သုတဓမ္မမှ မှတ်သားမိသမျှ (၁)

သုတဓမ္မ (၁)

သုတဓမ္မတရားတော်တွေကို လေ့လာရတာ လောကီအတွက်ရော လောကုတ္တရာအတွက်ရော သိပ်တန်ဖိုးရှိတာပဲ။ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်လာတဲ့အခါ သမ္မာသင်္ကပ္ပဆိုပြီး အမှန်တွေးလာတယ်။ အမှန်တွေးလာတဲ့အခါ သမ္မာဝါစာ – မှန်တာပြောတယ်။ သမ္မာကမ္မန္န – မှန်တာလုပ်တယ်။ မှန်တာပြောပြီး မှန်တာလုပ်တဲ့အခါ သမ္မာအာဇီဝလို့ခေါ်တဲ့ မှန်ကန်စွာ အသက်မွေးမှုဖြစ်လာတယ်။ မဂ္ဂင်ရှစ်ပါးကို လောကီနယ်မှာ ကျင့်သုံးတာပေါ့။

ခု BA Part 3 တရားတွေဖြစ်တဲ့ ဗောဓိပက္ခိယတရားကို လေ့လာသုံးသပ်ခြင်း တရားတော်တွေကို နားထောင်နေတာ။ ဝီရိယရဲ့ စွမ်းဆောင်ချက် (၄) ချက်ရှိတယ်တဲ့။

(၁) မဖြစ်သေးတဲ့ အကုသိုလ်တွေ ဖြစ်မလာအောင် ကြိုးစားရမယ်။
(၂) ဖြစ်လာတဲ့ အကုသိုလ်တွေကို ပိတ်ဆို့ဖယ်ရှားရမယ်။
(၃) မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်လာအောင် ကြိုးစားရမယ်။
(၄) ဖြစ်ပြီးတဲ့ ကုသိုလ်တရားတွေ တိုးပွားလာအောင် ကြိုးစားရမယ်။
ဒီ (၄) ချက်ကို ဝီရိယနဲ့ ကြိုးစားအားထုတ်ရမယ်တဲ့။

အဲဒီလိုတွေ ကြိုးစားဖို့ဆို အချက် (၄) ချက် လိုအပ်တယ်တဲ့။

(၁) လုပ်ချင်တဲ့ဆန္ဒရှိရမယ်။
(၂) စတင်လုပ်ဆောင်ရမယ်။
(၃) စိတ်ကို မြှင့်တင်ထားရမယ်။ (အခက်အခဲကြုံလာရင် အရှုံးမပေးမိအောင်)
(၄) အခိုင်အမာ ရပ်တည်ထားရမယ်။ (နောက်မဆုတ်တမ်းလုပ်မယ်ဆိုတဲ့စိတ်)

ဒါတွေက လောကုတ္တရာအတွက်မှ မဟုတ်ဘူး၊ လောကီနယ်အတွက်လည်း လက်တွေ့ကျင့်သုံးလို့ရတဲ့ တရားတွေ ဖြစ်တယ်။

ဥပမာ ကျောင်းသားတစ်ယောက် ဆိုပါစို့။
(၁) စာမေးပွဲကို ထူးထူးချွန်ချွန်အောင်ချင်တဲ့ဆန္ဒ ရှိရမယ်။
(၂) ဆန္ဒရှိတဲ့အတိုင်း စာလေ့လာတာကို စတင်လုပ်ဆောင်တယ်။
(၃) စာတွေ ခက်လာတဲ့အခါ၊ နားမလည်တဲ့အခါ၊ အိပ်ချင်လာတဲ့အခါ၊ ပင်ပန်းလာတဲ့အခါ စာမလုပ်ချင်တော့ဘူးဆိုတဲ့စိတ် ဖြစ်လာတတ်တယ်။ ဒီလိုအချိန်တွေမှာ ငါဖြစ်ချင်တဲ့အတိုင်း ထူးထူးချွန်ချွန် အောင်မြင်ခဲ့ရင် ဆိုတဲ့ အချိန်ကို တွေးပြီး စိတ်ဓာတ်ကို မြှင့်တင်ရမယ်။
(၄) ဘယ်လိုပဲ အခက်အခဲရှိရှိ၊ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ ငါ့ရည်မှန်းချက်အတိုင်း မဖြစ်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ အခိုင်အမာ ရပ်တည်ထားရမယ်။

အခုလို ခေတ်ကျပ်ကြီးထဲမှာ စိတ်ဓာတ်တွေ ယိုင်လဲနေတဲ့အချိန် တရားတော်တွေဟာ စိတ်ရဲ့ကုစားရာတွေပါပဲ။ ဒီတရားတွေကို လေ့လာခွင့်ရတာ ငါကံကောင်းလိုက်တာလို့ အမြဲတမ်းတွေးမိတယ်။ ဘာပဲလုပ်လုပ် လက်လွတ်စပယ် မလုပ်မိအောင် တရားအသိလေးနဲ့ ထိန်းတယ်။ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူး ကြီးမားလှပါပေတယ်။

#လုံမလေးမွန်မွန်

Leave a Reply