၁၉ ဇူလိုင် မမေ့နိုင်

manawphyulayJuly 19, 20101min1314

ကျွန်မ တွေးမိတဲ့အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၉၄ရ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ မိုးတွေ တစိမ့်စိမ့်ရွာသွန်းနေတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးတို့ဟာ နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော (အခိုင်းခံရသူ)ရဲ့ လက်ချက် နဲ့ ကျဆုံးခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ မနော သိသလောက်ပေါ့လေ နောက်ပိုင်း လေ့လာမိသလောက်ကတော့ ဂဠုန်ဦးစောဟာ (ဟုတ်မဟုတ်တော့ မသိဘူး၊ သိတာကို ပြောပြတာနော်) ဆာတော်မန်စမစ်ရဲ့ စေခိုင်းချက်ကြာင့် အာဏာရာထူးကို မက်မောပြီး လုပ်ကြံခဲ့ခြင်း ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ အင်း မြန်မာတိုင်းရင်းသားတို့အတွက် တော့ ကမ္ဘာသာကျေပြီး ဥဒါန်းကျေမှာ မဟုတ်တဲ့ နေ့လေးတစ်နေ့ပေါ့။ ပြောရရင်တော့ ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ မနောတို့ရဲ့ လွတ်လပ်ရေး ပန်းတိုင်နှင့် မဝေးတော့တဲ့အချိန်အခါ သမယဖြစ်တော့မဲ့ အချိန်ပေါ့။ မိုးရာသီဖြစ်တဲ့ အတွက် မိုးရွာတာဟာ မဆန်းပါဘူး။ ဒါပေမဲ့ ထိုနေ့မှာတော့ မိုးမင်းကြီးဟာ ဒီသတင်းဆိုးကို ကြိုတင်ပဲ သိနေလို့လား ညိုသော အရောင် မှောင်တဲ့အသွင်ကို ဆောင်ပြီး တိမ်လွှာတိမ်လိပ်တို့ကလည်း မိုးကောင်းကင်မှာ ချက်ချက်ဘဲ အုံ့ဆိုင်းတက် လာတာပေါ့။ အဲဒီအချိန်မှာ မိုးသံ တချုန်းချုန်း မျက်စိတစ်မှိတ် လျှက်တစ်ပြက် အတွင်းမှာဘဲ လျှပ်စီးတွေ လက်ပြီး လေကလည်း ထန်လာတယ်။ အချိန်ကား နံနက် ၁ဝ နာရီခန့် ရန်ကုန်မြို့လယ်ရှိ အတွင်းဝန်ရုံးဟာ မိုးတွေကြားမှာ လေပြင်းကို အန်တုပြီး အခိုင်အမာရပ်တည်နေတာပေါ့။ အဲ အထဲမှာ ရှိတဲ့လူတွေဟာ အချမ်းဒဏ် ကို ဂရုမပြုနိုင်ဘဲ တိုင်းရင်းသားအားလုံးအတွက် လှုပ်ရှားနေခဲ့ကြတယ်လေ။ သူတို့ဟာ အတွင်းဝန်ရုံး ပထမထပ် အလယ်ခန်းမှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေပဲ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ဝန်းကျင်ပဲ ရှိသေးတဲ့ ဗိုလ်ချုပ်ဟာ တက်ရောက်လာတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ မနောတို့ရဲ့ နိုင်ငံအတွက် ဆွေးနွေးတိုင်ပင်နေကြတာပေါ့။ ခေါင်းဆောင်တွေဟာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် နေ့ညမဟူ လုံ့လထုတ်ကြ ရှာရပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝ နာရီနဲ့ ၃ရ မိနစ်အချိန်လောက်မှာဘဲ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ရင်နင့်ဖွယ် အဖြစ်ဆိုးကြီးဟာ ရုတ်တရက် ဖြစ်သွားခဲ့ရပြီလေ။ ဆူညံစွာ မောင်းဝင်လာတဲ့စက်သံနှင့်အတူ ဂျစ်ကားတစ်စီးဟာ အတွင်းဝန်ရုံးရှေ့ကို ရောက်ရှိလာပြီး မျက်နှာဖုံးစွပ် လူလေးယောက်ဟာ ရုတ်တရက် ဝင်ရောက်လာပြီး မြင်မြင်သမျှ မည်းမည်းမြင်ရာကို လိုက်လံပစ်ခတ်တော့တာပါပဲ။ ဗိုလ်ချုပ်ဟာ ရုတ်ခြည်းထရပ်ပြီး တားရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်ကျည်ဆန်ထိပ်ဖူးဟာ ကိုယ်တွင်းကို ရောက်ရှိသွားပြီး တားမြစ်မှုဟာ မအောင်မြင်ခဲ့ဘူးပေါ့။ အဖြစ်အပျက်ဟာ မြန်ဆန်လွန်းတဲ့အတွက် တစ်ခဏအတွင်းမှာ မြင်မကောင်းအောင် သွေးချောင်းစီးသွားပါတယ်။ မျိုးချစ်ပုဂ္ဂိုလ် ကိုးဦးဟာ မျိုးဖျက်သစ္စာဖောက်၊ အသားထဲက လောက်ထွက်တဲ့သူတွေရဲ့စနစ်ကြောင့် ကျဆုံးခဲ့ရ ရှာတော့တယ်။ ပြည်သူက ချစ်သော ဗိုလ်ချုပ်ဟာ ပြည်သူ့အတွက် လုပ်ဆောင်ရင်းနဲ့ အကြံပက်စက် ဆန်ကောလောက်မှ ဇောက်မနက်တဲ့ လူတွေရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရလေတယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်သလဲ။ ဗိုလ်ချုပ်နဲ့အတူ သခင်မြ၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မစ္စတာ အဗ္ဗဒူရာဇာတ်၊ ဦးဘဝင်းတို့လည်း အဲဒီနေရာမှာတင် သေဆုံးခဲ့ရရှာတယ်။ အဲ ဒဏ်ရာပြင်းထန်စွာ ရသွားတဲ့ မိုင်းပွန်စော်ဘွား စောစံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေးတို့လည်း ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရရှာတယ်။ အာဇာနည် ကြယ်ကိုးပွင့် အကြွေစောခဲ့ရလေပြီ။

ခုချိန်မှာတော့ ဗိုလ်ချုပ်တို့ရဲ့ သွေးစက်နဲ့ လမ်းခင်းပေးခဲ့တဲ့ လွတ်လပ်ရေးဟာ အထင်အရှားရှိခဲ့ရပြီလေ။ ယခုဆိုရင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ကို ရောက်ရှိ လာခဲ့ပြန်ပြီပေါ့။ မနောလေ ရေးစရာတွေ ရင်ထဲမှာ အပြည့်ရှိနေပါတယ်။ ဒါပေမဲ့ ရင်ထဲမှာ ဝမ်းနည်းဆို့နစ်ကြေကွဲပြီး ဘယ်လိုမှ ဆက်ရေးလို့ မရတော့ဘူး။ အခု မိုးတွေ သည်းကြီးမဲကြီး ရွာနေပြန်ပြီလေ။ အာဇာနည်နေ့ကို ကြိုတင်ဦးညွှတ်ဂုဏ်ပြုနေသည့်အလား၊ မနောရဲ့ရင်ထဲမှာ မေ့မရသောနေ့လေးတစ်နေ့ကို မြင်ယောင်နေမိပါ တော့တယ်။ အားလုံးတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျဆုံးလေပြီးသော အာဇာနည်မျိုးချစ် ခေါင်းဆောင်ကြီးတွေကို မနောနဲ့အတူ ဝမ်းနည်းပူဆွေးစွာနဲ့ပဲ ဂုဏ်ပြုကြိုဆို ကြပါစို့နော်။

အာဇာနည်များ

ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်

မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးချုပ်၊ ၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန် (၁၃) ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဒီးဒုတ်ဦးဘချို (၅၄) နှစ်

စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေးဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးသည်။

သခင်မြ (၄၉) နှစ်

လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။

ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်

မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ဦးဘဝင်း (၄၆) နှစ်

ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

မန်းဘခိုင် (၄၃) နှစ်

ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅) ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

စပ်စံထွန်း (၄ဝ) နှစ်

ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားသည်။

ဦးအုန်းမောင် (၃၄) နှစ်

သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (I.C.S) အစီရင်ခံစာတခုကို လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။

ကိုထွေး (၁၈) နှစ်

ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့် အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄) ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။

လူသတ်သမားများ

ဦးစော
၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊ သမ္ဘာရင့် လက်ျာနိုင်ငံရေးသမားဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိကပြိုင်ဘက်ဖြစ်သည်။ သူရိယသတင်းစာကို စတင်ထူထောင်သူနှင့် မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်

သည်။ ၁၉၄ဝ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလအထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၄ရ ခုနှစ်၊ ဇန်နဝါရီလတွင်ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူဖြစ်၍ ဦးအောင်ဆန်းနှင့် သူ့အမှုဆောင်ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့်အတိုင်း အပြစ်ပေးခံရပြီး၊ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။

မောင်စိုး (သေနတ်သမား)
မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဦးစော၏ အနီးကပ် နောက်လိုက်ဖြစ်၍ သူ့ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူဖြစ်သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီ ရင်ခံရသည်။

သက်နှင်း (သေနတ်သမား)
ကျိုက်လတ်မြို့မှ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယင်းမြို့ မျိုးချစ်ပါတီ၏ အတွင်းရေးမှူးဖြစ်သည်။ ဦးစောကို အထူးကြည်ညိုပြီး လုံးဝဥဿုံယုံကြည်ကိုးစားသူဖြစ်သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ် မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။

မောင်စိန် (သေနတ်သမား)

ကြို့ပင်ကောက်မြို့မှဖြစ်၍ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့တပ်မတော်သားဖြစ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သူ့မိဘများမှာ မျိုးချစ်ပါတီကို လိုလားနှစ်သက်သူများဖြစ်၍ သူ့ကို ဦးစော၏ နောက်လိုက်ဖြစ်ရန် သိမ်းသွင်းဆွဲဆောင်ခဲ့ကြသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

ရန်ကြီးအောင် (သေနတ်သမား)

အသက် (၁၈) နှစ်သာရှိ၏။ အသက်အငယ်ဆုံး သေနတ်သမားဖြစ်သည်။ ဦးစော တဝမ်းကွဲညီ၏သားဖြစ်သည်။ စတုတ္ထမြောက်သေနတ်သမား။ လိုအပ်လာသည့် နောက်ဆုံးအချိန်ကျမှ သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏ တဇောက်ကန်းအကျင့်ကြောင့် သေနတ်သမားအဖြစ် အံဝင်ခွင်ကျဖြစ်ခဲ့သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

သုခ
လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့် မောင်းပို့ပေးခဲ့သူဖြစ်သည်။ ရန်ကုန်မြို့ရှိ အစိုးရအထက်တန်းကျောင်းမှ (၉) တန်းအောင်မြင်ခဲ့သည်။ စစ်ပြီးနောက် ကျိုက်လတ်မြို့ ဖဆပလအဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦးဖြစ်သည်။ သက်နှင်းက သူ့ကို ဦးစောနှင့် မိတ်ဆက်ပေးခဲ့သည့်အပြင် မျိုးချစ်ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ် စာရင်းတင်ပေးခဲ့သည်။ ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှုမတိုင်မီ နောက်ဆုံးရောက်ရှိလာသူဖြစ်သည်။ သေဒဏ်ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရသည်။

ခင်မောင်ရင်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့စီးသော ဖို့ဒ်ဆန်ထရပ်ကားကို မောင်းသူဖြစ်သည်။ ဦးစောဇနီးသည်၏ တူတော်သည်။ ဝန်ကြီးအဖွဲ့အစည်းအဝေးထိုင်နေကြောင်း လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပြီး လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ်အပေးခံရသော်လည်း နောက်ပိုင်းတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရသည်။

မောင်နီ
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့် လိုက်ပါသွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန် အကူအညီပေးရေးအတွက် ခြောက်လုံးပြူးသေနတ်တလက်ဖြင့် အတွင်းဝန်များရုံး အထွက်ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်အပေးခံရသော်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရပြီး ယင်းသတင်းကို သုခနှင့်တပြိုင်နက်တည်း အသိပေးခံခဲ့ရသည်။

မှုန်ကြီး
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့် လိုက်ပါသွားခဲ့သည်။ အုတ်ဖိုမြို့အနီးမှ ကျေးရွာသားဖြစ်ပြီး အလုပ်ကြမ်းသမားတဦးဖြစ်သည်။ ဦးစောက သူ့ကို အစေခံတဦးကဲ့သို့ ခိုင်းခဲ့သည်။ ဝန်ကြီးအဖွဲ့စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။

ဘညွန့်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့တွင် ပါဝင်သည်။ ဦးစော၏လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင်ဖြစ်ပြီး သူတဦးသာ ဦးစော၏အိမ်အတွင်း နေထိုင်ခွင့်ရသည်။ အသိဉာဏ်ရှိ၍ အိုးသည်ကုန်းတရားရုံးတွင် စာရေးဖြစ်ခဲ့သည်။ သခင်နုအားသတ်ရန် တာဝန်အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ် ဘက်ပြောင်းထွက်ဆိုရန် သဘောတူခဲ့သူဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ သူ့အား အပြစ်မှခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သောထောင်ဒဏ် (၁ဝ) နှစ်နှင့် (၆) လ ချမှတ်ခံခဲ့ရသည်။

4 comments

  • cobra

    July 19, 2010 at 9:21 am

    ကောင်းပါတယ်…တော်တော်ကိုစေ့စပ်သေချာစွာတင်ပေးထားလို့ကျေးဇူးတင်ပါတယ်..။

  • manawphyulay

    July 19, 2010 at 9:53 am

    ခုလို လာရောက်ဖတ်တွားတဲ့ ကိုဂျေဂျူဝိုင်နဲ့ cobra ကို ကျေးဇူးအများကြီးတင်ပါတယ်။ နောင်လာနောင်သားတွေ အစဉ်အမြဲသိစေချင်တဲ့ဆန္ဒနဲ့တင်ပေးလိုက်တာပါရှင်။ အာဇာနည်နေ့က R ဇာနည်ရဲ့ မွေးနေ့လားလို့ မေးနေကြတဲ့ နောင်လာနောင်သားတွေအတွက် တင်ပေးရခြင်းဖြစ်ပါတယ်။

  • blacktiger

    July 19, 2010 at 3:17 pm

    အာဇာနည်တွေကျဆုံးကတည်းကမြန်မာပြည်ကံဆိုးမိုးမှောင်ကျခဲ့တာ အခုထိ လင်းရောင်ခြည်မပေါ်သေးပါလား

Leave a Reply