လိုင်စင်ချပေးမည့် လိုင်စင်မဲ့ကား သတ်မှတ်ဈေး မြင့်မားပြီး ရေရာမှုမရှိ

Yin Nyine NwayJuly 23, 20101min590

လာမည့်လတွင် တရားဝင်လိုင်စင်ချပေးမည့် လိုင်စင်မဲ့ကားများအား ကားအမျိုးအစားအလိုက် ရာဖြတ်အဖွဲ့မှ တန်ဖိုးသတ်မှတ်ရာတွင် ကားတန်ဖိုးသည် လက်ရှိပြင်ပပေါက်ဈေးထက် အဆမတန် မြင့်မားနေကြောင်း နေပြည် တော် အသိုင်းအဝိုင်း နှင့်နီးစပ်သည့် ဝါရင့်ကားပွဲစားတစ်ဦး အဆိုအရ သိရသည်။
မကြာသေးခင်က ကားပွဲစား အသိုင်းအဝိုင်းကြား ရာဖြတ်အဖွဲ့မှ ဈေးဖြတ်ထားသည် ဆိုသော စာမျက်နှာ ၂၄ ရွက် ခန့်ရှိ ကားဈေးနူန်း စာရင်းများ တရားမဝင်ပျံ့နှံ့လာကြောင်း သိရသည်။

၎င်းစာရင်းအရ ၉ရ မော်ဒယ် V46 Parjero ကားတစ်စီး သိန်း ၁၁၀ဝ နှင့် Toyota series ထဲမှ ၉ရ မော်ဒယ် အထက် မတ်တူးကားတစ်စီး၏ တန်ဖိုးကို ကျပ်ငွေသိန်း ၁၀၀ဝ ကျော်အထိ ဈေးသတ်မှတ်ထားပြီး လိုင်စင်ထုတ် ရာတွင်ကားတန်ဖိုး ၏  ၈၅ ရာခိုင်နူန်းကို အခွန်အဖြစ်ပေးသွင်းရမည်ဟု ဆိုသည်။

“ထိုင်းနယ်စပ်မှာ ၂၀၀ဝ မော်ဒယ် မတ်တူး ကားတစ်စီးရဲ့ လက်ရှိပေါက်ဈေးက ကျပ်သိန်း ၄ဝ ကျော်ပဲရှိတယ် ။ တရုတ်မှာက ယွမ် ၄ သောင်းဝန်းကျင်ပဲရှိတယ်။ ဒေါ်လာနဲ့ ဆိုတော့ ၆ ထောင်လောက်ပေါ့ဗျာ။ ပျမ်းမျှဆို သိန်း ၄ဝ နဲ့ ၆ဝကြားမှာပဲရှိ တယ်။ အခု သတ်မှတ်ချက်က ဗမာပြည်ပေါက်ဈေးပေါ့ အခွန် ၈၅ ရာခိုင်နူန်းဆိုရင် သိန်း ၈၅ဝ ပေးရမယ် ” လို့ ဆိုသည်။

လိုင်စင်ထုတ်သည့် လုပ်ငန်းအဆင့်ဆင့်တွင်လည်း ရှုပ်ထွေးနေပြီး ရေရာမှုမရှိကြောင်း သူက ဆက်ပြောရာတွင် “ တကယ် မရေရာတဲ့ အလုပ်ဗျ။ ပထမဆုံးရဲစခန်းအပ်ရမယ်။ ရဲကအမှုဖွင့်ပြီး အခွန်းရုံးပို့မယ်။ အခွန်ရုံးက စာရင်း ပြုစုပြီးမှ နေပြည်တော်တင်။ နေပြည်တော်ကနေ ပြန်ကျမှ လိုင်စင်ချပေးမယ်ပေါ့ဗျာ။ ဒီကြားထဲအခန့်မသင့်ရင် အဖမ်းတောင် ခံရနိုင်တယ် ” လို့ ဆို သည်။

မြန်မာနိုင်ငံ၌ သိန်းတစ်ထောင်အထက်ကားဈေးကွက်၏ ၉၈ ရာခိုင်နူန်းကို အာဏာပိုင်နှင့် ၎င်းတို့နီးစပ်သည့် စီးပွားရေး အသိုင်းအဝိုင်းက ထိန်းချုပ်ထားပြီး ကျန် ၂ ရာခိုင်နှုန်းခန့်ကသာ ပုဂ္ဂလိက လက်ထဲ ရှိကြောင်း သိရသည်။

ထို့ကြောင့် ကားတန်ဘိုးလျှော့ချပါက ဈေးများထိုးကျလာကာ အာဏာပိုင်နှင့်နီးစပ်သူများဘက်

မှ နစ်နာမည်ဖြစ်၍ ၎င်းတို့ အနေဖြင့် ဈေးလျှော့မည်  မဟုတ်ကြောင်း ၎င်း၏အမြင်ကို ဆက်ပြောသည်။

ဇူလိုင်လဆန်းလောက်က နိုင်ငံတစ်ဝှန်းတွင် လိုင်စင်မဲ့ကားများဖမ်းဆီးမည် ဆိုသည့် သတင်းများထွက်လာပြီး နောက် အရှိန်ကောင်းနေသည့် နယ်စပ်လိုင်စင်မဲ့ကား အရောင်းအဝယ်များ ရက်အနည်းငယ်မျှတန့်သွားပြီး ယခုပုံမှန်ဖြစ်နေကြောင်း တရုတ်နယ်စပ် ကားပွဲစားတစ်ဦးက ပြောသည်။

ထိုင်းနှင့်တရုတ်နယ်စပ်မှတဆင့် ပြည်တွင်းသို့ လိုင်စင်မဲ့ကားများ တင်သွင်းနေရာ ၂၀၀၂ ခုနှစ်ဝန်းကျင်က နယ်စပ်ကား ဈေးကွက်အကောင်းဆုံး ကာလဖြစ်ကြောင်း သိရသည်။

ထို့နောက် ၂၀၀၅ ခုနှစ်တွင် လိုင်စင်မဲ့ကား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကားဈေးကွက်မှေးမှိန်ခဲ့ပြီး ယခုအခါ လိုင်စင်မဲ့ကားများ တရားဝင်လိုင်စင်ချပေးမည် ဆိုသဖြင့် ကားဝယ်ယူစုဆောင်းသူ အများအပြား ရှိခဲ့ ကြောင်း သိရသည်။

နယ်စပ်များမှ တဆင့် လိုင်စင်မဲ့ကားတင်သွင်းရာတွင် ကားပွဲစားများ စစ်တပ်အရာရှိများ ပြည်တွင်း ကညန (ကုန်လမ်းပို့ ဆောင်ရေး ညွန်ကြားရေးဋ္ဌာန) အကြီးအကဲများ ပါဝင်ပတ်သက်နေပြီး ကားလိုင်စင်ရရန် အခက် အခဲမရှိကြောင်း နယ်စပ် ကားပွဲစားဟောင်းတစ်ဦးက ဆိုသည်။