အဖြစ်အပျက်လေး တစ်ခု ခုချိန်ထိ စိတ်ထဲနင့်နေသေးလို့ ပြောပြချင်ပါတယ်..။

ရွာသူရွာသားတို့ ခု အလှူလုပ်မယ်ဆိုတဲ့ တွံတေးမင်္ဂလာပရဟိတ မိဘမဲ့ကျောင်းကို ကောင်းကင်ပြာ အရင်က တနင်္ဂနွေနေ့တိုင်း ရောက်ပါတယ်…။ ခလေးတွေကို စာသင်ပေးပြီး သူတို့နဲ့ အတူနေဖြစ်တာပါ..။ အရင်က ကောင်းကင်ပြာတို့ C3 (Capacity Building and Care for Children) အဖွဲ့က အပတ်တိုင်း လူစုပြီး Volunteer အဖြစ်နဲ့ သွားတာပါ…။ ကောင်းကင်ပြာ IGE ရောက်ပြီး နေပြည်တော် သွားနေရပြီးနောက်ပိုင်း မရောက်ဖြစ်တော့ပါ…။

ခု IGE က ထွက်ပြီး ပန်းလှိုင်မှာ အလုပ်ဝင်တော့ ကထိန်ခင်းမယ့် ဘုန်းကြီးကျောင်းကို ရှာကြတဲ့အခါ တွံတေးမင်္ဂလာပရဟိတ မိဘမဲ့ကျောင်းမှာ ကထိန်ခင်းဖို့ ကျွန်မရဲ့ အားတက်သရော ဆော်သြချက်နဲ့ အဲ့ဒီကျောင်းမှာ ကထိန်ခင်းဖြစ်ခဲ့ပါတယ်..။

ကျောင်းရောက်သွားတော့ ခလေးတွေက လူဦးရေ တော်တော်များလာတယ်…။ ရှုပ်ရှက်ခတ်နေတဲ့ ခလေးတွေ ကြားမှာ ကောင်းကင်ပြာရဲ့ အချစ်တော်မလေး မြင့်မြင့်သူဆိုတဲ့ ခလေးမကို လိုက်ရှာပါတယ်..။ သူလည်း ရောက်နေတယ်ကြားတော့ အပြေးပဲ လာရှာပါတယ်…။ ကျွန်မကိုတွေ့တော့ ကျွန်မရဲ့တပည့်လေးတွေက ငိုရှာတယ်…။ မတွေ့တာကြာပြီတဲ့….။ ဘာလို့မလာတာလဲတဲ့……….။ ကျွန်မရဲ့ ပျက်ကွက်မှုတွေကြောင့် သူတို့ကို အရမ်းပဲ အားနာပြီး စိတ်မကောင်းဖြစ်ရပါတယ်..။

ဘုန်းဘုန်းရဲ့ သြ၀ါဒကို ခံယူပြီး ထမင်းစားတော့လဲ မြင့်မြင့်သူက ကျွန်မရဲ့ အိတ်ကိုကိုင်ပြီး တခြားခလေးနှစ်ယောက်နဲ့ အတူ အပြင်မှာ စောင့်ရှာတယ်..။ ကျွန်မက သူတို့လိုတာလေးတွေ အောက်က ဆိုင်လေးမှာလိုက်ဝယ်ပေးမယ်လို့ ပြောပေမယ့် သူတို့ လက်မခံဘူး။ ဒါဆိုလဲ မုန့်ဘိုးယူပါလို့ပေးတော့လဲ အတင်းငြင်းပြီး ဆရာမပဲ ယူပါဆိုပြီး ကျွန်မကို ပြန်ပေးတယ်…။ သူတို့နဲ့ ခဏတစ်ဖြုတ်နေ၊ ပုံပြင်တွေ ပြောပြနဲ့ သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ ကျွန်မတို့ သူတို့လေးတွေရဲ့ ဂွဒ်ဘိုင်ဆိုတဲ့ နှုတ်ဆက်သီချင်းသံနဲ့ အတူ (ကျွန်မအလုပ်က သူငယ်ချင်းတချို့ မျက်ရည်တွေ ၀ိုင်းပြီး)  ပြန်လာခဲ့ပါတယ်…။ ရုံးကို ပြန်ရောက်လို့ ကျွန်မအိတ်ကို ဖွင့်ကြည့်တဲ့အခါ သူတို့ ထည့်ပေးလိုက်တဲ့၊ သူတို့ သိမ်းထားတာ ကြာနေပြီဖြစ်လို့ တွန့်ကြေနေတဲ့ သကြားလုံးလေးတွေနဲ့ မားမားကိတ်လိုမျိုး ကိတ်မုန့်အသေးလေးတစ်ခုကို ကျွန်မအိတ်ထဲမှာ မမျှော်လင့်ဘဲ တွေ့တယ်…။

အိုးးးးးးးးးးးး

ကျွန်မတော်တော် စိတ်မကောင်းဖြစ်သွားပါတယ်….။ မေတ္တာငတ်နေတဲ့ခလေးတွေက သူတို့ဆီ အမြဲလာဖို့များ လာဘ်ထိုးလိုက်ကြတာလား…….။

ကိတ်မုန့်လေးကို ကြည့်တော့ ၅ လပိုင်းထဲက Expire ဖြစ်နေပါပြီ….။

ဒါဆို သူတို့ မစားဘဲ သိမ်းသိမ်းထားတဲ့ အဲ့လို Expire ဖြစ်နေတဲ့ ကိတ်မုန့်မျိုးတွေ ဘယ်နှခုလောက်များ ရှိနေမလဲ?????? ဒါဆို သူတို့ရဲ့ ကျန်းမာရေးကရော..?????

ဒီမှာရှိနေတဲ့ လူချမ်းသာ သားသမီး ခလေးတွေ….ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ထမင်းဟင်းတွေ၊ အကောင်းစားမုန့်တွေကို ချော့ကျွေးနေတာတောင် ခေါင်းတခါခါရှိလွန်းလို့ ထမင်းစားတဲ့ အစားဝင်တဲ့ ဆေးအမျိုးမျိုးတောင် တိုက်ပြီး ကျွေးနေရတာတွေနဲ့များ……………အင်း…………

ခုတော့ ကျွန်မ ရန်ကုန်မဟုတ်တဲ့ အဝေးတစ်နေရာကို ရောက်နေပါတယ်……..။ ရွာသူရွာသားများ မင်္ဂလာပရဟိတ မိဘမဲ့ ကျောင်းကို ရောက်ခဲ့ရင် ဆရာမဆုက ခလေးအားလုံးကို သတိရနေတယ်ဆိုတဲ့အကြောင်းနဲ့ မြင့်မြင့်သူဆိုတဲ့ ခလေးကိုလဲ သတိတရရှိပါတယ်ဆိုတဲ့အကြောင်းကို ကျေးဇူးပြုပြီး ပြောခဲ့ပေးပါရှင်……..

 

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 49 post in this Website..