ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကျနော်ခရီးဝေးထွက်ဖြစ်ခဲ့ပါတယ် ၊ မန္တလေး နဲ့ ရွှေကူ အထိပါ ၊
အဲဒီခရီးတွေထဲမှာ စိတ်ကသိကအောက်ဖြစ်ရတာလေးတွေ ပြောချင်ပါတယ် ၊ ရွာထဲမှာလည်း ခရီးသွားတွေ များတာမို့ သိကြပြီးလည်း ဖြစ်ပါလိမ့်မယ် ၊
ခရီးစတာ ၁၁ ရက်နေ့ပါ ၊ ည ၉း ၃၀ ဂျေဂျေ နဲ့ လိုက်ရမှာမို့ အိမ်က ၇း ၃၀ ကျော်ကျော်မှာ ထွက်ပါတယ် ၊
ရပ်ကွက်ထဲက သူငယ်ချင်းတက္ကစီနဲ့မို့ အေးဆေးပါပဲ ၊ သင်္ကြန်ပိတ်ရက်မို့ ခရေပင်လမ်းခွဲ အကွေ့က စလို့ အောင်မင်္ဂလာဝင်ပေါက်အထိ ကားတွေက တန်းလို့ ၊
ယာဉ်ထိန်းခမျာလည်း လက်မလည်နိုင်အောင်ပါပဲ ၊
သူငယ်ချင်းက လမ်းပြောင်းပြန်ဝင်လိုက် ၊ လမ်းကြောမှန် ပြန်ဝင်လိုက်နဲ့မို့ ဟေ့ကောင် ပြောင်းပြန်ကြီး မလုပ်နဲ့လေကွာဆိုတော့ ကားကြောအမှန်စောင့်နေရင် မိုးလင်းသွားလိမ့်မယ် ၊ သူများတွေလည်း လည်သလို မောင်းနေရတာ မမြင်ဘူးလား တဲ့ ၊
အချိန်က ၉ နာရီ မတ်တင်း ၊ ဒီလိုနဲ့ ကားဂိတ်ကို ၉ နာရီသာသာမှာ ရောက်ပါတယ် ၊
၉း ၃၀ မှာ မန္တလေးခရီး စခဲ့ပြီး ၁၁၅ မိုင်မှာ ၁၀ မိနစ် ၊ ၂၈၅ မိုင်မှာ ၁၀ မိနစ်စီ ရပ်ပေးပါတယ် ၊
ကားပေါ်မှာ အအေး နဲ့ ဒင်းဆမ်း ၁ဘူး ပေးပေမယ့် မကြိုက်တဲ့ ကျနော် ဗိုက်အတော်ဆာရပါတယ် ၊
နေပြည်တော် – မန္တလေးအပိုင်းကို လမ်းဟောင်းကပဲ သွားဖူးတာမို့ ဒီလောက်မြန်မယ် မထင်မိပါဘူး ၊ မနက် ၆ နာရီ မထိုးခင် တံခွန်တိုင် ဝင်လာတာမို့ပါ ၊
ကားက ဘူတာကြီး ရှေ့အထိ ပို့မယ်ဆိုလို့ သီရိမန္တလာကားဝင်း သွားရမယ့် ကျနော့်အတွက် ပိုနီး ပိုအဆင်ပြေစေပါတယ် ၊
ဘူတာကြီးရှေ့ အဝိုင်းကြီးကိုပတ်ပြီး ရပ်လိုက်ချိန်မှာ စတွေ့ရတာ ကယ်ရီသမားတွေပါ ၊ ဘယ့်နှယ်ဗျာ ဆင်းလို့ကို မရတာ ၊
အပေါက်ဝကနေ ဟိုလူက ငါ့လူ ဒီလူက ငါ့လူနဲ့ ဆင်းလာမယ့် ခရီးသည်တွေကို ဝေပုံချနေကြသေးတယ် ၊
ကျနော် ဆင်းတဲ့ အချိန် ၊ အကိုကြီး ဘယ်သွားမှာလဲ ပေး ပေး အိတ်ကြီးက လေးနေမှာပဲ ၊ အကိုကြီး တစ်ယောက်ထဲလား ၊ ပေးပါ ဒီအိတ်ကြီးကို ၊ ( ကဲ အရေးထဲ အိတ်ကိုဆွဲနေသေးသဗျာ )
ငါ ဘယ်မှ မသွားသေးဘူး ဆိုပြီး အဲဒီနားက လဘက်ရည်ဆိုင်ထဲ ဝင်ထိုင်လိုက်တော့ အနောက်က လိုက်လာပါသေးလား ၊
သောက်ပါ အကိုကြီး အေးဆေးသောက် ကျနော် စောင့်ပေးမတဲ့ ၊ သြော် ဒုက္ခပါပဲလား ၊ ဒီမှာ ငါ့ကိုလာကြိုလိမ့်မယ် ၊ ဟုတ်ပလား ဆိုမှ မကြည်သလို မျက်နှပေးနဲ့ ပြန်ထွက်သွားတာ ၊
လဘက်ရည်သောက်နေရင်း တခြားဝင်လာတဲ့ ကားကြီးတွေက ခရီးသည်တွေခမျာလည်း ဒီလိုချည်း ကြုံရတာပါပဲ ၊
နောက်တော့ မန္တလေးရုံးခွဲက ကောင်မလေးက ဖုန်းဆက်ပြီး လာကြိုလို့ သီရိမန္တလာကားဝင်း ရောက်ခဲ့ပါတယ် ၊
ကျနော်က ကားလတ်မှတ်ဖြတ်ပြီး ဒီအထဲမှာပဲ နားမှာမို့ လိုက်ပို့တဲ့ ကောင်မလေးကို အပြင်မှာပဲ ရပ်ခိုင်းခဲ့ပါတယ် ၊
ဒီအချိန်မှာပဲ ဦးလေး ဘယ်သွားမှာလဲ တဲ့ ၊ လာပြန်ပြီ ၊
မင်းက ကယ်ရီသမားလားဆိုတော့ ဟုတ်ကဲ့ တဲ့ ၊ ငါ ရွှေကူသွားမှာ မင်းလိုက်ပို့မလို့လား ဆိုမှ ဟာဗျာ ဆိုပြီး ပေစောင်းစောင်းနဲ့ ထွက်သွားလေရဲ့  ၊
ဟုတ်တယ်လေ ဒီကားဝင်းထဲလာတာ ခရီးသွားမယ့်လူလေ ၊ ဒီ အညာသားတွေက ခက်ပါ့ ( ရွာထဲက အညာသားတွေ ပါဘူးနော် ) ၊
ရွှေခြင်္သေ့ ဂိတ်မှာ ရန်ကုန်ကတည်းက ကြိုမှာထားတဲ့ လက်မှတ်ဖြတ် ၊ အပေါ်ထပ် တည်းခိုခန်းမှာ နားရင်း တွေ့ချင်တဲ့ ကိုပေါက်ဆီကို ဖုန်းဆက်ပြောပြီး ရေမိုးချိုးပေါ့လေ ၊
၁၂ နာရီလောက်မှာ ကိုပေါက်ဆီက မက်ဆေ့ခ်ျ ဝင်လာပါတယ် ၊ ဘယ်မှာလဲ တဲ့ ၊
ကျွန်တော် မေ့သွားတယ် ကားဂတ်အပေါ်ထပ်အခန်း ၁၂ လို့ ပြောထားရမှာ ၊ ဖုန်းတွေဆက်မရ ဖြစ်ကုန်မယ်လို့လည်း ဘယ်တွေးမိမတုန်း ၊
( အဲဒီ ဧပြီ ၁၂ နေ့လည် ၁၁း ၃၀ လောက်ကနေ ၁ နာရီလောက်အထိ ဘယ်ကိုမှ ဖုန်းဆက်မရပါဘူး ၊
ကျွန်တော် အပြင်ဘက်ထွက်ကြည့်ပေမယ့် မမြင်ဘူးတဲ့ ကိုပေါက်ကို ဘယ်တွေ့ပါ့မလဲဗျာ ၊
နောက်တော့ မက်ဆေ့ခ်ျ ထပ်ဝင်လာပါတယ် ၊ ရှာမတွေ့တော့လို့ ကိစ္စရှိတဲ့ တောင်မြို့ကို သွားပြီတဲ့  ၊
ကဲ ဒါနဲ့ပဲ ကိုပေါက်နဲ့ လွဲသွားရောပေါ့ ၊ ရွှေကူဘက် ခရီးမှာတော့ ဘာ ကယ်ရီဇာတ်လမ်းမှ မရှိခဲ့ပါဘူး ၊
အပြန် မန်းမှာ ဘုန်းကြီးဝတ် ၊ ၂၃ ရက်နေ့ ရန်ကုန်ပြန်ပါတယ် ၊
သမီးတွေက သင်တန်းကိစ္စတွေကြောင့် စောပြန်သွားတာမို့ အခုက အမေရယ် ၊ သား ကောင်းကောင်းရယ် ၊ ကျနော်ရယ် ၃ ယောက်ပါ ၊
ဒီတစ်ခါတော့ ကိုပေါက်က ကျွဲဆည်ကန် ရွှေမန္တလာ ဂိတ်ကို မရောက်ရောက်အောင် လာခဲ့ပါတယ်၊ ရွာသား တစ်ယောက်နဲ့ ပထမဆုံး ဆုံဖူးခြင်းမို့ အမှတ်တရပါ ကိုပေါက်ရေ ၊
ကားက ည ၉ နာရီ ထွက်ပြီး ၂၈၅ မိုင် နဲ့ ၁၁၅ မိုင်မှာ ၁၀ မိနစ်စီပဲ နားပါတယ် ၊
အောင်မင်္ဂလာနားကို မနက် ၆ နာရီရောက်ပါတယ် ၊ အဝင်ကားတွေ များလွန်းလို့ ပိတ်နေပါသေးတယ် ၊
အမှန်က အဝင်ကားတွေကို သူ့ဂိတ် ကိုယ့်ဂိတ်မချစေပဲ တစ်နေရာထဲမှာသာ ရပ်စေတာမို့ အချိန်တွေကြာပြီး ပိတ်နေတာပါ ၊
ကျနော်တို့ ဆင်းချိန်မှာ တွေ့ပါပြီဗျာ တက္ကစီဆရာတွေ ၊ ခဏ ခဏ ခရီးထွက်ရလို့ အောင်မင်္ဂလာကို ကျွန်တော့်ထက် ပိုကျွမ်းတဲ့ အမေက ဒီအခါ ဆရာပေါ့ ၊
လှည်းတန်း နာနတ်တောလမ်းကို ဘယ်လောက်လဲ ၊ ၇၀၀၀ ပါ ၊ အေး ဘယ်သူမှ ထပ်မတင်ရဘူးနော် ၊ သူတို့ နောက်ဆုတ်သွားပါတယ် ၊
အမေက ခပ်လှမ်းလှမ်းဘက် ထွက်သွားပြီး ခဏနေတော့ လူတစ်ယောက်နဲ့ ပြန်ရောက်လာပြီး အိတ်တွေကို အဲဒီလူက သယ်ပါတယ် ၊
တစ်နေရာရောက်တော့ အမေက ဒီကားလား နင်တို့ပြောတော့ အေအေ ဗင်ဆို၊ ဒါ ဆပ်ပြာခွက်လောက်ရှိတဲ့ ချယ်ရီဝက်ဂွန်လေ ၊
ကဲပါအမေရယ် ထားပါ ဆိုပြီး ကျဉ်းကြုပ်ကြုပ်နောက်ဖုံးထဲ ပစ္စည်းတွေ ထည့်ရပါတယ် ၊
ကဲ အမေ ကောင်းကောင်းသွားပါလို့ နူတ်ဆက်ချိန် ( ကျနော်က နောက်ကားနဲ့ ပါလာမယ့် မန္တလေးရုံးက ဝန်ထမ်းသစ် ၂ ယောက်ကို စောင့်ပြီး အဆောင်ပို့ပေးရမှာမို့ သူတို့ကလည်း ရန်ကုန်မရောက်ဘူးတာမို့ ကြုံကြိုက်နေလို့ပါ ) ကားသမားက အန်တီရယ် ၊ ရှေ့ခုံတစ်ယောက်လောက်ထပ်တင်ပါရစေတဲ့ ၊
အမေ ဘာလုပ်တယ်ထင်ပါသလဲ ၊ ဝုန်း ဆို ကားပေါ်က ဆင်းပြီး ပစ္စည်းတွေပြန်ချခိုင်းပါတယ် ၊
နင်တို့တောင်းတဲ့ဈေး ပေးပြီးတာကို လူပါးမဝနဲ့ အခုပြန်ချ တဲ့ ၊ ကျနော်နဲ့သားကို ပစ္စည်းစောင့်ထားပြီး နောက်တစ်ကြိမ် ထွက်သွားပြန်လေရော ၊
၅ မိနစ်လောက် နေတော့ ဘေးကို ဗင်တစ်စီး ရောက်လာတယ် ၊ ကားပေါ်မှာက အမေ ၊
( အမှန်တော့ အဝေးပြေးကားကြီးတွေ ရပ်ရတဲ့ ဘေးမှာ တက္ကစီဂိတ်လုပ်ထားပြီး အဲဒီဂိတ်က ကားသမားတွေက လူပါးဝနေတာပါ ၊
ဂိတ်အဖွဲ့ဝင် ကားမဟုတ်ရင် အနားတောင် အရပ်မခံပဲ မောင်းထုတ်ပါသတဲ့ ၊ အခု အမေငှားခဲ့တဲ့ကားက ခရီးသည် လာပို့ပြီး ဟိုး ခပ်ဝေးဝေးမှာ ထိုးထားတာပါ ၊ ၅၀၀၀ ပဲပေးရသတဲ့ ၊ )
အမေတို့ ထွက်သွားတော့ အနားက လဘက်ရည်ဆိုင်မှာ ဝင်ထိုင်ရင်း ဝင်လာမစဲ ကားကြီးတွေကိုကြည့်  ၊ ရန်ဖြစ် စကားများနေတဲ့ ခရီးသည် နဲ့ ကားသမားတွေကိုငေး ၊
သြော် ဒုက္ခ ဒုက္ခ ၊ ခဏနေတော့ ဝန်ထမ်းသစ် ကောင်မလေး  ၂ယောက်ဆီက ဖုန်းဝင်လာပါတယ် ၊
သူတို့ စီးလာတဲ့ မန္တလာမင်းကားက ကားတွေပိတ်နေလို့ ခရီးသည်တွေကို လမ်းမကြီးပေါ်မှာ ချပေးခဲ့သတဲ့ ၊
ဒါနဲ့ ကျနော့်မှာ ပုလဲ – မြောက်ဥက္ကလာ လမ်းဘက် ပြန်ထွက်ခဲ့ရ ၊ လူတွေကလည်း များမှများဗျာ ၊
ဒီကြားထဲ လမ်းဟိုဘက် ဒီဘက်တောင် ကိုရွှေဖုန်းက ဧရိယာပြင်ပလို့ ဆိုလိုက်သေးတယ် ၊
သူတို့နဲ့တွေ့ပြီး အဲဒီလမ်းပေါ်ရပ်ထားတဲ့ တက္ကစီတစ်စီးကို လှိုင် သံလမ်းမှတ်တိုင်နား လမ်းထဲနည်းနည်းဝင်ရမယ်ဆိုတော့ ၄၀၀၀ တဲ့ ၊
ကောင်းလေစွ ၊ တက်ကြစို့၊ ကောင်မလေးတွေရယ် နင်တို့ ကံကောင်းလိုက်တာကွယ်   . . . လို့သာ  ။

 

Photo1207

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..