“ရွာထဲမှာ ဆုံကြတာပေါ့´´

 

မန္တလေးမြို့ရဲ့  အဝေးပြေးယာဉ်ရပ်နားစခန်းရှိ အောင်ကမ္ဘာကားဂိတ်ရှေ့က ခရီးသည်များခေတ္တစောင့်ဆိုင်းရာ ခုံတန်းလျားလေးမှာ တောင်ကြီးသွားမယ့်ကားထွက်မည့် အချိန်မရောက်သေးတာနဲ့ ခင်ခ တစ်ယောက်ထိုင် စောင့်ရင် လက်ကိုင်ဖုန်းလေးနဲ့ အင်တာနက်ဖွင့်ကာ ကြည့်ရှု့ဖတ်နေစဉ်မှာ ခင်ခ ထိုင်သည့်ဘေး သူ့အနီးနားမှာ ကားဂိတ်က စပယ်ယာလေးတစ်ယောက်က အခုလိုအော်လိုက်ရင်ဘဲ

“အောင်ကမ္ဘာ တောင်ကြီးခရီး ကားနံပါတ် ၂ – ခုံနံပါတ် ၂၅ နဲ့လိုက်မည့်ခရီးသည် ရှိလား ကားထွက်တော့ မှာပါ၊ အောင်ကမ္ဘာ တောင်ကြီးခရီး ကားနံပါတ် ၂ – ခုံနံပါတ် ၂၅ နဲ့လိုက်မည့်ခရီးသည် ရှိလား ကားထွက်တော့ မှာပါ၊´´

“ဒီမှာ ဒီမှာ ရှိတယ်ဗျ´´ ဆိုပြီး ခင်ခ လည်း ကဗျာကရာ ထိုင်ရာကထပြီး ကိုယ့်အထုပ်အပိုးတွေ ယူမယ်လုပ် တော့ စပယ်ယာလေးက

“ရတယ် အဲဒီအထုပ် ကျွန်တော်သယ်ခဲ့မယ် ဦးလေးကြီးသာ ကားပေါ်တက်ပါဗျာ´´

“အဲဒါဆိုလည်း တက်ပါပြီဗျာ´´ ခင်ခ ကရှေ့က ကားပေါ်တက် စပယ်ယာလေးက နောက်က အထုပ်ဆွဲရင်း လိုက်လာရင်း

“ဦးလေးကြီးကလည်း ဘာတွေများ ဒီလောက်တောင် လုပ်နေလို့ ကားထွက်မယ့်ထိ ကားပေါ်မတက်တာ လဲဗျ´´

“ဆောရီးပါ မောင်ရင်ရယ် ကျွန်တော်ရွာထဲ ရောက်နေလို့ပါဗျ´´

“မဟုတ်ဘူးလေး ဦးလေးကြီး အခုက မန္တလေး အဝေးပြေးဝင်းထဲမှာလေ ရွာမဟုတ်ဘူးလေ´´

“ဟုတ်ပါတယ် အဝေးပြေးဝင်းမို့ တောင်ကြီးကားလာစီးတာပေါ့၊ ရွာရောက်နေတယ်ဆိုတာ ဒီဖုန်းထဲကနေ ရောက်နေတာပြောတာပါ´´

ဒီလိုနဲ့ ခင်ခ ထိုင်ရမယ့် ထိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်ဆိုရင်ဘဲ အဝေးပြေးကားကြီးလည်း တောင်ကြီးသွား ဖို့ စတင် တာထွက်ကာ ကားဘီးလိမ့်ပါတော့တယ်။ စပယ်ယာလေးက

“ဦးလေးကြီး အထုပ်တွေ ဒီပေါ်မှာနော်၊ လက်ဆောင်မုန့်ထုပ်ကော´´

“ကျေးဇူးပါ မောင်ရင်ရေ´´ ဆိုတော့ စပယ်ယာလေးလည်း သူ့ကားရှေ့ကို လျှောက်သွားတယ်ပေါ့။

ခင်ခ လည်း ကားပေါ်မှာပါတဲ့ တီဗွီက လွှင့်တဲ့ ဇာတ်လမ်းကို အပျင်းပြေကြည့်ကာ နေဖြစ်သွားတယ်လေ။ အဲဒီလို ဇာတ်ကား တစ်ကားပြီးတစ်ကား ပြနေတာ ကြည့်နေရင်းက

“ခရီးသည်များ ရှေ့ထမင်းဆိုင်မှာ ညစာသုံးဆောင်ဖို့ ကားနာရီဝက်ခန့်ရပ်နားမှာဖြစ်ပါတယ်၊ ယာဉ်ပေါ်က ခရီးသည်တွေ ဆင်းပေးကြပြီး အဖိုးတန်ပစ္စည်းနဲ့ အရေးကြီးပစ္စည်းတွေကိုတော့ မိမိနဲ့အတူ ယူဆောင်သွားပေး ပါ၊ ယာဉ်ရပ်နားစဉ် ယာဉ်တံခါးပိတ်ပေးထားမှာဖြစ်ပါတယ်´´ လို့ စပယ်ယာလေးက အော်ကာပြောတော့ ကား ပေါ်ပါတဲ့ ခရီးသည်တွေလည်း အဆင်သင့်ပြုတဲ့အနေနဲ့ လှုပ်လှုပ်ရွရွတွေ ဖြစ်လာတာပေါ့။

ခင်ခ စီးလာတဲ့ အဝေးပြေးကား ထမင်းဆိုင်ရှေ့ရပ်ပြီဆိုတာနဲ့ ခရီးသည်တွေနဲ့အတူ ခင်ခ လည်းလိုက်ဆင်းပြီး အခုရပ်နားတဲ့ဆိုင်က ကြက်ကြော်ကောင်းတာမို့ ကြက်ကြော်နဲ့ထမင်းဆီစမ်းမှာ ပြီး စားသောက်ပေါ့။ ထမင်း စားစဉ် ကြိုဌဲ့ထားတဲ့ရေနွေးကြမ်းလေးကို သောက်ပြီ ကားဆက်ထွက်ဖို့ ၁၀ မိနစ်လောက်အချိန် ရသေး တာနဲ့ နောက်ထပ်ရေနွေးကြမ်း တစ်ခွက်ထပ်ဌဲ့ပြီး အေးအောင်စောင့်နေတုန်း ခုန စပယ်ယာလေးက ခင်ခ ထိုင်တဲ့ စားပွဲက လွတ်တဲ့ခုံမှာလာထိုင်ရင်း

“ဦးလေးကြီး စားလို့ အဆင်ပြေရဲ့လားဗျ´´

“အဆင်ပြေပါတယ်၊ ဒီဆိုင်ကကြက်ကြော်ကောင်းတယ်နော်´´

“ဟုတ်တယ်၊ ဒါနဲ့ ဦးလေးကြီးကိုမေးမလို့´´

“မေးပါဗျာ ဘာသိချင်လို့လဲ´´

“ကားဂိတ်မှာတုန်းက ဦးလေးကြီးက ပြောတယ်လေ ဦးလေးကြီးဖုန်းထဲကနေ ရွာရောက်နေတာလို့ ကျွန်တော် ရွာကနေထွက်လာတာ ၅ နှစ်ကျော်ပြီ ၂ နှစ်လောက်တုန်းက တစ်ခေါက်ဘဲပြန်ရောက်ဖြစ်တယ်ဗျ၊ နောက်ပိုင်းတော့ ကားမနားတာနဲ့ ကားနားပြန်တော့ ကားပြင်ရဆိုတော့ မအားတာရယ် ကျွန်တော်တို့ ရွာပြန် ရင် ၃-၄ ရက်လောက် အသွားအပြန်ကြာတာမို့ မရောက်ဖြစ်ဘူးဗျ ဦးလေးကြီးလို ဖုန်းကနေ ပြန်လို့ ရရင် ကျွန်တော်အတွက်တော့ ဟန်ကျတာဘဲဗျ၊ အဲလို ရွာပြန်လို့ရတဲ့ ဖုန်း ဦးလေးကြီး ဘယ်ဆိုင်က၀ယ်တာလဲဗျ´´

သေပြီဆရာ ခင်ခ စိတ်ထဲအဲလိုရေရွတ်မိသွားတယ်။

“မောင်ရင်ရာ ကြံကြံဖန်ဖန်ကွယ် ဖုန်းထဲကနေတော့ ကိုယ်ရွာကိုပြန်လို့ရမလား၊ ဦးလေးတို့ပြောတဲ့ ရွာ ဆိုတာ အင်တာနက် ၀က်ဆိုဒ်တစ်ခုကို တင်စားပြီး ခေါ်တာဗျ´´

“သိပါဘူး ဦးလေးကြီးရာ ကျွန်တော်က ကိုယ့်ရွာကို ဖုန်းထဲကနေ ဘယ်လိုများပြန်ရသလဲလို့ တစ်လမ်းလုံး တွေးလာတာ ကားပေါ်ကြမှ သိချင်တာ လာမေးမယ်ဗျာ အခုတော့ ကားဆက်ထွက်ဖို့ သွားလုပ်လိုက်အုံး မယ်ဗျ´´

ဒီလိုနဲ့ဘဲ ခင်ခ တို့ခရီးသည်တွေလည်း ကားပေါ်တက်ကာ နေရာအသီးမှာဝင်ထိုင်ကြပြီး ကားကြီးလည်း ရှေ့ဆက်ခရီးအတွက် ဆက်ကာထွက်ပြီပေါ့ဗျာ။ ကားထွက်ပြီး သိပ်မကြာပါဘူး ခုနစပယ်ယာလေး ခင်ခ ထိုင်ခုံရဲ့ဘေး လူသွားလမ်းအလယ်ခုံကိုချလိုက်ပြီး လာထိုင်ကာ

“ဦးလေးကြီး အိပ်တော့မှာလား´´

“မအိပ်သေးပါဘူးကွာ မောင်ရင်သိချင်တာတွေ မေးမလို့မလား´´

“ဟုတ်တယ်ဗျ၊ ခုန ဦးလေးပြောတဲ့ အင်တာနက်ဝက်ဆိုဒ်က ရွာ ဆိုတာ ဘယ်လိုလဲ သိချင်လို့ပါ´´

“မောင်ရင် ဖုန်းက အင်တာနက်ရလား´´

“ရတယ် ဦးလေးကြီး´´

“ဒါဆို အင်တာနက်ဖွင့်ကြည့်လိုက် လိုင်းရလားလို့´´

“ဖွင့်ကြည့်လိုက်မယ် မြို့နဲ့နီးနေတော့ရမယ်ထင်တယ်´´ ဆိုပြီး စပယ်ယာလေး သူ့ဖုန်းနဲ့ အင်တာနက်ချိတ်ပြီး

“ဦးလေးကြီး လိုင်းရပြီးဗျ´´

“ဒါဆိုရင် Browser ဖွင့်ပြီး ဦးလေးပြောတာ လိုက်ရိုက်လိုက်´´

“ဟုတ် ဖွင့်ပြီးပြီ´´

“ဒါဆို ဦးလေးခေါ်ပေးတာရိုက်လိုက် – တဗလျု တဗလျု တဗလျု ဒေါ့ အမ် အေ အန် ဒီ အေ အလ် အေ ၀ိုင် ဂျီ အေ ဇက် အီး တီ တီ အီး ဒေါ့ စီ အို အမ် – ရိုက်ပြီးပြီလား´´

“ တဗလျု တဗလျု တဗလျု ဒေါ့ အမ် အေ အန် ဒီ အေ အလ် အေ ၀ိုင် ဂျီ အေ ဇက် အီး တီ တီ အီး ဒေါ့ စီ အို အမ် ဟုတ်တယ်မလား´´

“ရိုက်ပြီးရင် ဘယ်ဘက်က မျှားဝိုင်းလေးနှိပ်ပြီး ဖွင့်လိုက်တော့´´

စပယ်ယာလေးလည်း ပြောတဲ့အတိုင်းလုပ်ပြီး သူ့ဖုန်းလေးကို စူးစိုက်စွာကြည့်နေတုန်း ဖုန်းပေါ်မှာ Mandalay gazette ရဲ့ စာမျက်နှာတက်လာတွေ့လိုက်ရော

“ဦးလေးကြီး စာတွေတက်လာပြီ ဘာဆက်လုပ်ရမှာလဲ´´

“အဲဒါ ဦးလေးတို့ပြောတဲ့ ရွာဘဲကွ၊ ဂဇက်ရွာ ပေါ့ဗျာ၊ အဲဒီမှာ စာတစ်ပုဒ်ချင်းစီရဲ့ ခေါင်းစဉ်တွေဘဲ မောင်ရင် ဖွင့်ဖတ်ချင်တဲ့ ခေါင်းစဉ်ကိုထောက်ပြီး ဖွင့်ကာဖတ်လို့ ရပြီပေါ့´´

“ဟုတ်လား ဒါဆို စာပုဒ်တွေအများကြီးနော် အားရပါးရ ဖတ်ရမယ်ဗျ´´

“အဲဒီစာတစ်ပုဒ်ချင်းစီကို ပိုစ့် လို့ခေါ်ကြပြီး အဲဒီစာပုဒ်တွေရဲ့ အောက်မှာတွေ့တဲ့ ပြန်ရေးကြတာကို ကော်မန့် လို့ ခေါ်ကြတယ်လေ´´

“အဲဒီ ကွန်မန့်တွေမှာ ကျွန်တော်တို့ရောရေးလို့ ရလား´´

“ရေးလို့တော့ရတယ် ရေးချင်ရင် မန်းဘာဝင် ရွာသားဖြစ်ဖို့ ဟိုဘေးမှာ Register ဆိုတဲ့နေရာကိုနှိပ် လိုက်ပြီး အဲဒီကျ ပေါ်လာတဲ့ အကွက်လေးတွေမှာ လိုက်ဖြည့်ပေါ့ အားလုံးဖြည့်ပြီးရင် ဟိုးအောက်ဆုံးက Register ကို နှိပ်လိုက်ကာ ခဏစောင့်ရင် ရွာသား မန်ဘာဖြစ်ပြီပေါ့။´´

“ဒါဆို လုပ်ကြည့်လိုက်မယ်ဗျာ ဦးလေးကြီး ရှိတုန်း´´ ဆိုကာ Register ကိုနှိပ်ပြီး ခဏစောင့်နေရင်း

“ဟာဗျာ လိုင်းက မမိတော့ဘူးဗျ´´

“အေး ဒါဆိုလည်း လိုင်းမိတော့မှ စမ်းကြည့်ပေါ့ဗျ၊ အဲ မန်ဘာဖြစ်သွားလို့ နောက်ကို ရွာထဲဝင်ချင်ရင်တော့ ခုန Register အောက်မှာရှိတဲ့ log in ဆို တာကိုနှိပ်လိုက် အဲဒီမှာ မောင်ရင်ပေးထားတဲ့ အမည်နာမရယ် စကားဝှက် Password ကိုရိုက်ထဲ့ပြီး ၀င်ရတယ်နော်၊ အဲ ရွာထဲ မ၀င်ဘဲ စာဘဲဖတ်ချင်ရင်တော့ log in နဲ့ ၀င်စရာ မလိုဘဲဖတ်ရတာပေါ့ဗျာ´´

“ဦးလေးကြီးပြောတဲ့ ရွာထဲဝင်ရတာ မရတာတော့ စမ်းကြည့်မှာသိမှာပေါ့၊ ဘာဘဲဖြစ်ဖြစ် ဦးလေးကြီးတို့ ရွာ ထဲက စာတွေအများကြီးကို ဖွင့်ဖက်ရတာနဲ့တင်ဘဲ ၀မ်းသာပါတယ်ဗျာ ကျေးဇူးဘဲ ဦးလေးကြီးရေ´´

ဆိုပြီး စပယ်ယာကောင်လေးလည်း ကားရှေ့ကိုထသွားတော့ ခင်ခ လည်း အိပ်ရန်ပြင်တဲ့အနေနဲ့ မျက်လုံးလေး မှိတ်လိုက်ကာ………။

မနက်မိုးလင်းကာနီးမှာတော့ ခင်ခ တို့စီးလာတဲ့ အဝေပြေးကားကြီး တောင်ကြီးမြို့ကိုရောက် ခရီးဆုံးကာရပ်နား လိုက်တော့ ခုနစပယ်ယာလေး ခင်ခ အထုပ်တွေလာကူသယ်ပေးရင်း ကားအောက်ကို လိုက်ပို့ပေးရှာတာပေါ့။

“ကဲ မောင်ရင်ရေ ဦးလေး သွားမယ်နော်´´

“ကျေးဇူးဘဲ ဦးလေးရေ အေးဆေးအလုပ်နားတော့မှ ရွာသားဖြစ်အောင် ဦးလေးကြီးပြောခဲ့အတိုင်း လုပ်ကြည့် အုံးမယ်ဗျာ´´

“အဲလိုဆိုလည်း မောင်ရင်နဲ့ ရွာထဲမှာ ဆုံကြတာပေါ့ ဗျာ အခုတော့ သွားပြီဗျို့´´

ဆိုကာ ခင်ခ လည်းကိုယ့်အထုပ်လေးဆွဲပြီး ကားထံကထွက်လာကာ တည်းခိုမယ့်ဟိုတယ်သွားဖို့ အနီးနားမှာ ရပ်ထားတဲ့ ဗန်ကားလေးကို ဈေးမေးကာဌားပြီး ဗန်ကားပေါ်တက်ထိုင်ကာ လိုက်စီးလာမှ မိတ်ဆက်ကာ ရွာအမည်နာမ ခင်ခ ဆိုတာ စပယ်ယာလေးကို မပြောဖြစ်ခဲ့သလို သူလည်း ဘယ်အမည်နာမနဲ့ ရွာသားအဖြစ် ၀င်လာမယ်ဆိုတာ မမေးခဲ့မိပါလားလို့ တွေးမိသွားတော့တယ်လေ။

ဘာဘဲဖြစ်ဖြစ် တကယ်ရွာသားအဖြစ်ဝင်လာဖြစ်ရင်တော့ ရွာထဲမှာ ဆုံကြအုံးမှာပေါ့ လို့ …………….။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

(ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဟန် ကိုယ်တိုင်ရေး၏)

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..