာ လှည်းကူးမြို့ဆီသို့ အလည်အပတ် သွားရောက်ခဲ့ပေ၏။ ၎င်း မောင်မြဖေသည် အပျိုကြီးညီအစ်မနှစ်ယောက်နှင့် တစ်ပြိုင်တည်း အိမ်ထောင် ကျခဲ့သဖြင့် လွန်စွာမှ အတိဒုက္ခရောက်နေကြောင်း ကျွန်ုပ်အနေနှင့် ကြိုတင်၍ သိထားရလေ၏။

ထို့ကြောင့် ကျွန်ုပ်အနေနှင့် ၎င်းမောင်မြဖေအား ကူညီနိုင်သရွေ့ ကူညီရန်အတွက် သွားရောက်ခဲ့ ခြင်း ဖြစ်ပေသည်။ လှည်းကူးသို့ရောက်သည့်အခါ၌ ကျွန်ုပ်သည် ဘတ်စ်ကားပေါ်မှဆင်းပြီး ဈေးအတွင်းသို့ ဝင်ကာ စားဖွယ်သောက်ဖွယ်များ ဝယ်ယူခဲ့လေ၏။ ထို့နောက်မှ မောင်မြဖေ နေထိုင်ရာ မြို့၏အစွန်ပိုင်း ရပ်ကွက်ဆီသို့ သွားရောက်ခဲ့လေ၏။

မောင်မြဖေ၏ အိမ်ရှေ့တွင် ရေမြောင်းလေးတစ်ခုရှိလေ၏။ ထိုရေမြောင်းကလေးပေါ်၌ ခနော်ခနဲ့ နိုင်လှသည့် ဝါးလုံးတံတားလေးတစ်ခု ထိုး၍ထားလေ၏။

ကျွန်ုပ်သည် ဝါးတံတားလေးပေါ်မှဖြတ်၍ မောင်မြဖေ၏တဲဆီသို့ ဝင်လေ၏။ ကျွန်ုပ်ဝင်လာသည်ကို မောင်မြဖေသာလျှင်မဟုတ်၊ ၎င်း၏ဇနီးနှစ်ယောက်ပင် မတွေ့မြင်ကြပေ။

လင်မယားသုံးယောက်သည် ထမင်းစားပွဲ၌ဝိုင်းကာ ဒူးထောင်ပေါင်ကားထိုင်လျှက် ထမင်းစားနေ ကြလေ၏။ စားပွဲ၏အလယ်တွင် ဟင်းဇလုံကြီးတစ်လုံး ချ၍ထားလေ၏။ ထိုဇလုံထဲတွင် ဟင်းများပြည့် မောက်အောင်ထည့်၍ ထားလေ၏။ ထိုဟင်းမှာ အမဲသားဟင်းဖြစ်ကြောင်းကို

ကျွန်ုပ်၏ နှာခေါင်းသည် ဝါးတံတားကလေးကို မကျော်မီကပင် သိနှင့်ပြီးဖြစ်၏။

မောင်မြဖေ၏ လွန်စွာအသားမည်း၍၍ လွန်စွာပါးစပ်ပြဲလှသော၍ ဇနီးနှစ်ယောက်မှာ ဆံပင်များ ဖားလျားချလျှက် ဒူးများထောင်ကာထိုင်ပြီးလျှင် အမဲသားတုံးများကို အားရပါးရကိုက်ဝါး၍ စားနေကြလေ၏။ မောင်မြဖေလည်း ဟင်းဇလုံအတွင်းမှ အမဲလျှာကြီးတစ်ခုကို ဆယ်လိုက်ပြီးလျှင် အားရပါးရ ဝါးနေပြန်၏။

၎င်းတို့သည် ဘီလူးသရဲများသဖွယ် မျက်လုံးပြူး မျက်ဆံပြူးနှင့် အူယားဖားယား စားသောက်နေ ကြလေ၏။ ကျွန်ုပ်သည် ၎င်းတို့လင်မယားသုံယောက်အားကြည့်ကာ –

၎င်းတို့အနီးတွင်ရှိသော ခွေးတစ်ကောင်မှာမူ အရွတ်တုံးတစ်ခုကို မကျေမချမ်း ဝါး၍နေလေ၏။ မောင်မြဖေတို့ လင်မယားသုံးယောက်မှာမူ ကျွန်ုပ်အား လုံးဝ သတိပြုမိခြင်း မရှိကြပေ။

ကျေးဇူးကို မမျှော်
စိတ်အချော်တိမ်းပါး
မိတ်မတော် စိမ်းကားလျှက်
တို့အသား – တို့အသည်း
တို့အဆီရွှဲရွှဲကို
ထမင်းပွဲအလယ်
အနင့်သားတည်ပြီး
ရယ်ကာ ပြုံးကာနှင့်
အရသာခံစား၍
လင်မယားတတွေ
မြုံ့နေကြသည်အနေမှာ
မြိန်နိုင်ပေ့ သူတို့ကိုယ်
မျိုရက်ပေ့ သူ့ခံတွင်း
တို့လုပ်သည့် ထမင်းကို
တို့ဟင်းလျာ – အသားနှင့်
စားကြသည့် ဖြစ်နဲကို
တို့ အသည်း နာလိုက်တဲ့ …….

ဟူသော နွားမေတ္တာစာကို သတိရမိလေတော့၏။ ကျွန်ုပ်သည် မောင်မြဖေ၏ တဲပြတင်းပေါက်မှ နေ၍ လယ်ကွင်းဆီသို့ လှမ်းကြည့်လိုက်ရာ နွးတစ်ရှဉ်းသည် ပင်ပန်းကြီးစွာရုန်းကန်၍ စက်တုံးခုတ်ပေးနေ သည်ကို တွေ့ရလေ၏။

ကျွန်ုပ်၏စိတ်၌ ကျေးဇူးကြီးမားလှသော နွားသတ္တဝါကို အဆီရွှဲရွှဲ ထမင်းပွဲအလယ်တည်ကာ မြိန်ယှက်စွာ စားသောက်နေကြသော လင်မယားသုံးယောက်ကို အနည်းငယ်စက်ဆုပ်သကဲ့သို့ပင် ရှိလှ၏။ ထိုအသားကို မစားရလျှင်မနေနိုင်ဆိုသော စိတ်ဓါတ်ကိုသာ ဆိုလိုပါသည်။ ရိုးရိုးစားသောက်ရုံ စားသောက် ခြင်းကိုမူ ကျွန်ုပ်အနေနှင့် အပြစ်မတင်လိုပါ။ ကျွန်ုပ်က –

“ ဘယ်လိုလဲ မောင်မြဖေ စားလို့သောက်လို့ သိပ်မကောင်းဘူးထင်တယ် ” ဟု ပြောလိုက်ရာ မောင်မြဖေတို့လင်မယားသုံးယောက်သည် ကျွန်ုပ်အား ပြိုင်တူလှည့်ကြည့်ပြီးလျှင် အားတုံ့အားနာ ဖြစ်ကြ လေ၏။ မောင်မြဖေ၏ မယားတစ်ဦးကမူ –

“ ဟင်းကောင်းတာနဲ့ စားနေလိုက်ကြတာ ဧည့်သည်ရောက်လာမှန်းကို မသိတော့ဘူး၊ စားပါဦးလား ရှင့်၊ အမဲသားက လတ်လိုက်တာဆိုတာ မပြောနဲ့တော့ အသားကို ရဲနေတာပဲ ” ဟု ၎င်း၏ ကြီးမားကျယ်ပြန့် သော ပါးစပ်မဲမဲကြီးကိုဖြဲလျှက် ကျွန်ုပ်အား ဖိတ်မန္တကပြုလေ၏။

များမကြာမီ၌ပင် ၎င်းတို့သည် ထမင်းပွဲကို သိမ်းကြလေ၏။ ကျွန်ုပ်အား ရေနွေးကြမ်းဖြင့် ဧည့်ခံလေ ၏။ ပန်းကန်ခွက်ယောက်များ၌ပင် အမဲသားနံ့များကို ရနေသဖြင့် ရေနွေးကြမ်းကိုပင် မသောက်နိုင်ပဲ ရှိလေ ၏။

ထို့နောက် ကျွန်ုပ်သည် မောင်မြဖေအား ဈေးမှဝယ်ခြမ်းခဲ့သော စားဖွယ်သောက်ဖွယ်များနှင့် ငွေ တစ်ရာကို ပေးလေ၏။ ထိုအခါ၌ မောင်မြဖေက –

“ အစ်ကိုကြီး လက္ခဏာပညာ တော်တော်လိုက်စားထားပြီလိုကြားတယ်။ ကြုံတုံး ကျွန်တော့် လက္ခဏာကို ဖတ်ပေးခဲ့ပါဦး ” ဟု ဆိုသဖြင့် ကျွန်ုပ်လည်း မောင်မြဖေ၏လက်ဝါးကို ဖြန့်စေလျှက် လက္ခဏာ ကို ဖတ်ပေးလေ၏။

မောင်မြဖေ၏ လက္ခဏာတွင် လက်ညိုး၏အောက်ဆုံးအဆစ်၌ လွန်စွာရှည်လျားလှသော ဒေါင်လိုက် အစင်းကြောင်းတစ်ခုကို တွေ့ရလေ၏။ ထိုလမ်းကြောင်းကိုတွေ့ရသဖြင့် ကျွန်ုပ်သည် လွန်စွာအံ့ဩရလေ တော့၏။

အဘယ်ကြောင့်ဆိုသော် ထိုအမှတ်အသားမျိုးပါရှိသူသည် နွားများကို အမြောက်အမြား ပိုင်ဆိုင်၍ နွားများကိုလည်း ချစ်တတ်သော စိတ်ဓါတ်ရှိပြီးလျှင် နွားမွေးမြူရေးလုပ်ငန်းနှင့်ပင် စီးပွားဖြစ်တတ်သော ကြောင့် ဖြစ်၏။

ထို့ပြင် ၎င်း၏ လက်ဝဲဘက်လက်ညိုးထိပ်တွင်လည်း ဒေါင်လိုက်အစင်းကြောင်းတစ်ခု ပါလေ၏။ ထိုအစင်းကြောင်း၏ အဓိပ္ပါယ်မှာလည်း နွားများကို ချစ်ခင်သနားသောစိတ်ဓါတ်ရှိခြင်းကို ဖော်ပြထားခြင်းပင် ဖြစ်၏။

ထိုနောက် ကျွန်ုပ်သည် ဆက်လက်၍ စစ်ဆေးကြည့်ရှုပြန်ရာ မောင်မြဖေ၏ လက်ဝဲဘက်လက်ညိုး ၏ အောက်ဘက်တွင် လက်ဝါးပြင် အတွင်းဘက်ဆီသို့ ကွေ့ဝင်၍သွားသော အမှတ်အသားတစ်ခုကို တွေ့ ပြန်၏။ ထိုအမှတ်အသား၏ အဓိပ္ပါယ်မှာလည်း နွားများကို ချစ်ခင်ခြင်း၊ နွားနို့ကို လွန်စွာကြိုက်နှစ်သက်ခြင်း ဟု အဓိပ္ပါယ် ရနေပြန်ပါသည်။

ထို့ကြောင့် ကျွန်ုပ်က –

“ မောင်မြဖေရေ၊ မောင့်ရဲ့ လက်ဝါးပြင်မှာတော့ နွားသတ္တဝါတွေကို သနားချစ်ခင်တဲ့လမ်းကြောင်း သုံးခုတောင်တွေ့တယ်။ ဒါပေမဲ့ မောင်ရင်ကတော့လည်း နွားတွေကို မသနားပါလား။ လက္ခဏာကြမ်းဟာ အဲဒီနေရာမှာ မှားနေပြီလား မဆိုနိုင်ပါဘူး။ အကောင်းဆုံးအကြံပေးချင်တာကတော့ မောင်ရင့်ရဲ့လက္ခဏာ ထဲမှာပါတဲ့ လမ်းကြောင်းတွေအတိုင်း မောင်ရင်ဟာ နွားတွေကို သနားပြီး အမဲသားများ မစားဘဲ ရှောင်ပစ် လိုက်မယ်ဆိုရင်တော့ တစ်စုံတစ်ခု ထူးခြားလာမယ်လို့ ထင်တာပဲ။ ဘာတွေထူးခြားလာမယ်ဆိုတာတော့ ကျုပ်လည်း အတပ်မပြောဘူး ” ဟု ပြောလိုက်လျှင် မောင်မြဖေမှာ ရယ်လျှက် –

“ အစ်ကိုကြီး လက္ခဏာဟောတာ ဒါဘဲလား ” ဟု မေးလေ၏။

“ အေး ဟုတ်တယ်။ ငါတွေ့တာတော့ ဒါပဲ ” ဟု ကျွန်ုပ်က ပြောဆို၍ မောင်မြဖေအား နှုတ်ဆက် ကာ “ ပြန်မယ်ကွာ မိုးချုပ်ရင် ပြန်ရခက်တယ်ကွယ့်၊ ကားတွေက ကျပ်လာရော ” ဟုဆိုကာ မယား နှစ်ယောက်နှင့် မောင်မြဖေအိမ်မှ ပြန်ခဲ့လေတော့၏။

ထို့နောက်တွင်ကား မောင်မြဖေနှင့် လုံးဝမတွေ့တော့ပါ။

+ + + + + + + + + +

ကျေးဇူးရှင်နွားသား ကိုရင်တို့တော့မစား

နှစ်ပေါင်းအတော်ကြာသောအခါ၌ ကျွန်ုပ်သည်လည်း လက္ခဏာဆရာတစ်ဦးဖြစ်၍ လာလေတော့ ၏။

တစ်နေ့သ၌ ကျွန်ုပ်၏အိမ်ရှေ့သို့ လွန်စွာလှပသော မော်တော်ကားကြီးတစ်စီး ဆိုက်ရောက်လာပြီး လျှင် ထိုကားပေါ်မှ ချောမောလှပသော မိန်းမတစ်ဦး ဆင်း၍လာလေ၏။ ထိုမိန်းမက ကျွန်ုပ်အား တွေ့လျှင် တွေ့ချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်လေ၏။ ကျွန်ုပ်သည် ထိုမိန်းမကို မသိပါ။

သို့ရာတွင် အလိုက်သင့် အလျားသင့် ပြန်၍နှုတ်ဆက်ရလေ၏။ ထိုအခါ၌ ထိုမိန်းမက –

“ ဆရာ .. ကျွန်မကို မသိဘူးထင်တယ် ” ဟု မေးလေ၏။

“ အင်း .. မသိပါဘူး ” ဟု ကျွန်ုပ်က ဝန်ခံလိုက်လျှင် ထိုမိန်းမက ခပ်ယဉ်ယဉ်လေးပြီးလျှက် –

“ ကျွန်မယောကျင်္ားက ဆရာ့ရဲ့မိတ်ဆွေပါ။ သူကတော့ ပါမလာဘူး။ သူ့ရဲ့စာတော့ ယူလာပါတယ်။ ဟောဒီမှာရှင့် ” ဟု ဆိုကာ ၎င်း၏ လက်ပွေ့အိတ်အတွင်းမှ စာတစ်စောင်ကို ထုတ်၍ ကျွန်ုပ်အား ရိုသေစွာ ပေးလေ၏။ ကျွန်ုပ်လည်း ၎င်းပေးသောစာကိုထုတ်၍ ဖတ်လိုက်ရာ အောက်ပါအတိုင်း တွေ့ရလေတော့၏။

အစ်ကိုကြီးရေ –

ကျွန်တော်တော့ အလုပ်တွေများနေတာနဲ့ လိုက်မလာနိုင်ဘူး။ ကျွန်တော့်ရဲ့ ချစ်ဇနီးကိုပဲ အစ်ကိုကြီး ဆီ ဝင်ခဲ့ဖို့ မှာလိုက်ပါတယ်။ ကျွန်တော့်ဇနီးရဲ့ ဗမာနာမည်ကတော့ မြနှင်းရီတဲ့၊ မြရတနာလိုလည်း အေးမြ တယ်။ နှင်းရည်လိုလည်း အေးမြတယ်။ ကျွန်တော့်ဘဝကို အေးမြစေတာကြောင့် အဲဒီနာမည်ကလေး ပေးထားတယ်။ ကျွန်တော်လည်း အစ်ကိုကြီးနဲ့ နောက်ဆုံးတွေ့ပြီးကတည်းက အမဲသားကို လုံးဝဖြတ်ပစ် လိုက်ပါတယ်။ အဲဒီလို အမဲဖြတ်လိုက်တယ်ဆိုရင်ပဲ ဟိုညီအစ်မနှစ်ယောက်နဲ့ ကျွန်တော်ဟာ မသင့်မမြတ် ဖြစ်ကြတော့တာပဲ။ ဓါတ်ချင်းမတည့်ကြတော့ဘူးပဲ ဆိုမလား အစ်ကိုကြီးရယ်၊ အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ စကားများရတော့တာပဲ။ နောက်ဆုံးမှာ နှစ်ယောက်စလုံးနဲ့ ကွဲကြရောဆိုပါတော့။ အဲဒါနဲ့ ကျွန်တော် လည်း ခြေဦးတည့်ရာ ထွက်လာခဲ့တာ ပြင်ဦးလွင်ရောက်မှပဲ ကျွန်တော့်ရဲ့ခရီးစဉ်ဟာ ဆုံးတော့တယ်။ အဲဒီ ရောက်တော့ ကျွန်တော်ဟာ နွားခြံတစ်ခြံမှာဝင်ပြီး အလုပ်လုပ်တယ်။ အဲဒီနွားခြံကတော့ မြနှင်းရီတို့ပိုင်တဲ့ နွားခြံပါပဲ။ အဲဒီမှာ ကျွန်တော်ဟာ နွားတွေကိုထိန်းကျောင်းတဲ့ အလုပ်လုပ်ရတယ်။ ဪ .. ဒါနဲ့ ပြောရဦး မယ်၊ မြနှင်းရီတို့ရဲ့ နွားခြံမှာ အလုပ်လုပ်ရတာကလည်း မလွယ်ဘူး။ ကျွန်တော့်လိုပဲ အလုပ်လုပ်ချင်လို့ လာလျှောက်တဲ့လူတွေ အများကြီးပဲ။ ဒါပေမယ့် လူတိုင်းကို အလုပ်ပေးတာမဟုတ်ဘူး။ စစ်ဆေးပြီးတော့ မှ အလုပ်ပေးတာ။

စစ်ဆေးတဲ့သူကတော့ မြနှင်းရီ ကိုယ်တိုင်ပါပဲ။ ဘယ်လိုစစ်ဆေးသလဲဆိုတော့ နွားခြံမှာ အလုပ် လုပ်မယ့်သူကို လက်ဝါးဖြန့်ခိုင်းပြီး သူက လက္ခဏာဖတ်တယ်။ နွားကိုချစ်တတ်တဲ့ လက္ခဏာပါမှ အလုပ် ခန့်မယ်ဆိုပဲ။

အဲဒီတော့ ကျွန်တော်နဲ့အတူ အလုပ်လာလျှောက်တဲ့လူတွေ အလုပ်မရကြဘူး။ ကျွန်တော့်မှာတော့ အစ်ကိုကြီးတစ်ခါကပြောခဲ့သလို နွားကိုချစ်တတ်တယ်ဆိုတဲ့ လမ်းကြောင်းကလေးတွေ ပါနေတယ်ဆိုပဲ။

ဒါကြောင့် ကျွန်တော့်ကို မြနှင်းရီက နွားခြံမှာ အလုပ်လုပ်ဖို့ အလုပ်ခန့်လိုက်တယ်။ ကျွန်တော် ကလည်း ကြိုးကြိုးစားစား အလုပ်လုပ်ပါတယ်။ ပြီးတော့ ဘယ်လိုဖြစ်တယ်မသိဘူး၊ နွားတွေကို အစာကျွေး တဲ့အခါမှာ ကျွန်တော့်စိတ်ဟာ ပျော်လာတယ်။ နွားတွေ နေမကောင်း၊ ထိုင်မကောင်းဖြစ်ရင် ကျွန်တော်ဟာ စိတ်ပူတတ်လာတယ်။

တိုတိုပြောရရင်တော့ နွားတွေကို ကျွန်တော်ချစ်လာတယ်။ သနားလာတယ်။ မေတ္တာရှိလာတယ်။ အဲဒီလိုအတောအတွင်းမှာပဲ မြနှင်းရီတို့မိသားစုမှာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်လောက်တဲ့ ပြဿနာ မျိုး နှစ်ကြိမ် သုံးကြိမ်လောက် ကြုံလာတယ်။

အဲဒီလိုကြုံလာတဲ့အခါတိုင်းမှာလည်းပဲ ကျွန်တော်ဟာ ကျွန်တော့်အသက်ကို မဓာနမထားဘဲ မြနှင်းရီတို့အတွက် ကာကွယ်ပေးခဲ့တယ်။ အဲဒီလိုနဲ့ပဲ မြနှင်းရီနဲ့ ကျွန်တော်ဟာ တစ်စစ ရင်းနှီးလာခဲ့ကြတယ်။ နောက်ဆုံးမှာ သူနဲ့ကျွန်တော်ဟာ သူ့ရဲ့မိဘတွေ မရှိတော့တဲ့အချိန်မှာ လက်ထပ်လိုက်ကြတယ်ဆိုပါတော့။ အခုအခါမှာ ကျွန်တော်ဟာ မယားကောင်းတစ်ယောက်ကိုလည်း ပိုင်ဆိုင်ပါပြီ။ အလွန်နို့ထွက်တဲ့ နွားမတွေ အများကြီးကိုလည်း ပိုင်ဆိုင်နေပါပြီ။ ကျွန်တော့်ဆီကို တစ်ခါလောက် လာလည်ပါ။ နွားနို့ပျစ်ပျစ်ကလေး တွေ သောက်ပြီး ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ ပြောကြရအောင်ပါ အစ်ကိုကြီး။

နွားများကိုချစ်တတ်သူ

မောင်မြဖေ

ကျွန်ုပ်သည် စာကိုဖတ်ပြီးနောက် မြနှင်းရီမျက်နှာကို ကြည့်လိုက်၏။ သူ၏ အသားရောင်သည် ဝါ၏။ မျက်မှောင်သည် နက်၏။ မျက်တောင်သည် ကော့၏။ နှာတံသည် ပေါ်၏။

ထို့ကြောင့် မြနှင်းရီသည် ဗမာစကားကို ပီသအောင်ပြောတတ်သူမှန်သော်လည်း အမှန်စင်စစ် ဗမာ အမျိုးသမီးတစ်ဦးမဟုတ်ကြောင်း ကျွန်ုပ်ကောင်းကောင်း သတိပြုမိလေ၏။

ထိုအခါ၌ မြနှင်းရီက –

“ ကျွန်မ ကိုကိုမြနဲ့ လက်ထပ်ဖို့စဉ်းစားတဲ့အချက်ထဲမှာ သူ့ရဲ့ ဘယ်ဘက်လက်ခလယ်အောက်ဆုံး အဆစ်မှာပါတဲ့ ရှည်ရှည်မျောမျော မတ်တတ်အစင်းကလေးဟာလည်း အဓိကပဲ။ အဲဒီအစင်းကလေးဟာ ဘာကိုဆိုလိုတယ်ဆိုကိုတော့ ဆရာ့လိုလူမျိုးကို ကျွန်မက အထူးရှင်းပြဖို့မလိုပါဘူး ” ဟု ပြောလိုက်လေ၏။

“ ဟုတ်ပါတယ် မြနှင်းရီ၊ အဲဒီအမှတ်အသားကလေးဟာ စိတ်ထား သဘောထားကောင်းတဲ့ စည်းစိမ်ဥစ္စာပြည့်စုံတဲ့ အမျိုးသမီးများအပေါ် ထောက်ထားညှာတာတတ်တဲ့ ယောကျင်္ားတွေရဲ့လက်မှာ မကြာခဏ တွေ့ရလေ့ရှိပါတယ် ” ဟု ကျွန်ုပ်က ပြောလိုက်ရာ မြနှင်းရီက သူ၏ ညီညာသော သွားကလေး များကို ယဉ်ကျေးစွာပေါ်စေလျှက် ပြုံးလိုက်ပြီးလျှင် –

“ ဆရာကတော့ လက္ခဏာလမ်းကြောင်းတွေအားလုံးကို အလွတ်ရနေတာကိုး၊ ဒါကြောင့်လည်း ကိုကိုမြက ဆရာ့အကြောင်း မကြာခဏ ပြောနေတော့တာပဲ။ အဲဒီတော့ ဆရာရယ် ကိုကိုမြပြောသလိုပဲ နွားနို့ပျစ်ပျစ်ကလေးသောက်ပြီး အနားယူရအောင် မြနှင်းရီတို့ နွားခြံကို အလည်လိုက်ခဲ့ပါလား ” ဟူ၍ ဖိတ်ခေါ်လိုက်လေတော့သတည်း။
သဗ္ဗေသတ္တ ကမ္မဿကာ
မင်းသိင်္ခ

11 comments

  • ကိုရင်စည်သူ

    October 13, 2012 at 5:37 pm

    ဒီလရဲ့ ၂၅ ရက်ကျော်မှာ မွတ်စ်များ နွားအစ်ဖြစ်တယ်လို့ သိရပါတယ်။
    နွားသားမစားသော ကိုရင့်ခမျာ အပြစ်မဲ့အသတ်ခံရမဲ့ နွားများကို သနားစိတ်ဖြစ်မိသလို
    အဘရေးခဲ့တဲ့ စာမူဟောင်းများမှ လက်ရာများကိုလည်း ပြန်ဖတ်လေ ငတ်မပြေလေ
    တမ်းတမိလေ အဘရဲ့ အတွေးအခေါ် ပညာကို လေးစားမိသထက်လေးစားလေပါ။
    ကမ်းကပ်တုန်းလေ ပို့စ်တင်ချင်လို့ အမြန်တင်လိုက်တာပါ။ အခုတလော အီကွေတာအနီး အရှေ့အလယ်ပိုင်း
    ပင်လယ်ထဲမှာ လှိုင်းကြီးနေလို့ မမူးတာကြာတဲ့ လှိုင်းမူးတာတောင် ပြန်မူးလို့ နေလို့ထိုင်လို့
    သိပ်မကောင်းပါ။
    ရွာထဲက အပျိုကြီးမမများ ယောက်ျားယူရင် ဘယ်ဘက် လက်ခလယ်ကို ကြည့်ပါသမို့
    ထူးတာလေးတော့ ထူးမှာပါနော့… :kwi:

    • မိုးတိမ်

      October 13, 2012 at 7:04 pm

      ကျုပ်လဲ ညှီလွန်းလို့ အနံ့တောင်မခံနှိုင်ပါ။အမဲသား၊ဆိတ်သားအလွန်ညှီပါ၏။
      မစားတာကြာလို့လားမသိပါဘူး။အဲကောင်တွေအနားသွားရမှာကို တစ်မျိုးကြီးပဲ။
      သူတို့က အမဲသား၊ဆိတ်သားကြိုက်လို့နဲ့တူတာပဲ ညှီစို့စို့အနံ့ကချက်ချင်းရတာပဲ။
      ရေမွှေးဘယ်လောက်ကောင်းကောင်းသုံးသုံး သူတို့ကိုယ်ရဲ ့ညှီစို့စို့အနံ့က မပျောက်ဘူးဗျ။
      ဆိတ်လည်လှီးရင် ဆိတ်မွှေးအရည်အတွက်တိုင်းပြန်လည်လှီးခံရမှာပါ၊နွားဆို ပိုဆိုးပေါ့။
      လူမိုက်များလုပ်ကြပေါ့။ကျုပ်ကတော့ အားလည်းမပေးပါဘူး။တားချင်လို့မှမရတာလေဗျာ။
      သူတို့ အယူမှားလို့ ပြန်ခံရမှာကို သနားတာပဲရှိတာပါ။

      • ကိုရင်စည်သူ

        October 14, 2012 at 1:02 pm

        အဲ့လိုကျပြန်တော့ ကိုရင်မိုးတိမ်နဲ့ ကျနော်နဲ့ အတွေးသွားတူပြန်ရော..
        ဝဋ်မှာအမြဲ ငရဲမှာအပတဲ့ သူတို့ အယူမှားတာ သနားမိသလို
        တောက်မြင်ကပ်မိတယ်။ ခိုင်မြဲနေတဲ့ အယူဝါဒတစ်ခုကို ဖြတ်ဖို့ဆိုတာ
        ပင်လယ်သမုဒ္ဒရာဖြတ်တာထက်တောင် ခက်သေးတယ်ဗျာ..။
        ရန်ကုန်မှာတော့ ဆတ်သားခြောက်ဆိုပီး.. လိမ်လိမ်ပီး အမဲသားခြောက်တွေ
        စားရလို့ ဆတ်သားခြောက်တောင် မစားရဲတော့ဘူး… အမြည်းငတ်ပါ့နော်… :kwi:

  • ကြောင်ကြီး

    October 13, 2012 at 8:10 pm

    သဂျီးမှာ မိန်းမနှစ်ယောက်များ ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ ကိုရင်စည်သွပ် ရေးတာနဲ့ ပြောင်းပြန်… ဟိုအပျိုဂျီး နှစ်ယောက်နဲ့က နွားသားမစားခင် ကြည်စေအေးစေ၊ နောက်ပိုင်း နွားကောင်လုံးကင် စားတော့မှ ခွာပြဲသွားတယ်။ ထူးတာ သူမုတ်ဆိတ်ထားပြီး နွားသားလည်းစားရော ဥစ္စာစီးပွား ဒီရေအလား တိုးလာပြီး လက်ရှိညိုချော အိမ်သူဇနီးလေးနဲ့ သမီးလေးတယောက်ပါ ထွန်းကား ဟန်ကျနေလေရဲ့…။ အဲဒါ သူ့လက္ခဏာမှာ ဘာပါနေလို့လဲ…. 🙄

    • မောင်ပေ

      October 14, 2012 at 1:24 pm

      သဂျီး ညာဘက်လက်ဖဝါးမှာ ဓါးပုံသဏ္ဍာန် အရာလေးပါတယ်တဲ့
      အခုလာမယ့်အစ်နေ ့တောင် ၊ သဂျီးတို ့တစ်မိသားစုလုံး ခရီးထွက်ချင် ထွက်ကြလိမ့်ဦးမယ်
      🙄

  • ဖတ်ရင်းနဲ့မှ ကြည့်မိပါတယ်…

    ကိုရင်ရှူံးမှာလည်း ဘယ်ဘက်လက်ခလည်အောက်ဆုံးအဆစ်မှာ ထင်ထင်ရှားရှားကြီးပါလားကွယ်ရို့
    ဖု(ဘု)ကြီးကြီး အသားမာတက်နေတာများ ပြောင်တင်းလို့
    အကွဲကြောင်းတောင် ရှာမတွေ့ဘူး

    ဒါကြောင့်လဲ အကွဲကြောင်းလေးမရတာမှတ်

    (စကားချပ်)

    😀

  • စိန်ဗိုက်ဗိုက်

    October 14, 2012 at 12:19 pm

    တိုရင်ရေ
    အဘ နည်းပညာနဲ ့ ကြုပ်ကိုလဲ ဟောပေးပါဦး..
    ဘီးအီးချစ်တတ်တဲ့ လက္ခနာများ ပါလေသလားမသိဘူး….အမြဲပဲ သောက်နေရတာ ခုထိ မူးနေတုန်း..
    အဲတာ
    ဘီအီးဆိုင်ဖွင့်လိုက်ပြီး စီးပွားလုပ် ပြီးရင် ဘယ်မိန်းမနဲ ့ ရမလဲ တွက်ပေးပါဦးနော်..
    အနဲဆုံး ငါးယောက်လောက်ပြောင်းပြီး နောက်ဆုံးပိတ် Miss international ဝင်ပြိုင်တဲ့သူလေးနဲ ့ပိတ်လိုက်ရင် ကျေနပ်ပါပြီ
    ၄စားလရက်
    တိုရင်ရဲ့
    မြောင်းဒဂါ အူးဗိုက် ဘီအီးခိုက် ဟိုက်စ်.

    • ကိုရင်စည်သူ

      October 14, 2012 at 1:10 pm

      တကယ်သာပေါ့နော့.. တကယ်သာ အူးဗိုက်က ဘီအီးကြိုက်တယ်ဆိုရင်တော့
      အနုပညာခံစားမှု လက္ခဏာရေးကြောင်းမှာ အစွယ်အပွားတွေများနေတတ်ပါဒယ်..
      ဘီးအီးဆိုင် ဖွင့်ချင်ရင်တော့ တိုရင်တို့နားဂ ခေါင်ထိအကုန်စား ဘီးအီဆိုင်ရှိပါဒယ်..
      နာမည်အတိုင်း ခေါင်ထိရင် အကုန်စားနိုင်သမို့ အူးဗိုက် ပွဲစားခ ဘီယာတိုက်ရင်
      လိုက်မိတ်ဆက်ပေးဘာ့မယ်.. အဟီးးး။ ။ ငါးယောက်လောင်းပြောင်းပီး ယူချင်ရင်တော့
      ဘီးအီသိပ်မသောက်နဲ့ကိုယ့်လူ… ရှောစကီ စောသွားမယ်… အဲ့ကျရင် နန်းလေးကို အူးစည်က
      ဖမ်းထိန်းလိုက်မှာနော့… 😳 😳

  • မောင်ပေ

    October 14, 2012 at 1:28 pm

    ကိုရင်ရေ
    ကိုရင့်စာဖတ်အပြီး မနက်က ဖတ်ခဲ့ရတဲ့ သတင်းတစ်ပုဒ်ကို ပြန်ပြောခဲ့ဦးမယ်
    နွားနို ့ကောက်တဲ့ လူတွေက နို ့ဈေးတွေ နှိမ်လို ့တဲ့… နို ့စားနွားမွေးတဲ့လူတွေ အခက်တွေ ့နေကြသတဲ့ဗျာ
    နို ့စားနွားမ တစ်ကောင်ကို ဝယ်တုန်းက ရသိန်း ၈သိန်း ပေးခဲ့ရပေမယ့် ၊ အခု ပြန်ရောင်းတော့ ၃သိန်းတောင် မနဲပြောရောင်းရသတဲ့
    နွားစာဈေးတွေကလဲ မသေးဘူးတဲ့ဗျို ့

  • ဦးဦးပါလေရာ

    October 14, 2012 at 11:56 pm

    ဆရာကြီးရဲ့လက်ရာကို အလွမ်းပြေဖတ်ရလို့ ကျေးဇူးပါပဲ ကရင်စည်ရေ..။

    အမဲသားကိုတော့ လယ်သမားက ဘယ်စားချင်ပါ့မလဲ၊ ဘယ်စားဝင်ပါ့မလဲ..။
    တကယ်နွားနဲ့ တွဲလုပ်တဲ့လယ်သမားအိမ်တအိမ်ကို သွားလည်ကြည့်ပါ…
    နွားကို မိသားစုဝင်လို သဘောထားတာ…..။

  • တကယ်လို့သာ …
    အမဲသားကြိုက်တဲ့ အပျိုကြီးမယားနှစ်ယောက်ရဲ့ ခင်ပွန်း မောင်မြဖေ ဆိုသူ ဆီကိုသာ
    ဆရာကြီး မရောက်ခဲ့ဖူးဆိုရင် …

    တကယ်လို့သာ ….
    မောင်မြဖေကသာ ဆရာကြီးကို လက္ခဏာ မမေးခဲ့ဖူးဆိုရင် …

    တကယ်လို့သာ …
    ဆရာကြီးက မောင်မြဖေကို နွားတွေကို ချစ်တတ်ရမယ့်သူ ဖြစ်ကြောင်း …
    အမဲသား မစားဘဲ နေကြည့်ပါက တစ်ခုခု ထူးခြားနိုင်မည် ဖြစ်ကြောင်းကို မဟောခဲ့ဘူးဆိုရင် …

    တကယ်လို့သာ …
    မောင်မြဖေက ဆရာကြီးဟောတဲ့ လက္ခာဏာ ကို
    ဂရုမပြုဘဲ ထားခဲ့မယ်ဆိုရင် ………..

    မောင်မြဖေ ဘဝဟာ နောက်ဆုံးလို ဖြစ်လာလိမ့်မယ် မထင်ဘူး ….။

    ဒါနဲ့ ဆက်စပ်ပြီးတော့လည်း …
    ဘုရားရှင် လက်ထက်ကပေါ့ ..
    ဘုရားနဲ့ အချိန်မီ မတွေ့ခဲ့လို့ သူတောင်းစားဘဝ ရောက်ခဲ့ရတဲ့ သူဌေးလင်မယား အကြောင်းကို
    တွေးလိုက်မိပါသေးတယ် ……..။

    မိတ်ဆွေကောင်းနှင့် တွေ့ဆုံကြုံကြိုက်ရခြင်းသည်ကား
    အလွန်ပင် ကောင်းလှလေတော့၏ …….။

Leave a Reply