ဝန်ထမ်းသက် ၉ နှစ်ပြည့်လေသောအခါ
ဘာလိုလိုနဲ့ လာမယ့်လမှာ ကျနော် ဒီကုမ္ပဏီရောက်တာ ၉ နှစ်ပြည့်ပါတော့မယ် ၊
စ ဝင်ဝင်ချင်းတုန်းကတော့ အားကစားသတင်း ဘာသာပြန် အနေနဲ့ပါ ၊
အဲဒီ ၉ နှစ်ကို ပြန်လှည့်ကြည့်မိရင် ခံစားမှုတွေကတော့ အစုံပါပဲ ၊
ကွန်ပြူတာဆိုတာ တီဗီလိုဟာကြီးနဲ့ ကြည့်ရတဲ့ဟာပါလားလို့ သိခဲ့ရသလို အင်တာနက်ဆိုတာ ဂလိုပါလား လို့လည်း နားလည်ခဲ့ရသပေါ့လေ ၊
အဲဒီအချိန်ကတော့ ကျနော်တို့ အားကစား ဝက်ဘ်ဆိုက်ဌာနမှာ ကွန်ပြူတာက ၃ လုံးထဲမို့ ( အယ်ဒီတာ ၁ လုံး ၊ အော်ပရေတာ ၂ လုံး )
ကျနော်တို့ ဘာသာပြန် ၃ ယောက်အတွက် အပိုင် ကွန်ပြူတာ မရှိပါဘူး ၊ မနက် ခဏ ညနေ ခဏပဲ ကြည့်ရ သုံးရတာပါ ၊
ဂျီမေးလ်တောင် တခြားလူကို လုပ်ခိုင်းရပါတယ် ၊ နောက်မှ ကွန်ပြူတာ ကိုယ်စီ ဖြစ်ခဲ့ရတာပါ ၊
ဂျီမေးလ်ပြီးမှ ဂျီတော့ ဆိုတာ ပေါ်လာသပေါ့ ၊ ဂျီတော့ တစ်ချိန်လုံး သုံးလွန်းလို့ ဝမ်နင်တွေပေးရ နောက်ဆုံးကျ ထုတ်ပစ်ရတဲ့ ဝန်ထမ်းမျိုးတောင် ရှိခဲ့ပါတယ် ၊
ဘာပဲဖြစ်ဖြစ် ကမ႓ာ့ အနောက်ခြမ်းက သတင်းကို မိနစ်ပိုင်းအတွင်း ကမ႓ာ့ အရှေ့ခြမ်းက သိရတာကတော့ တကယ်အကျိုးများစေပါရဲ့ ၊
ကျနော်ကတော့ သတင်းဝါသနာပါသူ စာရေးတာ ဝါသနာပါသူမို့ ဒီအလုပ်ကို သိပ်ကြိုက်ခဲ့ပါတယ် ၊
အဲဒီကြားထဲမှာ အချိန်ပိုင်းအနေနဲ့ အမ်အာတီဗီ ဖိုး မှာ ဘောလုံးပွဲ ကြေညာသူ လုပ်ခဲ့သေးသလို အားကစားဂျာနယ် ၂ စောင်မှာ
သတင်းဆောင်းပါးတွေ ရေးခဲ့ပါသေးတယ် ၊
စိတ်ဝင်စားတဲ့ အလုပ်မို့ ပင်ပန်းတယ်လို့ကို မထင်သလို ကိုယ့် အိမ်ထောင်ရေး အကွဲအပြဲ ဇာတ်လမ်းကိုလည်း ဘာမှ သိပ်မခံစားမိအောင် အလုပ်တွေက ထိန်းညှိပေးသွားနိူင်ခဲ့ပါတယ် ၊
ဥရောပဘောလုံးပွဲတွေက ညပိုင်းမို့ တစ်ပါတ်ကို ၃ – ၄ ရက်က နေ့နေ့ ညည ရုံးမှာပါပဲ ၊ ဘောလုံးပွဲရလဒ် အက်စ်အမ်အက်စ်ပို့တာတွေ လုပ်ဖြစ်တော့ ပို အချိန်ပေးရပါတယ် ၊
အိမ်အတွက် အမေရှိလို့ အဲသလို နေနိူင်တာလည်း ပါပါတယ် ၊ အခုနောက်ပိုင်းတော့ အက်စ်အမ်အက်စ် ပို့တာကို ဖြုတ်လိုက်ပါပြီ ၊
ကျနော်လည်း ရုံးမှာ ညဘက် သိပ်မနေဖြစ်တော့ပါဘူး ၊ ညဘက် ဝန်ထမ်းတွေကို ဖုန်းနဲ့ပဲ ထိန်းကျောင်းပါတော့တယ် ၊
သတင်းနဲ့ ပွဲရလဒ်တွေ ဆိုက်ပေါ် တက် မတက် အိမ်ကနေကြည့်ရင်း ထိန်းတဲ့သဘောပါ ၊
အားလုံးကို ခြုံကြည့်ရင် ဒီ ၉ နှစ်မှာ စိတ်ညစ်စရာ စိတ်ဆိုးစရာ စိတ်ပျက်စရာထက် ကျေနပ်စရာက ပိုများပါတယ် ၊ ဒါကြောင့်လည်း ၉ နှစ်ကြာခဲ့တာပေါ့လေ ၊
ကိုယ့်ဝန်ထမ်းတွေနဲ့ ပတ်သက်ရင်လည်း ဝမ်နင်ပေးရသူတောင် မရှိအောင် ချော့တန်ချော့ ခြောက်တန်ခြောက်နဲ့ နေခဲ့တာမို့
ဝန်ထမ်းတွေရဲ့ မေတ္တာကို ရခဲ့တာကလည်းကြည်နူးစရာပါပဲ ၊
ကိုယ့်ထက် လုပ်သက်ရင့်သူဆိုလို့ မားကက်တင်း အေဂျီအမ်သာ ရှိတော့တဲ့ ဒီကုမ္ပဏီမှာ ကျနော် ပျော်နေဆဲပါလေ ၊
12 comments
ခင်ခ
April 29, 2013 at 4:09 pm
မိမိလုပ်ကိုင်သော အလုပ်နှင့်အတူ ဝန်းကျင်တစ်ခုကိုလည်း တစ်ပြိုင်တည်း ရတတ်ကြပါတယ်။
ထိုရခဲ့တဲ့ ဝန်းကျင်သည် ကိုယ့်အတွက် ပျော်ရွှင်စရာ စိတ်ချမ်းမြေ့စရာ ဖြစ်ကြတယ်ဆိုရင် ကျေနပ်ဖွယ်ရာ လုပ်ငန်းခွင်တစ်ခုမည်ပေ၏။
Myo Thant
April 29, 2013 at 4:20 pm
ကျေးဇူးပါ ကိုခရေ
Mr. MarGa
April 29, 2013 at 4:53 pm
ကိုးနှစ်ဆိုတဲ့ အချိန်အတိုင်းအတာဟာ မနည်းပါဘူးဗျာ………
ဒါလောက်ကြာကြာ စွဲစွဲမြဲမြဲ အဆင်ပြေပြေလုပ်နိုင်တယ်ဆိုတော့ ကိုရင့်ရဲ့ ဇွဲနဲ့ လုံ့လကို မှန်းမိပါတယ်။ :hee:
Myo Thant
April 29, 2013 at 5:02 pm
ကိုယ်ကြိုက်တဲ့ အလုပ်မို့လည်း ပါပါတယ် ကိုမာဃရေ
ကိုပေါက်(မန္တလေး)
April 29, 2013 at 5:11 pm
ဝါသနာနဲ့ ထမင်းရှာစားတဲ့အလုပ် ထပ်တူကျရင်အကောင်းဆုံး။
တကယ်လို့ မတူခဲ့ရင်လဲ ရောက်တဲ့နေရာမှာပျော်အောင်နေတာ အကောင်းဆုံး။
မောင် ပေ
April 29, 2013 at 7:27 pm
အလုပ်မှာပျော်
တရုတ်လာခေါ်
ဖားပြုတ်နာကြော်
စာအုပ်ပါတော်
နှာအုပ်ကြာဂေါ်
TNA
April 29, 2013 at 9:41 pm
ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့သူဟာ ပိုမိုအောင်မြင်နိုင်တယ်တဲ့။ နောင်နှစ်ပေါင်းများစွာ ဆက်လက်ပျော်ရွှင်အောင်မြင်နိုင်ပါစေလို့ဆိုတောင်းပေးပါတယ်။
uncle gyi
April 29, 2013 at 10:12 pm
အလုပ်ကိုကြိုးစားတာကောင်းပေမဲ့
တကိုယ်ရေဆိုအကြောင်းမဟုတ်
တူနှစ်ကိုယ်ဆိုသူ့ကိုပြန်ငဲ့
သူလည်းလေလောကီသား
ကိုယ့်လိုအပြင်လောကနဲ့ထိတွေ့သူမဟုတ်ရင်
သူ့ကိုလည်းထည့်တွေးမှအိမ်ထောင်ဖြစ်တော့မပေါ့
အလုပ်နဲ့အိမ်ထောင်မျှမှအိမ်ထောင်လည်းသာယာ
စီးပါွးလည်းကောင်း
ပြည့်စုံမှုရှိတော့မပေါ့
မောင်မျိုးရယ်
Myo Thant
April 30, 2013 at 9:08 am
ဘယ်က တူနှစ်ကိုယ်ကြီး ပါလာတာတုန်းဗျ ၊
မျက်နှာချင်းကို မဆိုင်ချင်တော့လို့ ကွာရှင်းခဲ့တာ ၆ နှင်ရှိပြီခင်ဗျ ။
lady mobile
April 30, 2013 at 7:44 am
ကိုယ်လုပ်ရတဲ့အလုပ်က ကိုမငြီးညူတဲ့အလုပ်
ကိုယ်ပျော်ရွှင်တဲ့ အလုပ်ဆိုတော့ကောင်းတာပေါ့……
kyeemite
April 30, 2013 at 9:31 am
အော..ရွာထဲမလဲ သတင်းသမားတွေ
စာနယ်ဇင်းဆရာတွေ များပါပေသကိုး…
ဝါသနာနဲ့ အသက်မွေးအလုပ်ထပ်တူကျနေတာ
နဲတဲ့ကုသိုလ်မဟုတ်ဘူးဗျ..အများအားဖြင့်အသက်မွေးဝမ်းကျောင်းအလုပ်နဲ့
ဝါသနာ တလွဲစီများတယ်…ဝမ်းသာပါတယ်ဗျာ…
အပေါ်ကမန့်သွားတဲ့ ကိုသဲနုလိုပဲ ဆုတောင်းပေးလိုက်မယ်..
“ နောင်နှစ်ပေါင်းများစွာ ဆက်လက်ပျော်ရွှင်အောင်မြင်နိုင်ပါစေလို့” :hee:
kai
May 1, 2013 at 3:18 pm
အမှန်တော့ ..သူများအလုပ်လုပ်ရတာ.. တယ်မဟန်ပါဘူး..
ကျုပ်ဆို.. အလုပ်တခု.. ၅နှစ်လောက်စွဲလုပ်တာတော်တော်ရှားတယ်..
အခုတောင်ရှိတာလေး.. ထွက်ချင်နေပြန်ပြီ…။
ဆိုတော့..
ကိုယ်ပိုင်စီးပွားရေးလုပ်တာ.. ကောင်းတယ်ထင်ပါကြောင်း..
သူများအလုပ်လုပ်ရင်း.. ဖြည်းဖြည်းချင်း.. အခြေတည်သွားစေလိုကြောင်း..။