ဘာလိုလိုနဲ့ လာမယ့်လမှာ ကျနော် ဒီကုမ္ပဏီရောက်တာ ၉ နှစ်ပြည့်ပါတော့မယ် ၊

စ ဝင်ဝင်ချင်းတုန်းကတော့ အားကစားသတင်း ဘာသာပြန် အနေနဲ့ပါ ၊

အဲဒီ ၉ နှစ်ကို ပြန်လှည့်ကြည့်မိရင် ခံစားမှုတွေကတော့ အစုံပါပဲ ၊

ကွန်ပြူတာဆိုတာ တီဗီလိုဟာကြီးနဲ့ ကြည့်ရတဲ့ဟာပါလားလို့ သိခဲ့ရသလို အင်တာနက်ဆိုတာ ဂလိုပါလား လို့လည်း နားလည်ခဲ့ရသပေါ့လေ ၊

အဲဒီအချိန်ကတော့ ကျနော်တို့ အားကစား ဝက်ဘ်ဆိုက်ဌာနမှာ ကွန်ပြူတာက ၃ လုံးထဲမို့ ( အယ်ဒီတာ ၁ လုံး ၊ အော်ပရေတာ ၂ လုံး )

ကျနော်တို့ ဘာသာပြန် ၃ ယောက်အတွက် အပိုင် ကွန်ပြူတာ မရှိပါဘူး ၊ မနက် ခဏ ညနေ ခဏပဲ ကြည့်ရ သုံးရတာပါ ၊

ဂျီမေးလ်တောင် တခြားလူကို လုပ်ခိုင်းရပါတယ် ၊ နောက်မှ ကွန်ပြူတာ ကိုယ်စီ ဖြစ်ခဲ့ရတာပါ ၊

ဂျီမေးလ်ပြီးမှ ဂျီတော့ ဆိုတာ ပေါ်လာသပေါ့ ၊ ဂျီတော့ တစ်ချိန်လုံး သုံးလွန်းလို့ ဝမ်နင်တွေပေးရ နောက်ဆုံးကျ ထုတ်ပစ်ရတဲ့ ဝန်ထမ်းမျိုးတောင် ရှိခဲ့ပါတယ် ၊

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ အနောက်ခြမ်းက သတင်းကို မိနစ်ပိုင်းအတွင်း  ကမ္ဘာ့ အရှေ့ခြမ်းက သိရတာကတော့ တကယ်အကျိုးများစေပါရဲ့  ၊

ကျနော်ကတော့ သတင်းဝါသနာပါသူ စာရေးတာ ဝါသနာပါသူမို့ ဒီအလုပ်ကို သိပ်ကြိုက်ခဲ့ပါတယ် ၊

အဲဒီကြားထဲမှာ အချိန်ပိုင်းအနေနဲ့ အမ်အာတီဗီ ဖိုး မှာ ဘောလုံးပွဲ ကြေညာသူ လုပ်ခဲ့သေးသလို အားကစားဂျာနယ် ၂ စောင်မှာ

သတင်းဆောင်းပါးတွေ ရေးခဲ့ပါသေးတယ် ၊

စိတ်ဝင်စားတဲ့ အလုပ်မို့ ပင်ပန်းတယ်လို့ကို မထင်သလို ကိုယ့် အိမ်ထောင်ရေး အကွဲအပြဲ ဇာတ်လမ်းကိုလည်း ဘာမှ သိပ်မခံစားမိအောင် အလုပ်တွေက ထိန်းညှိပေးသွားနိုင်ခဲ့ပါတယ် ၊

ဥရောပဘောလုံးပွဲတွေက ညပိုင်းမို့ တစ်ပါတ်ကို ၃ – ၄ ရက်က နေ့နေ့ ညည ရုံးမှာပါပဲ ၊ ဘောလုံးပွဲရလဒ် အက်စ်အမ်အက်စ်ပို့တာတွေ လုပ်ဖြစ်တော့ ပို အချိန်ပေးရပါတယ် ၊

အိမ်အတွက် အမေရှိလို့ အဲသလို နေနိုင်တာလည်း ပါပါတယ် ၊ အခုနောက်ပိုင်းတော့ အက်စ်အမ်အက်စ် ပို့တာကို ဖြုတ်လိုက်ပါပြီ ၊

ကျနော်လည်း ရုံးမှာ ညဘက် သိပ်မနေဖြစ်တော့ပါဘူး ၊ ညဘက် ဝန်ထမ်းတွေကို ဖုန်းနဲ့ပဲ ထိန်းကျောင်းပါတော့တယ် ၊

သတင်းနဲ့ ပွဲရလဒ်တွေ ဆိုက်ပေါ် တက် မတက် အိမ်ကနေကြည့်ရင်း ထိန်းတဲ့သဘောပါ ၊

အားလုံးကို ခြုံကြည့်ရင် ဒီ ၉ နှစ်မှာ စိတ်ညစ်စရာ စိတ်ဆိုးစရာ စိတ်ပျက်စရာထက် ကျေနပ်စရာက ပိုများပါတယ် ၊ ဒါကြောင့်လည်း ၉ နှစ်ကြာခဲ့တာပေါ့လေ ၊

ကိုယ့်ဝန်ထမ်းတွေနဲ့ ပတ်သက်ရင်လည်း ဝမ်နင်ပေးရသူတောင် မရှိအောင် ချော့တန်ချော့ ခြောက်တန်ခြောက်နဲ့ နေခဲ့တာမို့

ဝန်ထမ်းတွေရဲ့  မေတ္တာကို ရခဲ့တာကလည်းကြည်နူးစရာပါပဲ ၊

ကိုယ့်ထက် လုပ်သက်ရင့်သူဆိုလို့ မားကက်တင်း အေဂျီအမ်သာ ရှိတော့တဲ့ ဒီကုမ္ပဏီမှာ ကျနော် ပျော်နေဆဲပါလေ ၊

 

18

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..