အမှား… သာမန်အမှား…မတော်တဆအမှား…ရည်ရွယ်ချက်ရှိရှိကျုးလွန်တဲ့ အမှား…ရီစရာအမှား…ဘ၀ပျက်လောက်တဲ့ အမှား…ခွင့်လွှတ်နိုင်တဲ့အမှား…ခွင့်မလွှတ်သင့်တဲ့ အမှား…စသဖြင့်ပေါ့ဗျာ အမှားကို သရုပ်ခွဲကြည့်ရရင်တော့ အမှား အမျိုးမျိုးရှိကြမှာပါပဲ…မမှားဘူးတဲ့သူ   လောကမှာမရှိခဲ့သလို မှားတာတွေတိုင်းကိုသည်းမခံ ခွင့်မလွှတ်ပဲ ထာဝစဉ် အပြစ်ပေးအရေးယူနေလို့လဲ မဖြစ်ပါဘူး…ပြေပြေလည်လည် ရှင်းပြလို့ နားလည် လက်ခံတဲ့သူဆိုရင် သေသေချာချာ ရှင်းလင်း ပြောဆိုပေးရမယ်…အရေးယူအပြစ်ပေးရမယ့်သူဆိုရင်တော့ အရေးယူရပါမယ်…အမှားကျုးလွန်တဲ့ သူရဲ့ နောက်ခံအကြောင်းအရာရယ်…ကျုးလွန်မိတဲ့ မူရင်းအကြောင်းအရာကိုလဲ သေသေချာချာ စေ့စေ့ပေါက်ပေါက် စဉ်းစားပြီး ခွင့်လွှတ်သင့်သလား…အရေးယူရမှာလား ခွဲခြားစဉ်းစားသင့်တယ်လို့တော့ ကျွန်တော်တော့ထင်တာပါပဲ….

လူတိုင်းအမှားနဲ့ မကင်းနိုင်ပါဘူး…အားလုံးသာ မှန်နေရင်တော့ ခဲတံနောက်မှာ ခဲဖျက်တောင် တပ်စရာ မလိုပါဘူး…အမှားဆိုတာ သိတတ်တဲ့သူ…အမှားဆိုတာကို လက်ခံတတ်ပြီး မှတ်မှတ်သားသားရှိတဲ့သူတစ်ယောက်ဟာ တခါတလေမှာ သူ့အမှားက သူ့အတွက် ပိုတန်ဖိုးရှိနေတတ်ပါသေးတယ်…ဥပမာ…ကျွန်တော်ဆို ငယ်စဉ်တုန်းက အပတ်စဉ်စာမေးပွဲတွေ…လစဉ်စာမေးပွဲတွေ…ပထမအစမ်း…ဒုတိယအစမ်း စာမေးပွဲတိုင်းမှာ မှားခဲ့တဲ့ အမှားတွေကို အမြဲတမ်း စာအုပ်တစ်အုပ်နဲ့ မှတ်ထားတတ်ပါတယ်…အားနေတဲ့ အချိန်တိုင်း မှားခဲ့ဘူးတဲ့ အမှားတွေ ပြန်ကြည့်တယ်…တကယ့် ဖိုင်နယ်စာမေးပွဲတွေမှာ အရင်မှားခဲ့တဲ့ ပုံစံတွေ ပြန်တွေ့တိုင်း အမြဲတမ်း သတိတန်းရပါတယ်…ငါ…ဒီနေရာမှာ မှားခဲ့တယ်…နောက်ဘယ်တော့မှဒီနေရာမှာ ဒီလို ပြန်မမှားဘူးလို့ ကိုယ့်ကိုကိုယ် အမြဲ ပြန်သတိပေးတယ်…နောက်အမှားအသစ်တစ်ခုသာ ကျုးလွန်မိရင် ကျုးလွန်မယ်…အရင်အမှားတော့ ထပ်မလုပ်ဖြစ်တော့ပါဘူး…တခါတလေ တော့လဲ မှားခဲ့ဘူးတဲ့ ကိုယ်အမှားဟာ ကိုယ့်အတွက် တကယ်တန်ဖိုးရှိနေတတ်ပါတယ်…

တကယ်လို့များပေါ့လေ…ပထမတစ်ခေါက် မှားတယ်…သတိပေးတယ်…မပြင်ဘူး…ဒီအမှားမျိုး နောက်တစ်ခေါက်ထပ်မှားတယ်…ထပ်ပြီး ပြင်းပြင်းထန်ထန်သတိပေးတယ်..မရဘူး…နောက် ထပ်ခါထပ်ခါမှားနေတယ်ဆိုရင်တော့ သေချာပေါက် အပြစ်ပေး အရေးယူရတော့မှာပါပဲ…အဓိက ဆိုလိုချင်တာကတော့ လူတိုင်းမှားတတ်ပါတယ်…မှားခွင့်လဲ ရှိပါတယ်…ပြင်ဆင်ခွင့်လဲပေးသင့်ပါတယ်…ခွင့်လွှတ်နိုင်တာလဲ ခွင့်လွှတ်လို့ရရင် ခွင့်လွှတ်ရပါမယ်…မှားတာတွေ့လို့ကတော့ ဘယ်သူဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်…ဘယ်လိုအမှားပဲဖြစ်ဖြစ် တွယ်လို့ရလို့ကတော့တွယ်မှာပဲ ဆိုတဲ့ စိတ်သဘောထားမျိုး ထားမယ်ဆိုရင်တော့ ဒီလောကကြီးဟာ ဘယ်တော့မှ သာယာလှပတဲ့ ကမ္ဘာကြီးဖြစ်လာတော့မှာ မဟုတ်ပါဘူး…

နောက်ပြီး လူတစ်ယောက်ဟာ အမှားတစ်ခု ကျုးလွန်ပြီ…မှားခဲ့ပြီ ထားပါတော့…သူ့ကိုလဲ သေချာပေါက် အပြစ်ပေးအရေးယူရတော့မယ်ဆိုရင် သူဘာကြောင့် ဒီအမှားကို ကျုးလွန်ခဲ့တာလဲ…ဆိုတဲ့  အဓိက အချက်နဲ့ ကျုးလွန်သူရဲ့ ကျုးလွန်စဉ် ထားတဲ့ စိတ်နေစိတ်ထားလဲ အဓိကထားစဉ်းစားသင့်တယ်ထင်တာပါပဲ…လူသတ်မှုနှစ်ခုထားပါတော့… တိုင်းပြည်ရဲ့အဖိုးမဖြတ်နိုင်တဲ့ရတနာတွေဖြစ်တဲ့ အာဇာနည်အပေါင်းကို ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည် သတ်ဖြတ်ခဲ့တဲ့ ဂဠုန်ဦးစောလို လူကိုပေးတဲ့ ပြစ်ဒဏ်နဲ့ ကိုယ့်အိမ်ထဲလာပြီး ကိုယ့်နှမကို စော်ကားမလို့ကြံတဲ့သူကို တွန်းလွှတ်ရင်းစော်ကားသူ မတော်တဆ လဲကျသွားလို့ ခေါင်းကိုထိ သေသွားလို့ ဖြစ်သွားတဲ့လူကိုပေးတဲ့ ပြစ်ဒဏ်နှစ်ခုကို သေစားသေစေ ဆိုပြီးအတူတူပေးမယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်သင့်တာ အမှန်ပါပဲ…ကျုးလွန်တဲ့ ပြစ်မှုတူသော်ငြားလဲ ကျုးလွန်စဉ်က အဓိကအချက်နဲ့ကျုးလွန်သူရဲ့ စိတ်နေစိတ်ထားကို အဓိကထား စဉ်းစားရမှာပဲဖြစ်ပါတယ်…

အရင်တစ်လလောက်ကပဲ ဟိုတယ်ည ရီဆက်ရှင် ကောင်လေးက မနက်ပိုင်း သူ့ဂျုတီချိန်အတွင်း CHECK OUT လုပ်တဲ့အခါ ရက်စွဲ အကြည့်မှားပြီး နှစ်ရက်တည်းတဲ့ ဧည့်သည်ကို တစ်ရက်စာပဲ အခန်းခယူလိုက်တယ်…ဒီငွေကိုသူ့ရဲ့ပေါ့လျော့မှုအတွက်  လျော်ခိုင်းရမလား…တာဝန်ခံမှု…တာဝန်ယူမှုဆိုတာ ရှိပေမယ့် ၀န်ထမ်းတစ်ယောက်အတွက်တော့ ဒီငွေဟာ သူ့အတွက် တကယ့် ၀န်ထုတ်ဝန်ပိုးကြီးပါပဲ…သူမှားတယ်…ဒါပေမယ့် မှားတဲ့ အဓိကအချက်နဲ့ သူ့နောက်ကြောင်း…စိတ်နေစိတ်ထား ဒါတွေကို စဉ်းစားပြီး ဆုံးဖြတ်ရတာပါပဲ…သူအရင်က မှားဘူးသလား…မမှားဖူးဘူး…အရင်ကကော ငွေရေးကြေးရေးပိုင်း…အကျင့်စာရိတ္တပိုင်း စိတ်ချရသလား…စိတ်ချရတယ်…ဒီလိုအချက်တွေ ကြည့်ပြီး နောက်မမှားဖို့ ချိုသာပျော့ပြောင်းစွာ ပြောပြပြီး ဒီဇာတ်လမ်းကို ဒီမှာတင်ဖြတ်ခဲ့ရပါတယ်…ဒီဝန်ထမ်းဟာ နောက်ပိုင်းမှာ အင်မတန်စိတ်ချရတဲ့… အလုပ်ကို မိသားစုအလုပ်လို သဘောထားနိုင်တဲ့  ၀န်ထမ်းကောင်းတစ်ယောက် ဖြစ်လာပါတယ်…အဲ့ဒီတုန်းကသာ သူ့အမှားအတွက် အလျော်ခိုင်းခဲ့မယ်…အပြစ်ပေး အရေးယူခဲ့မယ်ဆိုရင် အားထားရတဲ့ ၀န်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးချင် ဆုံးရှုံးသွားနိုင်ပါတယ်…

နောက်ပြီး အရင်ကပို့စ်မှာရေးထားတဲ့  နေ့လည် ရီဆက်ရှင်မိန်းကလေး…သူ့ကိုလဲ ဒီလိုပဲ စဉ်းစားခဲ့ရတာပါပဲ…နောက်ဘယ်တော့မှ သူမမှားတော့ဘူး…နောက်ပြီး အခုဆိုရင် အင်မတန်စိတ်ချရတဲ့ ဟိုတယ်မန်နေဂျာဖြစ်နေပါပြီ…အခုဆို ဘယ်ခရီးကိုထွက်ထွက်…ဘယ်လောက်ကြာအောင်နေနေ…ဟိုတယ်မှာ ငွေရေးကြေးရေးပိုင်း…စီမံခန့်ခွဲမှုပိုင်း…ပြသနာတွေကို ဖြေရှင်းနိုင်မှုအပိုင်းတွေမှာ နောက်ဆံတင်းစရာ မလိုလောက်အောင်  စိတ်ချရတဲ့ မန်နေဂျာတစ်ယောက်ဖြစ်နေပါပြီ…သူမှားခဲ့တဲ့ အမှားကို ဟိုစဉ်တုန်းကသာ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုအရေးယူခဲ့မယ်ဆိုရင် ၀န်ထမ်းကောင်းတစ်ယောက်သေချာပေါက် ဆုံးရှုံးရမှာ အသေအချာပါပဲ…ကာစတန်မာ အမြဲမှန်တယ်ဆိုပေမယ့် တခါတလေ ၀န်ထမ်းကောင်းတစ်ယောက်ဟာ ကာစတန်မာထက် အရေးကြီးချင် ကြီးနေတတ်ပါတယ်…ကောင်းတဲ့ ၀န်ထမ်းတွေ စုစည်းမိသွားပြီဆိုရင် ကာစတန်မာကို ပြေလည်အောင် ဆောင်ရွက်ပေးဖို့ဆိုတာ လှည့်ကြည့်စရာတောင် မလိုပါဘူး…တကယ်စိတ်ချရပြီးသားပါ….

ကဲ…နောက်ဆုံးပြောရရင်ကတော့ ကျွန်တော်လဲ အရင်တုန်းက မှားခဲ့ပါတယ်…အခုလဲ မှားနေဆဲပါပဲ…နောက်လဲ မှားနေဦးမှာပါပဲ…အဲ့သလိုပါပဲ လူတွေ လူတွေကလဲ မှားခဲ့…မှားဆဲ…မှားနေကြဦးမှာပါပဲ…ဒီလို အမှားတွေကိုတွေ့တိုင်း အမြဲတမ်း အပြစ်ပေးအရေးမယူကြပဲ မှားတဲ့အဓီက အခြေခံအချက်နဲ့ မှားသူရဲ့မှားစဉ်က ဖြစ်ပေါ်ခဲ့တဲ့ စိတ်နေစိတ်ထားကို အဓိကထား စဉ်းစားရင်း မှားခဲ့သူကို ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်နိုင်ကြပါစေ…ပြင်ဆင်ချင်တဲ့သူကို ပြင်ဆင်ခွင့် ပေးနိုင်ကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်…ဒီလိုမှ မလုပ်နိုင်တဲ့သူတွေကိုတော့ သဗ္ဘေသတ္တာ ကာမသကာ ပေါ့ဗျာ…ဘာတတ်နိုင်မှာလဲ…

 

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...