1st , June 2013 ( 5:10am)

ညဥ့်နက်ပိုင်းကတည်းက အငြိုးကြီးစွာဖြင့် သည်းသည်းမည်းမည်း ရွာထားသောမိုးကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး စိုစွတ်ကာ အေးစိမ့်နေပါတယ် ။ မိုးအေးအေးဖြင့် ကွေးနေရတဲ့အချိန်က မက်မောစရာကောင်းလွန်းသော်လည်း ၊ အသံသေး အသံကြောင် မြည်နေတဲ့ နှိုးစက်ကြောင့် လန့်နိုးလာခဲ့ရတယ် ။ ကျွတ်ကျွတ်ညံအောင် အော်နေတဲ့ နှိုးစက်ကို မျက်စိမဖွင့်ပဲ လက်တဖက်ဖြင့် ပိတ်ပစ်လိုက်တယ် …  ။ ကိုယ်ပေါ်ခြုံထားပါလျှက် တ၀က်စွန်းတစ ကုတင်အောက်ထိ ပြုတ်ကျနေတဲ့ စောင်ကို ခပ်တင်းတင်းဆွဲပြီး ခေါင်းမြီးခြုံကာ ပြန်ကွေးနေခဲ့မိတယ် ။ ဒီအချိန် ကမ္ဘာပျက်လျှင်တောင် ထမကြည့်ဘူးလို့ တွေးရင်း ၊ တဖန်ပြန်အိပ်ပျော်သွားတော့တယ် ။

%%%%%%%%%%%%%%

ထမင်းဆယ်ရက် မစားရတဲ့ ဗိုက်တစ်လုံးထဲ နတ်ကန္နား ပေးနေသလို ဆူညံသံမျိုးဖြင့် အသံတသံ နားထဲဝင်လာတယ် ။ မကြားချင်လည်း ကြားနေရတဲ့ အသံက နားထဲ ကန့်လန့်ဝင်နေပါတယ် ။ နားနှစ်ဖက်ကို တင်းတင်းပိတ်လို့ ပြန်အိပ်မယ် ကြိုးစားရင်း ၊အိပ်ချင်မူးတူးဖြစ်နေတဲ့ စိတ်ထဲ…  ဒီအသံကြားဖူးသလိုလို …. ။ ဇွဲကောင်းကောင်းနဲ့ အဆက်မပြတ်မြည်နေတဲ့ .. အသံက .. ဖုန်းသံလို့ သိသိချင်း ၊ အိပ်နေရာက ထထိုင်မိလျှက်သား ဖြစ်သွားတယ် ။ ဖုန်းပေါ်က နံပါတ်ကိုကြည့်ရင်း … ခေါင်းနပမ်းကြီးသွားတယ် … ရုံးပြေးတစ်ယောက် …မကြာခင် ခေါင်းဆင်းနင်းခံရတော့မယ်  …   :byae:

ဒီမနက်ပိုင်း မဖြစ်မနေ အရေးတကြီး လုပ်ပေးစရာရှိသည့် ကိစ္စများ ရှိနေခဲ့ပါလျှက် ၊ အရာရာကိုမေ့လျော့ပြီး အိပ်နေခဲ့မိတာ … အချိန်တောင် အတော်နောက်ကျသွားခဲ့တယ် ။  ရုံးပြေးဖို့ တွေးပြီး အပျင်းထူခဲ့တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း လက်တွေခြေထောက်တွေ မော်တာတပ်ထားသလို ၊ ရုံးသွားဖို့ ခပ်မြန်မြန် ပြင်ဆင်ရပါတော့တယ် ။ မသွားမဖြစ်တဲ့ အနေထားကြောင့်ပါ ။ ရေချိုး ၊ ပြင်ဆင်ပြီးသွားတဲ့ အချိန်ထိ စိတ်အနှောက်ယှက် မရှိသေးသော်လည်း ၊ အကျီ င်္ဝတ်ဖို့ ရွေးရတဲ့ အခါ အတော်ခေါင်းနောက်ရပြန်တယ် ။ လူအများကြားထဲ ဆက်ဆံ သွားလာနေရတဲ့ မိမိရဲ့ ၀တ်စား ဆင်ယင်မှုကလည်း ကာလ ၊ ဒေသ နဲ့ လျှော်ညီဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့ ၊အများအမြင့်မှာ မလျှော်မကန်မဖြစ်ဖို့ ၊ အ၀တ်ဘီဒိုဖွင့်ကာ ခေါင်းတဗြင်းဗြင်းကုတ်ရင်း စဉ်းစားရပြန်သေးတယ် ။ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် စိတ်တိုင်းကျ ၀တ်ရမယ့် အ၀တ် ရှာမရခဲ့ပါဘူး ။ ၀တ်သင့်တယ်ဆိုတဲ့ အ၀တ်စားတွေကလည်း ၊ မီးပူမတိုက်ရသေး ….. ။ ဒုတိယ အကြိမ် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ၊ ပြီးခဲ့တဲ့ တပတ်ကမှ ၀ယ်ထားတဲ့ အကျီ င်္ တစ်ထည်ကို ပါကင်ဖောက်ပြီး ကောက်ဝတ်လိုက်မိတယ် ။

အိမ်က မထွက်ခင် လိုအပ်တာတွေ ထည့်ပြီး ၊ မှန်ပြန်ကြည့်တတ်တဲ့ အကျင့်က အလျင်စလို အပြင်ထွက်ရမယ့် အချိန်မျိုးမှာတောင် ၊ မဖြစ်မနေလုပ်တတ်တဲ့ အကျင့် ရှိခဲ့တယ် ။ မှန်ထဲခြေဆုံးခေါင်းဆုံးကြည့်ပြီး ၊ လှည့်ထွက်တော့မယ့် စဲစဲ… အသက်စက်စက် အကျီ င်္ရှေ့ခြမ်းခါးနေရာမှာ ၊ စုတ်ပြဲနေတဲ့ 1.5cm ၀န်းကျင်ခန့် အပေါက်တစ်ခုကို မြင်လိုက်ရတယ် ….. ။

တေဘီ … :eee:    အချိန်မရတဲ့ အထဲ ၊ အကျီ င်္အသစ်ကပါ အပေါက်နဲ့ဆိုတော့ … နူရာဝဲစွဲတဲ့ အဖြစ်မျိုးပါ ။ မိုးအေးအေးနဲ့ အိပ်ရချိန် တမနက်ခင်းလေးကို တွယ်တာ မိလိုက်တာ ၊ ဒီလောက် ကသိကအောက်ဖြစ်ရမယ်မှန်း ကြိုသိခဲ့ပါလျှင် အချိန်မှန်မှန် ၊ အိပ်ယာထဖြစ်ခဲ့မှာပါ ။ …  တတိယအကြိမ် ကိုယ့်ကိုယ်ကို အပြစ်တင်မှုနဲ့ အတူ ၊ အ၀တ်ဘီဒိုထဲက အဆင်ပြေနိုင်မယ့် အကျီ င်္တစ်ထည်ကောက်ဝတ်ပြီး ရုံးကို ထွက်ခဲ့ရပါတော့တယ် ။ ရုံးကို သွားတဲ့ တလမ်းလုံး ရွတ်လိုက်ရတဲ့ မေတ္တာသုတ် ၊ သက်စေ့ထက်တောင် ကျော်မယ် ထင်ပါတယ် ။ အလုပ်ရောက်တော့လည်း ၊ ပါးစပ်ကို နှားရွက်တက်ချိတ်မတတ် ပြုံးရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ် ။

%%%%%%%%%%%%%%

( 1:13pm)

မေတ္တာသုတ်ရွတ်ထားခဲ့လို့လား ၊ တချိန်လုံးနွားပွဲစားလို သွားဖြဲပြီး အလုပ်လုပ်နေခဲ့လို့လား မသိဘူး ၊ အိပ်ယာထနောက်ကျခဲ့တာနဲ့ ပတ်သတ်ပြီး ဘာပြသနာမှ မရှိခဲ့ဘူး ။ အဆင်ပြေပြေ ချောချောမွေ့မွေ့  အလုပ်ချိန်တွေကို ကုန်ဆုံး စေခဲ့တယ် … ။ အလုပ်ချိန်လည်း ပြီးခဲ့ပြီ ၊ မနက်က အကျီ င်္အသစ်မှာ အပြဲ ပါတဲ့ ကိစ္စ ကွန်ပလိန်းတက်ဖို့ ဘိုကလေးဈေးအနီးက ဂမုန်းပွင့်ကုန်တိုက်ကို ရောက်သွားခဲ့ပါတယ် ။ သာမန်အားဖြင့်တော့ …. ပိုက်ဆံ ရှင်းပြီးတဲ့ ၀ယ်ပြီး ပစ္စည်း ပြန်လဲမပေးတတ်ပါဘူး ။ ဒါပေမယ့်လည်း အသစ်စက်စက် အကျီ င်္တစ်ထည်ကို သူ့တန်ရာတန်ကြေး 12,800/- ပေးဝယ်ခဲ့ရပြီး ၊ ၀တ်မယ်ထုတ်ကြည့်မှ အပြဲကြီးပါလာတာ ၊ ကိုယ့်ကံဆိုပြီးလည်း ငြိမ်မနေချင်တာကြောင့် ၊ မလဲပေးသည့်တိုင်အောင် ၊ ကွန်ပလိန်းသွားတက်ဖြစ်အောင် တက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ရောက်သွားခဲ့တာပါ။

ပထမဆုံး … ဒီအကျီ င်္ဝယ်ယူခဲ့တဲ့ အိုအေစစ် ကောင်တာကို ရောက်သွားခဲ့ပြီး ၊ တာဝန်ကျနေတဲ့ အရောင်းစာရေးတစ်ယောက်ကို အကျိုးကြောင်းပြောပြခဲ့ပါတယ် ။ အရောင်းစာရေးက အကျီ င်္ကိုလည်း ထုတ်ကြည့် ကိုင်ကြည့်ပြီး ၊ အပေါက်က အရှေ့မှာ ပါနေတာ လဲပေးလို့ မရဘူးလို့ ပြောပါတယ် ။ တဆက်တည်းမှာပဲ ၊ ဒီအကျီ င်္က မ၀ယ်ခင်က ၀တ်ကြည့်သွားတဲ့ အကျီ င်္ အဲ့ဒီအချိန်ကတည်းက အပေါက်အပြဲ မစစ်သွားတာ ၀ယ်ယူသူရဲ့ တာဝန်လို့သာ ပြောပြန်ပါတယ် ။ ကွန်ပလိန်းတက်ရုံလောက်သာ လုပ်ခဲ့မယ်လို့ တွေးပြီးလာခဲ့ပေမယ့် … ၊၀ယ်ယူခဲ့တဲ့ ကောင်တာကို ရောက်တော့ ပြေရာပြေကြောင်း စကားမျိုး ပြန်မကြားရတဲ့ အပြင် ၊ ကာစတမ်မာကိုပါ အကျီ င်္ QC မစစ်သွားခဲ့ရကောင်းလားလို့ နှုတ်ခမ်းတချွန်ချွန်နဲ့.. ပြန်အပြစ်တင်နေတဲ့ အရောင်းစာရေးမရဲ့ စကားကြောင့် စိတ်တိုလာမိတယ် ။ အကျီ င်္အပေါက်ပြဲကို သူတို့ဘက်က မစစ်လျှင်ပဲ သူတို့မှာ ပြသနာရှိတာကြောင့်လည်း အခုလို ငြင်းတာမျိုးဖြစ်နိုင်ပါသေးတယ် ။ ကျွန်မဘက်ကလည်း အကျီ င်္တစ်ထည်ကို ချက်ချင်းဝယ်ပြီး ၀တ်ကြည့်ရမယ်ဆိုတဲ့အခြေနေကို လက်မခံပါဘူး … အိမ်မှာရှိနေတဲ့ အကျီ င်္ဝင်ချင်စိတ်ရှိတဲ့အ ချိန် ၀တ်မှာပေါ့ … ၀တ်စရာမရှိအောင် စောင်ပတ်ပြီး လျှောက်သွားတာနေတာမျိုးမှ မဟုတ်တာ… ။ ဒါကြောင့် နေ့ချင်းပြန်အကြောင်းမကြားနိုင်တဲ့အကြောင်းပြန်ပြောပါတယ် … ။

ဝယ်ခဲ့တဲ့နေ့  …  အဲ့ဒီနေ့က အကျီ င်္ တစ်ထည်ကို ၀တ်ကြည့်ခဲ့ပါတယ် ၊ ဒါပေမယ့် ၀တ်ကြည့်တဲ့အကျီ င်္ကိုပဲ ယူခဲ့သလား ၊ မယူခဲ့သလားဆိုတာတော့ တကယ့်ကို မမှတ်မိတော့တာပါ ။ ကိုယ်ဒီအကျီ င်္ဝတ်ခဲ့လား မ၀တ်ခဲ့လားဆိုတာ ၊ ဘုရားပဲ သိပါလိမ့်မယ် ။ အကယ်၍များ ဒီအကျီ င်္ဝတ်ခဲ့မိသည့်တိုင်အောင် ကာစတမ်မာ တစ်ယောက်အနေနဲ့ ဒီအကျီ င်္ဝတ်ခဲ့တဲ့ ရည်ရွယ်ချက်က ကိုယ်ခန္ဓာနဲ့ အံဝင်ခွင်ကျ ရှိမရှိ သိနိုင်ဖို့ ၀တ်ခဲ့တာမျိုးပါ ။ အကျီ င်္ ချည်ပြုတ်နေလား ၊ ပေါက်ပြဲနေလားဆိုတဲ့  QC စစ်ဖို့ ၀တ်ခဲ့တာ မဟုတ်တာကြောင့် ပခုံးနေရာ ၊ ခါးနေရာ လက်လှုပ်ရှားတဲ့အခါ အဆင်ပြေမပြေ ၊ အကျီ င်္ ကြယ်သီးတပ်ထားလျှင်တောင် ထုပ်စီးနေတာမျိုးမဖြစ်ဖို့လောက်သာ စစ်ခဲ့တာ ။ အခုလို ကွာလတီ မစစ်သွားခဲ့ရကောင်းလားဆိုတဲ့ ပြောပေါက်ကြောင့်ရယ် ၊ နဂိုစိတ်ခံကိုက မဟုတ်မခံ စိတ်တိုတတ်တာကြောင့်ရယ်… စိတ်ထဲ နည်းနည်းအချဉ်ပေါက်လာပါတယ် ။ တတ်နိုင်သမျှ စိတ်ကို ရှည်အောင်ထားပြီး ကာစတမ်မာတွေ အကျီ င်္ဝတ်ကြည့်တာ အကျီ င်္ ကွာလတီ စစ်ဖို့ မဟုတ်ပဲ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ စစ်တာဖြစ်ကြောင်းပြန်ပြောခဲ့ပြန်တယ် ။

ကျွန်မ ကိုယ်တိုင်ကလည်း အထည်ချုပ်လောကကပါပဲ ။ လုပ်သက် 7 နှစ်နဲ့ 4 လရှိခဲ့ပါတယ် ။ အထည် တစ်ထည် အချောသပ်ဖို့ကို QC အဆင့်ဆင့် စစ်ရပါတယ် ။ ချုပ်ရိုးမှာ အပ်ချည် သုံးလေးချက်လောက် ကျော်နေလျှင်တောင် QC passed မဖြစ်တဲ့ အနေထားမျိုးပါ ။ အခုလို ပိတ်သားမှာ အပေါက်ပါတာမျိုးဆို အကျီ င်္ cutting မချခင် ပိတ်ခင်းကတည်းက သိရမှာမျိုးပါ ။

တခြားအထည်ချုပ်တွေမှာတော့ ဘယ်လိုလဲ မပြောတတ်ပါဘူး ။ကျွန်မတို့ စက်ရုံမှာတော့ ပိတ်စခင်းကတည်းကစပြီး နောက်ဆုးံ အထည်ဖြစ်တဲ့ အထိ ၊ process တဆင့်ခြင်းစီတိုင်းမှာ ၊ ကွာလတီကို ထိန်းသွားရပါတယ် ။ ကွာလတီသာ မကောင်းခဲ့လျှင် တနေရာမဟုတ် ၊ တနေရာမှာ သိနိုင်တဲ့ အနေထားမျိုးပါ ။ အထည်ချုပ်လောက အနေနဲ့က …နယ်မြေရပ်ခြားက … ကာစတမ်မာလက်ထဲ ပစ္စည်းရောက်သွားလို့ အနာဆာ ပါခဲ့လျှင် ပြန်လျှော်ရတဲ့အလေ့ထရှိပါတယ် ။ ပြင်လို့ ရတဲ့ အနေထား ဟုတ်မဟုတ်ပေါ်မူတည်ပြီး quotation လုပ်ထားတဲ့ ဈေးထဲက ရာခိုင်နှုန်းအလိုက် ဈေးဆစ်ချတာမျိုးပါ ။ တခါတလေများ အထည်က စင်းလုံးချောပါလျှက် ၊ သူတို့ ပေးထားတဲ့ အတိုင်းထွာတိုင်းမဟုတ်ပဲ ၊ pattern မှားလို့ 2cm အနည်းငယ်လောက် အပို အလို ဖြစ်နေလျှင်တောင် ရောက်ပြီးသား ကွန်တင်နာကို အလုံးလိုက် တထည်မှ မယူပဲ ပြန်ပို့ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ် … ။ ကွန်တင်နာ အသွားပြန် စရိတ် နဲ့ အထွေထွေစရိတ်တွေအပြင် ၊ အကျီ င်္တွေက ပြန်ပြင်ရမှာ ဖြစ်တဲ့ အတွက် တန်ရာ တန်ကြေး မပေးပါဘူး ။ ထက်ဝက်လောက် ဈေးလျော့ပြီး သတ်မှတ်ဈေးထက် ယူတာမျိုးအထိ အလျှော်စား လုပ်ရတာတွေ ရှိပါတယ် ။ အခု အပေါက် အပြဲ ပါလာတဲ့ အကျီ င်္ကလည်း … အိုအေစစ်တံဆိပ်နဲ့ … မိတ်အင်ထိုင်လန်ဆိုတဲ့ စာတမ်းနဲ့ပါ ။ ကျွန်မတို့လို ဖွံ့ဖြိုးစဲ နိုင်ငံတစ်ခုမှာတောင် ၊ အထည်ချုပ်တဲ့အခါ ကွာလတီ ဦးစားပေးလွန်းတာ … ထိုင်းနိုင်ငံလိုမျိုးဆို ပိုလို့တောင် ဂရုစိုက်ကြပါလိမ့်မယ် .. ဒါပေမယ့်လည်း မြန်မာနိုင်ငံကို သွင်းမယ့် ပစ္စည်းမျို့ ကွာလတီ ကွန်ထရိုး နိမ့်ကျခဲ့တာလား … 80% acceptable လောက်သာ စစ်ခဲ့တာလားဆိုတာကတော့ … သူတို့company ကပဲ သိပါလိမ့်မယ် ။ ဒီအကြောင်းတွေကို အရောင်းစာရေးမလေးကို ပြောပြတော့ ၊ သူလည်း ဘာမှ မတတ်နိုင်ဘူးလို့သာ တွင်တွင်ငြင်းပြီး ၊ ငွေရှင်းကောင်တာက သူထက် (စီနီယာ)ကျဟန်တူတဲ့ (ဟုတ်မဟုတ်မသိ) တစ်ယောက်ကို အကူညီတောင်းလို့ ဖြစ်ကြောင်းကုန်စင် သွားပြောပါတယ် ။ ကျွန်မ ဖြစ်စေချင်တာက ပြေရာပြေကြောင်းပြောပြီး ကာစတမ်မာ စိတ်ကျေနပ်အောင် company ကိုပြန်ပြောပြပေးပါမယ် ကွန်ပလိန်းတင်ပေးပါ့မယ် …  စတဲ့ စကားမျိုး (တကယ်ပြောပြော မပြောပြော) ပြောစေချင်ခဲ့တာပါ …  ။ ဒီတံဆိပ်ကို အရင်ကလည်း တခြား အထည်တွေ ၀တ်ခဲ့တာပါပဲ ပြသနာ တစုံတရာမရှိခဲ့ဘူး နှစ်နဲ့ ချီ အလျဉ်းသင့်သလို ၀ယ်ခဲ့တဲ့ တံဆိပ်တစ်ခု အခုလို အပေါက်ပြဲတွေပါလာလို့ သွားပြောတဲ့အခါ ၊ တာဝန်ယူမှု မဲ့တဲ့ စကားမျိုးကြားရတဲ့ အပြင် ကွာလတီ မစစ်ရကောင်းလားဆိုတဲ့ အပြစ်တင်သံမျိုးကြားရတဲ့အခါ …. ဒေါသတော့ ထွက်မိပါတယ် ။ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ..ပိုက်ဆံပေးပြီး ဒေါသ၀ယ်ယူခဲ့သလို ဖြစ်နေတာကြောင့်ပါ ။ စီနီယာကျမယ် ထင်တဲ့ ငွေရှင်းကောင်တာက တစ်ယောက်ကလည်း လဲပေးလို့မရကြောင်းသာ အပ်ကြောင်းထပ်ပြီးပြောကာ ၊ ကာတမ်မာ စစ်မသွားခဲ့ကောင်းလားဆိုတဲ့ လေသံမျိုးပဲ ထွက်လာပါတယ် ။ မိနစ် နှစ်ဆယ်ကျော် စကား အခြေတင်ပြောပြီးနောက်မှာ ကျွန်မ သဘောပေါက်သွားတာက ၊ ဒီအရောင်းစာရေးမရော ၊ ငွေရှင်းကောင်တာက အမျိုးသမီးရော … ဆုံးဖြတ်ချက် တစ်ခု ရေရေရာရာ ချနိုင်မယ့် အနေထားမရှိတာကိုပါပဲ ။ မန်နေဂျာနဲ့ စကားပြောမယ် ခေါ်လိုက်ပါလို့ ပြောတော့ ၊ ဖုန်းဆက်နေတာတော့ မြင်လိုက်ရပါတယ် ။ တကယ်ပဲ ခေါ်သလား မခေါ်သလားတော့ မသိပဲ အချိန်နောက်ထပ် ဆယ့်သုံးမိနစ် စောင့်ဆိုင်းခဲ့ရပါတယ် ။ မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုးမဟုတ်ပဲ ၊ အပြစ်တင်သံလည်း ကြားရပြီး ထပ်ပြီး စောင့်ဆိုင်းရတာတွေကြောင့် ၊ သည်းခံနိုင်စွမ်းတော့ ကုန်သွားပါပြီ ။ ဒါကြောင့် အနီးနားက ဈေးဝယ်လာတဲ့ လူတွေ အပေါက်ပါတဲ့ အကျီ င်္နဲ့ ပုံစံတူ ၊ ကာလာကွဲ ၊ ဆိုဒ်ကွဲ အကျီ င်္တွေကို ကိုင်ကြည့်တဲ့အခါ ၊  ဒီဘရန်းက ၀ယ်မယ်ဆို ပစ္စည်းအရည်သွေးပါ စစ်ဖို့လိုတဲ့ အကြောင်း …. မစစ်မိပါကလည်း အပေါက်ပြဲပါတတ်ကြောင်း ၊ ကွန်ပလိန်းတက်တဲ့အခါလည်း ၊ တာဝန်ယူမှုမပြောနဲ့ ပြေရာပြေကြောင်းတောင် မပြောတတ်ကြောင်း ၊ ဒီဘရန်းနား ရောက်လာတဲ့ လူမှန်သမျှကို ပြောပစ်ခဲ့မိတယ် ။ မန်နေဂျာဖြစ်သူလည်း ရောက်မလာတာကြောင့် သူမလာလျှင် သူ့ရုံးခန်းထိ သွားတွေ့ ရုံသာ ရှိပါတော့တယ် ။ မန်နေဂျာရုံးခန်းဘယ်မှာလဲ မေးတော့ ၊ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကလည်း ဒီလိုပါပဲ … သွားလည်း မထူးပါဘူးလို့သာ ပြောခဲ့ပါတယ် ။ မန်နေဂျာလည်း အခု မရှိတဲ့ အပြင် ၊ ပစ္စည်းကလည်း ၀ယ်ခဲ့တာ ပြီးခဲ့တဲ့ တပတ်က ၊ ရှင်းပြီးသား bill လည်း လက်ထဲ မရှိတော့တာကြောင့် သွားလည်း စစ်မယူခဲ့တဲ့ အပြစ်ကြောင့် ဘာမှ မလုပ်ပေးနိုင်ပါဘူးတဲ့ ။

စိတ်ထဲ အရမ်း ပြင်းပြလာပြီဆိုလျှင် ဘယ်သူပြောပြော (ဆိုးဆိုးကောင်းကောင်းကိုယ်လက်ခံထားသလို) ကိုယ့်စိတ်ထဲက အတိုင်းလုပ်ဖို့ နောက်မဆုတ်တတ်တဲ့ မွေးရာပါ အကျင့်ပါခဲ့ပါတယ် ။ ကုန်တိုက်တစ်ခုလုံးကို အုပ်ချုပ်နေပါတယ်ဆိုတဲ့ မန်နေဂျာနဲ့ ဒီပြသနာ ကိုင်တွယ်ဖြေရှင်းပုံကတော့ ၊ အရောင်းစာရေးမနှင့် ငွေရှင်းကောင်တာက အမျိုးသမီး ၂ ဦးစလုံးနှင့် အဖြေချင်း တူမယ်ဆိုသည့်တိုင်အောင် ၊ မန်နေဂျာလယ်ဗယ်နဲ့ လူတစ်ဦးအပေါ် ထိတွေ့ဆက်ဆံတဲ့ ပြောဆိုပုံစံမျိုး ကွာခြားမယ်လို့ ယုံကြည်တဲ့အတွက် ၊ မြေညီထပ်က ရုံးခန်းကို ကျွန်မ ရောက်သွားခဲ့ပါတယ် ။ ပြသနာတစ်ခုကို ငြင်းမယ်ဆိုလျှင်တောင် တဖက်လူ လက်ခံနိုင်လောက်တဲ့ ငြင်းဆိုမှုမျိုးနဲ့ စကားပြောလိမ့်မယ်လို့လည်း ယုံကြည်မိတာကြောင့်ပါ ။

ကျောင်းဖွင့်ရာသီဖြစ်တာကြောင့်  စာရေး ပစ္စည်း တင်ချမှုတွေ ရှိနေတာလည်း မြင်ရတယ် ။ထောင့်ပေါင်းစုံက တပ်ထားတဲ့ စီစီတီဗွီ ကင်မရာတွေက ရုပ်ပုံတွေကို မော်နီတာ တစ်ခုကနေ ထိုင်ကြည့်နေတဲ့ အမျိုးသား တစ်ဦးလည်းတွေ့ရတယ် ၊ သူ့အလုပ်နဲ့ သူရှုပ်နေတဲ့ အမျိုးသမီး နှစ်ဦးသုံးဦးကိုလည်း တွေ့ရပြီး ၊ တခန်းလုံးမှာ အသက်အကြီးဆုံး ဖြစ်ဟန်တူသည့် အသက် ၆၀ကျော်ခန့်(ခန့်မှန်း)  အမျိုးသား တစ်ဦးလည်း စာရင်းတွေ မှတ်နေတာ မြင်ခဲ့ရပါတယ် ။ အနီးစပ်ဆုံး ခုံမှာ ရှိနေတဲ့ အမျိုးသမီးတစ်ဦးကို မန်နေဂျာနဲ့ တွေ့ ချင်လို့ပါပြောတော့ ၊ ခုနက စာရင်းမှတ်နေတဲ့ တခန်းလုံးမှာ အသက်အကြီးဆုံး အမျိုးသားကို ညွှန်ပြပါတယ် ။

%%%%%%%%%%%%%%

ခုံရှေ့ မျက်နှာချင်းဆိုင် အနေထားနဲ့ မတ်တပ်ရပ်ပြီး “ မန်နေဂျာနဲ့ တွေ့ ချင်လို့ပါ “ လို့ ပြောတော့ ၊ လုပ်လက်စကို ခဏရပ်လို့ မော့ကြည့်ပြီး “ကျွန်တော် မန်နေဂျာပါ ထိုင်ပါ ခင်ဗျာ”တဲ့ ။ ကျွန်မလည်း အန်ကယ်က မန်နေဂျာလား ဂမုန်းပွင့်တစ်ခုလုံးရဲ့ General Managerလားလို့ ထပ်မေးတော့ …. မန်နေဂျာတစ်ယောက်တည်းရှိပါတယ် ။ အန်ကယ်ပါလို့ အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ် ။ တခြား ဌာနတွေ ၊ အလုပ်တွေမှာ မန်နေဂျာတစ်ယောက်ပဲ ထားသလား ၊ ဌာနခွဲ တခုစီအလိုက် မန်နေဂျာတွေ အဆင့်ဆင့်ထားပြီး အုပ်ချုပ်သလားဆိုတာ မသိတာကြောင့် General Manager ဟုတ်လားလို့ မေးခဲ့မိတာပါ ။ ကျွန်မတို့စက်ရုံမှာဆို … မန်နေဂျာတွေ အများကြီး ရှိလို့ပါ   :kwi: မန်နေဂျာထဲမှာမှ အားလုံးကို ပြန်ပြီး control လုပ်ရတဲ့ GM က နောက်ဆုံး အဆင့်မို့ပါ ။

ကျွန်မခုံမှာ ထိုင်လိုက်တာနဲ့ ၊ မန်နေဂျာက ပြသနာ တစ်ခုကို ဖြေရှင်းဖို့ အသင့်အနေထားရှိနေတဲ့ မျက်နှာတည်ငြိမ်မှုမျိုးနဲ့ တဖက်က ပြောမယ့် စကားကို အလေးပေးနားထောင်ဖို့ တိတ်တဆိတ်အသင့်ဖြစ်နေပါတယ် ။ ကျွန်မလည်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး ပေါက်ပြဲတဲ့နေရာကိုလည်း ပြခဲ့တယ် … ။ အပေါ်မှာတော့ ဒီကိစ္စအတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး ။ ကျွန်မတို့မှာလည်း ၀ယ်ထားတဲ့ အထောက်ထား ဘာမှ မရှိတော့တဲ့ အပြင် တပတ်လည်းကျော်ဝတ်ကြည့်မှ သိတာကြောင့် ၊ အန်ကယ့် အနေနဲ့ ဒီကွန်ပလိန်းအပေါ် ဘယ်လိုများ သဘောထားလဲ သိပါရစေလို့မေးတဲ့အခါ ၊ တည်တည်ငြိမ်ငြိမ်ပါပဲ ။ အန်ကယ် အကျိုးကြောင်း မေးကြည့်ပါဦးမယ်လို့ ပြောပြီး ၊ သူ့ရဲ့ အတွင်းရေးမှူ ဖြစ်ဟန်တူတဲ့ ခပ်ချောချော အမျိုးသမီးကို အပေါ်ထပ်က အိုအေစစ် ကောင်တာသို့ အကျီ င်္အပြဲကို ပေးလိုက်ပြီး ၊ အကျိုးကြောင်းမေးစေပါတယ် ။ တကယ်တမ်း ဖုန်းဆက်မေးလျှင်လည်း ၊ ဖြစ်ကြောင်းကုန်စင်သိရမယ့် အနေထားမျိုးမှာ လုပ်သက်ကြောင့် ရလာတဲ့ အတွေ့ ကြုံဖြစ်ဟန်တူတဲ့ ၊ စိစစ်မှုမျိုး လုပ်ပေးနိုင်ဖို့ အတွင်းရေးမှုးကို ကိုယ်တိုင်လွှတ်လိုက်တာပါ ။

အတွင်းရေးမှုးက အပေါ်ထပ်တက်သွားချိန် စကား စမြည်ပြောရင်း ၊ ကျွန်မဆို ဘိုကလေးဈေး ဂမုန်းပွင့်ကို တပတ်တခါ မဟုတ်ရင်တောင် နှစ်ပတ်တခါ နီးပါးလောက် ပိတ်ရက်တွေမှာ ရောက်ဖြစ်တယ် ။  အရင် နေရာ အဟောင်းမှာကတည်းက အခုထိ ဈေးဝယ်ရတာ အဆင်ပြေလို့ရယ် ၊ မြို့ထဲက အိမ်နဲ့လည်း (ခြေလျှင်လျှောက်ရင် 5မိနစ်လောက်ပဲကြာအောင်) နီးတာကြောင့်ရယ် ခဏခဏရောက်ဖြစ်ကြောင်း ၊ ဖိနပ်ကလွဲလျှင် ဒီနေ့ တကိုယ်လုံးက ၀တ်ထားတဲ့ အ၀တ်တွေနဲ့ လက်ကိုင်အိတ်က ဒီဂမုန်းပွင့်ကပဲ ၀ယ်ခဲ့ကြောင်းပြောဖြစ်ခဲ့ပါတယ် ။ ဂမုန်းပွင့်ဆိုလျှင် ဒီတစ်ခုတင်မဟုတ်ပဲ ၊ မြေနီကုန်းရော ၊ ကမ္ဘာအေးဘက်ကို ပါ မကြာခဏရောက်ဖြစ်ကြောင်းလည်းပြောပြီး အိုအေစစ်ကို ၀ယ်တာကလည်း အလျဉ်းသင့်သလို ၀ယ်ဖြစ်ခဲ့တာ နှစ်နဲ့ ချီခဲ့ပြီး ဒီတကြိမ်လို အဆင်မပြေမှုမှာ ၊ အတော်လေး စိတ်ကသိကအောက်ဖြစ်မိပါတယ် လို့ ပြောခဲ့ပါသေးတယ် ။ ပြောသမျှ စကားတိုင်း နားထောင်ပေးပြီး ဂမုန်းပွင့်မှာပဲ ၀ယ်နေတာဆိုတော့ သမီးမန်ဘာကဒ်လုပ်ထားပါလားတဲ့ …… ။ တခြားရှော့ပင်းစင်တာတွေမှာသာ ဘယ်နှစ်သိန်းဖိုးဆိုလျှင် မန်ဘာကဒ်ထုတ်ပေးတယ်ဆိုတာမျိုး သိထားပေမယ့် ၊ ဂမုန်းပွင့်မှာ မန်ဘာကဒ်ရှိမှန်း ကျွန်မ မသိခဲ့ပါဘူး ၊ ဒါပထမဆုံးအကြိမ် ကြားဖူးခဲ့တာပါ  ။  ဒါကြောင့်လည်းရိုးရိုး ရှင်းရှင်းပါပဲ … မန်ဘာကဒ်ရှိမှန်းတောင် မသိဘူး အန်ကယ်ရေ လို့ ပြောလိုက်မိပါတယ် ။ ဒါဆို တစ်ခါတည်းလုပ်ပေးလိုက်မယ် ၊ နောက်တပတ်ကဒ်လာထုတ်ပြီးသုံးလျှင် ပစ္စည်းအမျိုးစားအလိုက် ရာခိုင်နှုန်း လျော့ပေးတဲ့အပြင် နှစ်ကုန်တဲ့အခါ အကျိုးခံစားခွင့်လေးတွေရှိလို့ ၊ ကဒ်လုပ်ထားသင့်ပါတယ်လို့လည်း ပြောပြပါတယ် ။ သာမန်အားဖြင့်တော့ မန်ဘာကဒ်လျှောက်ထားဖို့ရာ ရုံးပိုင်းက ထောက်ခံတဲ့ လူ ၂ယောက်ရှိရမယ့် အပြင် ၊ တနေ့တည်း ၀ယ်ယူတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုး စုစုပေါင်း ****** ရှိရမယ်လို့ သတ်မှတ်ထားပါတယ်တဲ့ ။ ခြွင်းချက်အနေနဲ့ ကျွန်မအတွက် လုပ်ပေးမယ့် မန်ဘာကဒ်အတွက် ကျေးဇူးတင်ပေမယ့် ၊ အကျီ င်္အပြဲ ကိစ္စ ဘယ်လို တုံ့ပြန်မှုမျိုးရှိမလဲ မသိသေးတဲ့အချိန် စိတ်ထဲ လွတ်လွတ်လပ်လပ်တွေးမိတာက ၊ မန်ဘာကဒ်ပေးပြီး ကာစတမ်မာကို ပြန်ချုပ်တာလားလို့ တွေးထင်မိပါသေးတယ် ။ (ဟုတ်မဟုတ်တော့ မသိဝူးကွီ )

ရုံးခန်းထဲက အမျိုးသမီးတစ်ယောက်ကို မန်ဘာကဒ်လုပ်တဲ့အခါ ဖြည့်စွက်ရတဲ့ ဖောင်တစ်စောင်တောင်းပြီး ၊ လိုအပ်တဲ့ အချက်များကို ကိုယ်တိုင်ရေးသွင်းစေပါတယ် ။ ဓါတ်ပုံတပုံလည်း လိုတာကြောင့် အိတ်ထဲ မွှေနှောက်ရှာပြီး လွန်ခဲ့တဲ့ 2 နှစ်လောက်က ပုံတပုံကိုကဒ်လုပ်တဲ့အခါဖောင်မှာ ကပ်လျှင် သုံးဖို့ ပေးခဲ့ပါတယ် ။ မန်ဘာကဒ်လုပ်ဖို့ ရေးသွင်းပြီးချိန်မှာတော့ ၊ အတွင်းရေးမှုး အမျိုးသမီး ပြန်ရောက်လာပြီး မန်နေဂျာဖြစ်သူကို အကျီ င်္အပြဲ အခြေနေကြောင်း ရှင်းပြနေတာကိုလည်း မကြားတချက်ကြားတချက်နဲ့ ကြားခဲ့ရပါတယ် ။ အခြေနေအကြောင်းစုံသိပြီး ချိန်မှာတော့ မန်နေဂျာ ဖြစ်သူက ၊ ပြောလာပါတယ် ။ ဒီ အကျီ င်္က အပြဲ ပါလာတယ်လို့ ကွန်ပလိန်းတက်တော့မှတော့ အန်ကယ်တို့ဘက်က ကျေနပ်အောင် လုပ်ပေးဖို့ တာဝန်ရှိပါတယ် ။ အပြဲကလည်း ဂျိုင်းလို လက်လို နေရာမျိုးမဟုတ်တာကြောင့် ၊ ၀တ်လိုက်လို့ ပြဲသွားတာမျိုး မဟုတ်ဘူးလို့ ယူဆတာလည်း ပါပါတယ် ။ အဲ့ဒီအချိန်မှာ အတွင်းရေးမှူးအမျိုးသမီးက ၊ သာမန်အားဖြင့်တော့ ၀ယ်ပြီး တပတ်ကျော်မှ လာတဲ့ ကွန်ပလိန်းမျိုးဆို ဘာမှ မလုပ်ပေးနိုင်ကြောင်းနှင့် ၀ယ်ခဲ့တဲ့ အထောက်ထားပြဖို့လည်း မရှိတာကြောင့် ပိုလို့တောင် တာဝန်ယူပေးဖို့ ခက်ခဲကြောင်းပြောကာ ဒီကွန်ပလိန်းကိုတော့ အန်ကယ်ရဲ့ အဆုံးဖြတ်နဲ့ ဖြေရှင်းပေးမှာပါလို့ ပြောရင်းဘေးမှာ ရပ်နားထောင်နေပါတယ် ။

မန်နေဂျာ ဖြစ်သူရဲ့ တုံ့ပြန်မှုကို စိတ်ဝင်စားနေချိန်မှာပဲ …. မန်နေဂျာဖြစ်သူက 5 စက္ကန့်လောက် စဉ်းစားဟန်ပြုပြီး ၊ ဒီအကျီ င်္အပြဲအတွက် အန်ကယ်တို့ ဂမုန်းပွင့်ဘက်ကပဲ တစ်သောင်းပြန်ပေးပါမယ် ဘရန်းက ထိုင်းဘက်က သွင်းတာကြောင့် ကွန်ပလိန်း ဟိုဘက်ကို တဆင့် ပြန်တက်လို့ ရမရဆိုတာ မသေချာပေမယ့် ၊ ကုန်တိုက်အနေနဲ့ တာဝန်ယူပြီး စိုက်ရှင်းပေးတာပါလို့ ဆိုလာပါတယ် ။ ဒါဆို သမီး အဆင်ပြေရဲ့လား ၊ ကျေနပ်လားလို့လည်းမေးပါတယ် ။ ကျွန်မ၀ယ်ထားတာ တစ်သောင်း နှစ်ထောင့် ရှစ်ရာ ၊ တစ်ခါမှလည်း မ၀တ်ရသေးတဲ့အပြင် ၊ ကွန်ပလိန်းလာတက်လို့ အချိန်ကုန် ၊ စိတ်တိုလည်း ဖြစ်ရတာကြောင့် …. စိတ်ထဲ သိပ်တော့လက်မခံနိုင်သေးသလိုပါပဲ ။ လာခဲ့တုန်းက ၊ ပြေရာပြေကြောင်းလောက်သာ နားထောင်ရလျှင် စိတ်ကျေနပ်ပြီး ပြန်ဖို့ တွေးထားခဲ့ပေမယ် ၊ တကယ်တမ်း တာဝန်ယူပြီး လျှော်ပေးပါမယ့်ဆိုတဲ့ အနေထားမျိုးမှာ ကိုယ့်ဘက်ကတပတ်ကျော်မှ ကွန်ပလိန်းတက်ခဲ့တာတွေ ၊ လက်ထဲ ၀ယ်ခဲ့တဲ့ အထောက်ထား မရှိတော့တာတွေ ၊ ချြွင်းချက်နဲ့ မန်ဘာကဒ်လုပ်ပေးတာတွေ အကုန်မေ့ပြီး … အလားတူပုံစံတူ နောက်တထည် မရတာကိုပဲ စိတ်ထဲ တင်းခံနေမိတယ်(တယ်လည်းအပြောင်းလဲမြန်တဲ့စိတ်…)  ။ ကျေနပ်လားလို့ မေးတော့ …. အားမနာပဲ  စိတ်ထဲ ရှိတဲ့အတိုင်း ပြောခဲ့မိပါသေးတယ် .. ဒါပေမယ့်လည်း ကောင်းကောင်းမွန်မွန် အမူယာ အသံနေအသံထားနဲ့ပါ့ …. ကိုယ့်ထက်လည်း အသက်အများကြီး ကြီးတဲ့ လူတစ်ယောက်ကို ဆက်ဆံဖို့ သင့်လျှော်တဲ့ အမူယာမျိုးပါ …  ။ ကျေနပ်တယ်လို့တော့ မဟုတ်ပါဘူး …  အချိန်တွေကုန်တဲ့ အပြင် စိတ်အနှောက်ယှက်လည်း ဖြစ်ရပြီး ၊ တန်ဖိုးအတိုင်းလဲ ပြန်မရတောာာာာ့ လို့ ပြောမိတယ်ဆိုလျှင်ပဲ ….. ။ ဒါဆိုလည်း  တန်ဖိုးအတိုင်းပဲ ပေးလိုက်ပါ့မယ် ၊ သမီးတို့ ကြိုက်တဲ့ တထည်ပြန်ဝယ်သွားပါ ၊ ဒီဘရန်းထဲက မဟုတ်လည်း တခြားကလည်းဖြစ်ပါတယ် ၊ ဒီနေ့ မ၀ယ်ပဲ နောက်မှ လာဝယ်လည်း ရပါတယ်လို့ ပြောပြီး ၊ အတွင်းရေးမှူး အမျိုးသမီးကို ပိုက်ဆံ ထုတ်ပေးစေပါတယ် ။ အပြစ်တင်တဲ့ စကား တခွန်းတလေမှ ပြောမထွက်ပါပဲ ပြသနာကို ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်း သွားခဲ့ပါတယ် ။ လျှော်ပေးလိုက်တဲ့ ပိုက်ဆံကလည်း ကြည်ကြည်ဖြူဖြူ ပေးခဲ့တာကြောင့် စိတ်ထဲ ဘယ်လိုမှ ၀န်ထုပ်ဝန်ဖိုးမဖြစ်ပဲ ၊ စိတ်ရှင်းရှင်းနဲ့ အိမ်ပြန်လာနိုင်ခဲ့ပါတယ် ။

%%%%%%%%%%%%%%

ကွန်ပလိန်းတစ်ခုနဲ့ ပတ်သတ်ပြီး ခဏတာ တွေ့ခွင့်ရခဲ့ပေမယ့် ၊ ကျွန်မအတွက် သင်ခန်းစာတွေ အများကြီးခဲ့ပါတယ် ။ မန်နေဂျာဖြစ်လို့ အဆောင်ယောင် ဟိတ်ဟန်တွေ ၊ အသက်ရွယ်ကွာခြားမှုတွေကို အဓိက မထားပဲ ပြသနာကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ မန်နေဂျာနဲ့ စကား စမြည်လည်း ပြောဖြစ်ခဲ့ပါသေးတယ် ။ ဘိုကလေးဈေး ဂမုန်းပွင့်မှာ မန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့တာ သက်ပြည့် ပင်စင် ယူပြီးချိန်က စလို့ အခုဆို (၁၀)နှစ်တိုင်ရှိခဲ့ပါပြီ ။ အန်ကယ့်သားရဲ့ သူငယ်ချင်းကုန်တိုက်ဖြစ်တာကြောင့် ၊ ၀င်ကူညီပေးရင်း အခုလို နှစ်ကြာထိ အလုပ်လုပ်ဖြစ်နေကြောင်း တက်ကြွစွာပဲ ရှင်းပြခဲ့ပါသေးတယ် .. ။ ယခင်ကတော့ အစိုးရ၀န်ထမ်း အင်ဂျင်နီယာအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်တဲ့ ။ အခု အ ချိန်မှာ အသက်(၇၀)ကျော်ပါပြီ (အမြင်အားဖြင့် အတော်ငယ်နေတာကတော့ အံ့သြစရာပါပဲ …။ သားသမီးတွေလည်း ကြီးကုန်ပြီး သမီးအငယ်ဆုံးဆို ၊ ကျွန်မထက်ပင် အသက်ကြီးကြောင်းလည်းပြောပြကာ … သမီးအသက်ကအလွန်ဆုံး ၂၅ပေါ့လို့လည်း အရွန်းဖောက်ခဲ့ပါသေးတယ် ။ …. လက်ရှိအသက်ကို ပြောပြရင်း ၊ ပြိုင်တူ ရယ်မောဖြစ်ခဲ့တဲ့အခါ ခုနက အဆင်မပြေမှုတွေလည်း မေ့သွားခဲ့တယ် ။ ဗုဒ္ဓဘာသာကိုးကွယ်သူ ပီပီ အတိတ်ဘ၀က ကံကံဧ။် အကျိုးကိုလည်း ယုံကြည်ပြီး ရေစက်ပါမှုကြောင့် ဒီအချိန်မှာ လာတွေ့ဆုံရတာမျိုးဖြစ်ကြောင်း တွေ့ ရတာလည်း ၀မ်းသာမိပါကြောင်း ပြောရှာပါသေးတယ် ။ တစ်ခုခုဆို အကြံပေးပါ ၊ ဝေဖန်ပါလို့လည်း အင်ဗိုက်လုပ်ပြီး ၊ နိမ်းကဒ်တောင်းလို့ ပေးခဲ့ပါသေးတယ် ။ ….   လူကြီးတွေအသက်ရွယ်ထောက်လာတဲ့အခါ… တဖန်ပြန်ပြီး ခိုလှုံတဲ့ ဘ၀မျိုးရောက်လို့ ဒီပရက်ရှင်ဝင်တာမျိုး များပါတယ် ။ ကျန်းမာရေး ဆုတ်ယုတ်ပြီး အင်အားချိနဲ့လို့ …အိပ်ယာထဲ လဲနေရတဲ့ သက်တူ ရွယ်တူ အဖိုးဘွားတွေ ဒုနဲ့ဒေးပါ …. ။အခုဒီ အန်ကယ်ကတော့ လက်ရှိအသက်၇၀မှာ မန်နေဂျာဝင်လုပ်နေတုန်းဖြစ်ပြီး သွက်သွက်လက်လက် နိုင်နိုင်နင်းနင်း စီမံခန့်ခွဲ နိုင်တုန်းပါပဲ …. ။ လုပ်လက်စ အလုပ်တွေ အားလုံးရပ်ပြီး အေးဆေး စကားပြောပေးခဲ့တဲ့ မန်နေဂျာ့ကို နှုတ်ဆက်ပြီး ပြန်ခဲ့ပါတော့တယ် ။

%%%%%%%%%%%%%%

ပြသနာတစ်ခုက အစီချီခဲ့ပေမယ့်လည်း ၊ နောက်ဆက်တွဲ ရလဒ်အနေနဲ့ မိတ်ဆွေ တိုးခဲ့တဲ့ အပြင် ၊ လူမှုဆက်ဆံရေးနှင့် ပတ်သတ်လို့ မိမိကိုယ်ကို ပြုပြင်ရမယ်ဆိုတဲ့  လိုအပ်ချက်တွေကိုလည်း သိနားလည်ခဲ့ရပါတယ် ။ ဒီကိစ္စ မန်နေဂျာရဲ့ တုံ့ပြန်ပြောဆိုမှုကသာ အရောင်းစာရေးမတွေလို တဖက်စောင်းနင်းကျနေလျှင် ၊ သေချာတာတော့ ကျွန်မလည်း နောက်တစ်ခေါက် ဒီဆိုင်က လာထပ်ဝယ်ဖို့ စိတ်ပါတော့မှာမဟုတ်ပါဘူး ။ ၀ယ်နေကြ လူတွေထဲ ကိုယ်တဦးတစ်လျှောက်လျော့သွားရုံနဲ့ မထိခိုက်နိုင်ပေမယ့် ၊ ကျေနပ်လောက်တဲ့ တာဝန်ယူမှုမျိုးပေးပြီး ကာစတမ်မာ တစ်ယောက်ပြန်ထိန်းထားနိုင်ခဲ့တာလည်း သူ့အသက်ရွယ် ၊ သူဖြတ်သန်းခဲ့ရတဲ့ လုပ်ငန်းအတွေ့ ကြုံအပြင် စိတ်သဘောထား ပြည့်တဲ့ လူဖြစ်တာကြောင့်လည်း ပါပါလိမ့်မယ် ။ စကားပြောနေခဲ့ရတဲ့ တဒင်္ဂတွင်းမှာပဲ မျက်နှာသွင်ပြင်ကိုကြည့်ပြီး …ရိပ်စားမိခဲ့တာက ၊ ပူပူလောင်လောင် အခြေခံ စိတ်ဓါတ်မျိုးမရှိသူမျိုးပါ ။ တည့်တည့်ဦးတည်လာတဲ့ ပြသနာကို အကောင်းဆုံး ကိုင်တွယ်လိုက်နိုင်ပုံကိုတော့  ….. တကယ်ပဲ အားကျမိပါတယ် ။ တဖက်စကားကိုလည်း နားထောင်ပြီး ၊ အဖြစ်မှန်ကိုလည်း ကိုယ်တိုင်သွားစုံစမ်းစေတဲ့ အကွက်စေ့တဲ့ စီမံခန့်ခွဲမှုမျိုးကလည်း … လုပ်သက်ကြောင့်ပဲ ရလာတဲ့ အတွေ့ ကြုံမျိုး ဟုတ်မဟုတ်သိပေမယ့် …. အတုယူစရာတွေ အများကြီးရခဲ့ပါတယ် ။ အသက်ရွယ်ကွာဟမှုကို ဘေးဖယ်ပြီး မိမိနဲ့ စကားပြောသူတစ်ယောက်ကို လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးကာ ၊ စိတ်ပါလက်ပါ နားထောင်တတ်တဲ့ အမူကျင့်ကလည်း ၊ အကြီးမှန်းမသိ အငယ်မှန်းမသိ (ကိုယ်ကမှန်မှန်မှားမှား) စိတ်တိုလျှင် ထထအော်တတ်တဲ့ ကျွန်မအတွက် သတိထားပြင်ဆင်ရမယ့် နမူနာကောင်းတစ်ခုပါပဲ ။မျက်နှာအမူရာ ၊ အသံအနေထားကစလို့ …  လူအချင်းချင်း ဆက်ဆံရမှာ တကယ့်ကို အသုံးဝင်တဲ့ အလေ့ကျင့်ကောင်းတွေ လေ့လာခွင့်ရခဲ့ပါတယ် ။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ပိုမို အဆင်ပြေဖို့ အတွေ့ ကြုံကောင်းအဖြစ် အမှတ်မထင် ဆုံတွေ့ခွင့်ရခဲ့တဲ့အဖြစ်ရပ်ကတော့ ဘ၀မှာ မှတ်မှတ်ရရပါပဲ … ။

အဲ့ဒီနေ့က မိမိကိုယ်တိုင် ၀ီရိယအားနည်းလို့ ၊  မနက်ခင်းတစ်ခု ဗြုတ်စဗျင်းတောင်းနိုင်ပြီး အကျည်းတန်ခဲ့ပေမယ့် ….. ကံကောင်းတဲ့နေ့တနေ့ အဖြစ်နဲ့ …..  ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ် ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!