+++++++++++++++++++++++++++++

ကျုပ်တို့ တွေးတတ်ကာစ ကတည်းက ကမ္ဘာကြီး ပြားတယ်၊ လုံးတယ် ဆိုတာနဲ့ စပြီး ပြဿနာ တက်ခဲ့ကြတယ်။ စာထဲမှာ သင်ရတာက ကမ္ဘာကြီးဟာ လုံးဝန်းတယ်။ ကျုပ်တို့ မျက်မြင် ကိုယ်တွေ့ တွေ့နေရတာက ကမ္ဘာကြီးက ပြားနေတယ်။ ဒီလို လုံးတယ်၊ ပြားတယ်နဲ့ ပတ်သက်ပြီး ကျုပ် ငယ်ရွယ်စဉ်က စာသင်ကျောင်းမှာ ငလုံး၊ ငပြား ဇာတ်လမ်းတောင် ဖြစ်ခဲ့သေးတယ်။ (ကွန်မန့် 200 – ရရင် ပြောပြမယ်။)

အဓိက ကျုပ် ဆိုလိုချင်တာကတော့ လူတွေဟာ တွေးတတ်လာကတည်းက ပြဿနာနဲ့ တည့်တည့် တိုးတာပဲ။ အတွေး ဆိုတာ ဝင်လာ ကတည်းက ဒွိဟ သံသယနဲ့ စိတ်တွေဟာ ညစ်ထေးလာတယ်။ အတွေး ဆိုတဲ့ နေရာမှာလည်း အမျိုးမျိုး ရှိတယ်။ တချို့က အတွေးကို ရေရှည်ဆွဲမဆန့်ဘူး။ ကိုယ့်အတွေးကို သူများကို ပြောပြတယ်။ အဲ့ဒီ သူများက ဟုတ်သည်ရှိ၊ မဟုတ်သည် ရှိ။ အဲ့ဒါက ဒီလိုကွာ … လို့ .. ပြောလိုက်တာနဲ့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ဟုတ်တယ်ဆိုပြီး လက်ခံလိုက်တယ်။ သူ့စိတ်ထဲမှာ ဒီအတွေးတစ်ခုနဲ့ ပတ်သက်လို့ ရှင်းလင်းသွားတယ်။

အချို့လူများကျပြန်တော့ ဒီလို မဟုတ်ပြန်ဘူး။ ကိုယ့်အတွေးကို သူများကို ချပြတယ်။ စာတွေ လိုက်ဖတ်တယ်။ ထပ်ပြီး တွေးတောတယ်။ ထပ်ပြီး ထပ်ပြီးတော့ တွေးတောတယ်။ သူ့လောက် မသိတဲ့ လူတွေ ကြားထဲမှာတော့ ဒီအတွေးတွေ လျောက်ပြောပြီး ဆရာကြီး ဝင်လုပ်တယ်။ တကယ်တမ်း ပြောရရင် ဒီလိုလူမျိုးတွေကို အတွေးသံသရာထဲ ချာချာလည်နေတဲ့ သနားစဖွယ် လူသားလို့ သတ်မှတ်သင့်တယ်။ အတွေးတွေ၊ ဒီအတွေးတွေက ဆင့်ပွားလာတာတွေကို ဒွိဟ သံသယနဲ့ လိုက်ကြည့်ရင်း ဒီလို လူမျိုးတွေရဲ့ စိတ်ဟာ ညစ်ထေးနေ၊ ပင်ပန်းနေရတတ်တယ်။ ဒီလိုမျိုး မဖြစ်အောင် ရှောင်ကြရမယ်။

လောကကြီးရဲ့ အကိုးကွယ်ခံရမယ့် ပုဂ္ဂိုလ်မျိုးဟာ အတွေးတွေနဲ့ ရှုပ်ထွေး၊ ညစ်ပေ၊ ပင်ပန်း မနေရဘူး။ အမြဲတမ်း ရှင်းလင်း၊ ငြိမ်းအေးနေရမယ်။ ဒီတော့ အတွေးတစ်ခု ဝင်လာပြီဆိုရင် မေး၊ ဖြေတဲ့လူက အိယောင်ဝါး ဖြေဖြေ၊ အတည်ပဲ ဖြေဖြေ၊ ဖြေတဲ့အတိုင်း လက်ခံလိုက်၊ ပြီးရင် အဲ့ဒီ အတွေးကို ထုတ်ပစ်လိုက်။ စိတ်ကို ဟာလာဟင်းလင်း ထားကြ။ အတွေး ဝင်လာတုန်း နီးနီးနားနား မေးစရာ ဘယ်သူမှ မရှိရင် ကိုယ့်ကိုယ်ကိုယ် ကိုယ်ပွားတစ်ယောက်လို သဘောထားပြီး မေး။ ပြီးရင် အဖြေကို လက်ခံပြီး အတွေးကို ထုတ်ပစ်လိုက်။ ဒါမှသာ ညစ်ထေးမှု မရှိဘဲ အစဉ်ငြိမ်းချမ်းနေမှာပါ။

အထက်က ကျုပ် ပြောခဲ့တဲ့ အချက်အလက်တွေကို သနားစဖွယ် လူသားတွေက ဝေဖန်ကြလိမ့်မယ်။ ဒီအခါမှာ ခွင့်လွတ်တတ်ကြရမယ်။ ဒီလို ခွင့်လွတ်တတ်ဖို့ အတွက် နားနှစ်ဖက် ပေးထားတယ်။ မျက်စိ နှစ်လုံး ပေးထားတယ်။ အသံနဲ့ ဝေဖန်ရင် ဒီဘက် နားက ဝင်ပြီး ဟိုဘက်နားက ထုတ်ပစ်ကြရမယ်။ မျက်စိနဲ့ မြင်ရင် မျက်စိ တစ်ဖက်က မြင်ပြီး မျက်စိ တစ်ဖက်က ထုတ်ပစ်ကြရမယ်။ ဝင်လာသမျှ ထွက်ကြရခြင်းဟာ အခြေခံ အကျဆုံး၊ အရိုးရှင်းဆုံး အမှန်တရား တစ်ခုပဲ။

ကျုပ်တို့ မွေးလာတော့ ဘယ်လို မွေးလာကြလဲ။ ကိုယ်တုံးလုံး မွေးလာကြတယ်။ အဝတ် မပါဘူး။ ဒါကို ငြင်းနိုင်လား။ မငြင်းနိုင်ဘူး။ ဒါ ဘာကို ပြတာလဲဆိုရင် အရိုးရှင်းဆုံး အမှန်တရားကို ပြပေးတာ။ ဒါကို သနားစဖွယ် အမျိုးတွေက အဝတ်အထည်တွေနဲ့ ချည်ထုပ်ကြတယ်။ ဖုံးကွယ်ကြတယ်။ ဒါ အမှန်တရား ကွယ်အောင် လုပ်နေကြတာ။ အမှန်တရားကို ရင်မဆိုင်ရဲကြဘူး။ သတ္တိနည်းတဲ့ လူစားမျိုးလို့လည်း ပြောလို့ ရနိုင်တယ်။ ပြောရရင်တော့ အရှည်ကြီးပဲ။

 

“…. အမှန်တရားကို မြတ်နိုးသူ ဖြစ်လိုရင် အဝတ် မဝတ်ရဘူး။ ဒီအတိုင်း ကိုယ်တုံးလုံး နေကြရမယ်။ ….”
ဒီအမှန်တရားကို လက်ခံတယ်ဆိုရင် ကျုပ်ဆီကို အချိန်မရွေး လာနိုင်တယ်။ ဒီထက် မှန်ကန်သော ကျင့်စဉ်များလည်း ရှိတယ်။ ဒီကျင့်စဉ်တွေ ကျင့်ဖို့ အတွက်ဆိုရင်တော့ ပထမဆုံး အခြေခံ အကျဆုံး၊ အရိုးရှင်းဆုံး၊ အဖြူစင်ဆုံးသော တုံးလုံးကျင့်စဉ်နဲ့ စတင်ရမယ်။
+++++++++++++++++++++++++++++

ပုံ/
အမှန်တရား မြတ်နိုးလွန်းသူ
တုံးလုံးဆရာကျော် ရှင်ကြီးအံ

+++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။