***  အနာဖတ်မကွာတဲ့  အနာဂတ်မှာ   ***

နေရာမကျဘူး
ဟိုတစ်စ  ဒီတစ်စ ပြန့် ကျဲပွရှုပ်
စိတ် အလှုပ် ၊  စိတ် အယိမ်း ၊ စိတ် အစိမ်း ၊ စိတ် အပိန်းမှာ
အနာဂတ် စိမ်းစိမ်းများ
သူစိမ်းဆန်ဆန်  ကိုယ်ရောင်ဖျောက်ဆဲ

နေရာမကျသေးဘူး
ကြေငြာ တွေများတယ်
အလေအလွင့်တွေ များတယ်
ရန်သူ အစစ်တွေများတယ်
လူ့ အခွင့်အရေးတွေ ခါးတယ်
ကိုယ်ကျိုးကြည့်  ၀ါဒီတွေများတယ်
ဥရောပ ခရီးစဉ်တွေ များတယ်
လမ်းဘေးဈေးသည်တွေ များတယ်
ရောဂါအသစ်တွေ များတယ်
ဒေါင်းယောင်ဆောင်  ကြီး(ကျီး) မိုက်တွေ များတယ်
အရိုးစွဲ ခြကိုက်တွေ များတယ်
နောက် ……..  ……….  …………………………..
အများကြီး  အများသေး အများကွေးလေး တွေများတယ် ၊

နေရာကို မကျသေး
ရခိုင်မှာ  ကုလားထိုင်တွေ ရဲ့မှောင်ခိုဈေးကွက်
ကြေးနီတောင်  ဝေးသီခေါင် ရွာများအရေး
လူ့ အခွင့် လူ့ အရေး   ဝေးစွ မျှော်တ နေ့ စွဲများ
ပါတီ ဈေးကွက်စီးပွါးရေး
ပါတီ FUN  ငွေ  ၊  ဒို့ တွေ အတွက်
နာမည်ကြီး ချင်  နာမည်ပျက်
အရောအယှက်  များ  …..
လက်တစ်လုံးခြား    မျက်နှာဖုံးများ
လက်ပူတိုက် နိုင်ငံရေး
သွေးအေးလိုက်  သွေးဆူလိုက်
အငြင်းပွါး လိုက်    ထမင်းစားလိုက်
လုံးချာ လိုက် ဆဲ ၊

နေရာ မကျခဲ့ပါဘူး
ငွေစက္ကူချပ် ပေါ်   ခုန်တတ်လာတဲ့
ဆောင့်ကြောင့်ထိုင် ခြင်္သေ့ ၊ အကြီးဆုံး ဆင်ဖြူတော်
“ကိုအောင်ဆန်း”  ကို ဘယ်ခေါ်ထားလိုက်ကြသလဲ
စိတ်တိုင်း မကျ
နေရာ မကျ
အထာ မကျ
“အဟိတ် ” ဆိုတာ  မိမှန်း ဖမှန်း သိပါစ ၊

နေရာ မကျဘူး
ကမ္ဘာ့ ရွာကြီး  ကတစ်မျှော်တစ်ခေါ်
မြန်မာ့ တာတီး က  မတော်တရော်
FACEBOOK စာမျက်နှာမှာ
HMUU ZAW ကဖွ
ဆဲကြ  ဆိုကြ  LIKE လိုက်ကြ
မိုက်လှ တဲ့  အကြံ
နို(လ်)ဗယ် တောင် မှန်းဆိုပဲ …..
ချွေးစိုရွှဲ  သူ့ အသွင် ၊ နဖူးပြင်မှာ ၀င်းလက်ထ
မျက်နှာပြောင် လွန်းစွ ၊

ဥပဒေ အထက်မှာ  ဘယ်သူရပ်
အထက် က အောက် မကြည့်
အောက်က အောက် ကို ဖိ
နဂိုတိုင်း ပဲ  ရှိသေးရဲ့ …..
နေရာ မကျသေးပါဘူး
ထမင်းတစ်လုပ် အရေး
မဟုတ်သေး ပါဘူး
နုပ်သေးတဲ့   ဦးဏှောက်တွေနဲ့ 
ပိုးလောက် ကောင်များလိုခြေရာခွက်ထဲ
သူတစ်ဗိုလ်  ငါတစ်မင်း
သတင်းလွင့်လွင့်    ဟင်းလင်းပွင့်လို့ 
မျက်နှာမသစ်ရသေးတဲ့    မျှော်လင့်ချက်တွေ ဖက်ပြီး
အသက်တစ်ရက်  ပိုကြီးလာခဲ့ ပြန်ပေါ့ ။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၂၆.၁၀.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..