ပြောရဦးမယ် ယောင်းမရေ။ ကျမဖြင့် တယောက်တည်း အိပ်ရာထဲမှာ လူးလှိမ့်ရင်း ခံစားခဲ့ရတာ များနေပြီမို့ပါ။ လူဆိုတာ ကိုယ့်ရဲ့ ခံစားချက်တွေကို တယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် ပေါ့သွားတယ် ဆိုတာပြောကြပေမယ့် ကျမတို့လို လူမျိုးတွေရဲ့ စကားကို ဘယ်သူတဦးတယောက်က အရေးတယူ နားထောင်ပေးပါ့မလဲလေ။

ပတ်ဝန်းကျင်က နားမထောင်ပေးတာကို ထားလိုက်ပါဦးတော့ အိမ်က မိသားစုဝင်တွေတောင်မှ ကိုယ့်စကားဆို အဖတ်လုပ်ပြီးတော့ အကောင်းမြင်ပေးတာမျိုးတွေမှ မရှိခဲ့တာပဲ။ အဲဒီအတွက် ယောင်းမကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျမတို့လို ဂျီမတွေရဲ့ ရင်ဖွင့်သံလေးကို မညီးမငြူ နားထောင်ပေး တတ်လွန်းလို့ပါရှင်ရယ်။

ကျမလေ အခုတလော အင်း… အခုတလောဆိုတာထက် ယောင်းမရယ် ရှင်သတိထားမိလားတော့ မသိဘူး။ ကျမနဲ့ တစ်နှစ်ကျော်ကြာအောင် ချစ်သူရည်းစားအဖြစ် ပေါင်းဖက်နေတဲ့ ကျမချစ်သူအကြောင်းကို ပြောပြချင်လွန်းလို့ပါ။ လွန်ခဲ့တဲ့ အပတ်ကပေါ့ရှင်။ သူ ကျမကို ပြောလာတယ်။ သူ့ဘ၀အတွက် မိသားစု တစ်ခုကို တည်ထောင်ပေါင်းဖက်ဖို့ ကောင်မလေးတယောက်ကို ချစ်ကြိုက်မိသွားတယ်တဲ့လေ။

သူက အဲဒီကောင်မလေးကို တကယ်လက်ထပ် ပေါင်းသင်းမှာဆိုပဲ။ ဒါပေမယ့် ဒီစကားကို သူက ကျမကို မပြောခင်မှာ ကတိတောင်းတယ်လေ။ သူပြောမယ့် စကားတစ်ခွန်းကြောင့် သူ့ကို မုန်းသွားတာမျိုးတွေ၊ နာကြည်းသွားတာမျိုးတွေ၊ စိတ်ဆိုးတာမျိုးတွေ မဖြစ်ပါနဲ့တဲ့။ သူ့ခံစားချက်ကို ပြောပြချင်လို့ပါတဲ့လေ။

ယောင်းမရယ်။ ရှင် ကိုယ်ချင်းစာကြည့်စမ်းပါ။ ကိုယ်အသည်းနင့်အောင် ချစ်ရတဲ့သူတယောက်က ဒီလိုစကားမျိုးပြောလာရင် ဘယ်လိုခံစားရမလဲဆိုတာပဲလေ။ သူ အဲဒီလို ပြောလာတဲ့အချိန်မှာ ကျမ ဘယ်လိုတုန့်ပြန်မယ်လို့ ရှင်ထင်လဲ။

ကျမလည်း လူတယောက်၊ ချစ်တတ်တဲ့ ခံစားတတ်တဲ့ အသည်းနှလုံးနဲ့ လူသားတယောက်ပဲလေ။ ဒါပေမယ့် ကျမ သိပ်ဟန်ဆောင်ကောင်းခဲ့တယ် ယောင်းမ။ ကျမ သိပ်ကို ဟန်ဆောင်တတ်ခဲ့တယ်လေ။ ကျမ သူ့ရှေ့မှာ အရမ်းကို သဘောထားကြီးတဲ့ လူတယောက်လို ဟန်ဆောင်ခဲ့ပေမယ့် အခုတော့ ကျမ လူးလှိမ့်အောင် ခံစားနေရတာကို ဘယ်သူသိနိုင်မှာလဲရှင်။

ကျမ တစ်ခု စဉ်းစားမိတယ် သိလား။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကျမတို့ကို မျက်မုန်းကျိုး အမြင်ကတ်ရတဲ့ အချက်တစ်ခုထည်းမှာ ဂျီမတွေ ပွေတာ ရှုပ်တာ ရည်းစားများတာနဲ့ ပတ်သက်ပြီးတော့ပေါ့ရှင်။ ရှင်ရော အဲဒီလို ဂျီမတွေ ရှုပ်တာ ပွေတာ ရည်းစားတွေ ထည်လည်းတွဲနေတာတွေကို ဘယ်လိုမြင်လဲဟင် ယောင်းမ။ ကျမ ရိပ်မိပါတယ်ရှင်။ ဂျီမတွေအကြောင်း နားလည်နေပါတယ်ဆိုတဲ့ ရှင်တောင်မှ “ဟုတ်မှာပေါ့၊ လွယ်လွယ်ရတိုင်း ကိုယ့်ရဲ့ကိုယ့်ကျင့်တရားကို ထိန်းသိမ်းမှုမရှိပဲ ဖြစ်ချင်ရာဖြစ်နေကြတာလေ” ဆိုတာမျိုး ရှင်စဉ်းစားမိတာ မဟုတ်လား။

ရှင် အဲလိုတွေးတာလည်း မမှားပါဘူးရှင်။ ဘာဖြစ်လို့လဲဆိုရင် များသောအားဖြင့် ကျမတို့ တွေ့နေမြင်နေရတဲ့ ကျမတို့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက ဂျီမတော်တော်များများကလည်း ဒီအတိုင်း ဖြစ်နေတာပဲ မဟုတ်လား။

အမှန်တော့ ယောင်းမရယ်။ ဒါတွေကလည်း ပညာရေး၊ တွေးခေါ်စဉ်းစားမှုတွေနဲ့ အများကြီး သက်ဆိုင်တာပေါ့ရှင်။ အတန်းပညာလေးတောင် ပြီးဆုံးအောင် မသင်ခဲ့ရပဲ ငယ်ငယ်လေးကတည်းကနေ လမ်းပေါ်မှာ လွင့်ခဲ့ရတဲ့ ကျမတို့လို့ ဂျီမတွေ ဖြစ်ချင်ရာဖြစ်နေတာ ဂျီမတွေမှာပဲ အပြစ်ရှိတာ မဟုတ်ဘူးလေ။

ရှင်လည်း မြင်ဖူးမှာပါ။ ကျမတို့ ငယ်ငယ်တုန်းက ကျောင်းသွားရင် ကိုယ်ဝတ်ချင်တဲ့ မိန်းကလေး အ၀တ်အစားလေးဝတ်ပြီးသွားကြည့်။ ကျောင်းမရောက်ခင်ကတည်းက သံစုံတီးဝိုင်းနဲ့ သြဘာပေးတာလေးကို ခံရပြီးသားပဲ။ အခုထိတောင် မှတ်မိနေပါသေးတယ် ယောင်းမရယ်။ ကျမဖြင့် ကျောင်းသွားပြီဆို နောက်ကနေ “ ဂန်ဒူး မိန်းမလျာ၊ သုံးဘီးကားနဲ့လာ၊ သုံးဘီးကား ဂီယာထိုး ဂံဒူးအချောင်းကျိုး” ဆိုတာမျိုးတွေကို သံပြိုင်ရွတ်နေကြတာလေ။ အဲလိုမျိုး အချိန်မှာဆိုရင်လေ ကိုယ့်ကိုကိုယ် ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိလောက်အောင်ပဲ ရှက်ရတာပေါ့ရှင်။

ငယ်ငယ်တုန်းကတော့လေ ကိုယ့်ဟာကိုယ် မိန်းကလေးတယောက်လိုပဲ ထင်နေမိတယ်။ မိန်းကလေး အ၀တ်အစားတွေဝတ်၊ သနပ်ခါးလေးကို ဖွေးအောင်လိမ်းပြီးတော့လေ ဆံပင်ရှည်လေးနဲ့ နေချင်တာရှင်။ အခုရော ဘာထူးလဲလို့ ရှင်မေးချင်နေတာ မဟုတ်လား။ စကားမဖြတ်နဲ့ဦး ယောင်းမ။ ကျမ ဆက်ပြောမယ်။

ကိုယ်က မိန်းကလေးတယောက်လိုပဲ ကိုယ့်ကိုကိုယ် ထင်တော့ မိသားစုတွေ ဘယ်လောက်တားတား တားတဲ့ကြားကကိုပဲ မိန်းကလေးတယောက်လို ၀တ်စားနေတယ်လေ။ ညီအစ်ကို မောင်နှမတွေကတော့ ပြောတာပေါ့ရှင်။ နင့်ကြောင့် ပတ်ဝန်းကျင်မှာ အရှက်ရတဲ့အကြောင်း၊ မျက်နှာမပြရဲတဲ့ အကြောင်း။ နောက်ဆုံး သူတို့က ကျမကို ပုံစံပြောင်းပေးကြတယ်ဆိုပြီးတော့ ထိုးတာကြိတ်တာ ကိုယ်ထိလက်ရောက်တွေပါ လုပ်ကြတာ ယောင်းမ။

ထားလိုက်ပါတော့ရှင်။ ပြောရရင် အရှည်ကြီးပဲ။ ပြောလို့တောင် ကုန်မှာ မဟုတ်ဘူး။ ရှင်သုပ်တဲ့ လက်ဖက်က ကျမ စားဖူးတဲ့ လက်ဖက်ထဲမှာ အကောင်းဆုံးပဲ ယောင်းမ။ လုပ်ပါဦး။ ရေနွေးပန်ကန်လေးလည်း ထိုးပေးပါဦး ကျမကို။ ရှင်လည်းစားလေ။

ဟင်… ပြောရင်းနဲ့ စကားတောင် ပြတ်သွားပြီ။ ဘယ်ရောက်သွားပြီလဲ ကျမပြောနေတာ။ အော်… ဟုတ်ပြီ ကျေးဇူးယောင်းမ။ ရှင်ကလေ သိပ်ကို ချစ်ဖို့ကောင်းတဲ့ ယောင်းမပါတော်။ ကျမပြောနေတာတွေကို စိတ်ဝင်တစား နားထောင်ပေးတတ်လွန်းလို့။

ကျောင်းမှာကိစ္စကိုပဲ ဆက်ပြောရဦးမယ်။ ကျောင်းမှာလေ အခြောက်မဆိုရင် ထိုင်ခုံနေရာကအစ ဒုက္ခရောက်တယ်ရှင့်။ ကိုယ်က မိန်းကလေး အ၀တ်အစားတွေနဲ့ဆိုတော့ ယောက်ျားလေးတန်းထဲမှာ ဘယ်ထိုင်ချင်ပါ့မလဲရှင်။ ဒီတော့ မိန်းကလေးတန်းမှာပဲ ၀င်ထိုင်တာပေါ့။

အောင်မယ်လေးရှင်။ အဲဒီ မိန်းမဆိုတဲ့ စပိမတွေကလည်း မပြောချင်ပါဘူး။ တကတဲ ကိုယ်လာထိုင်တာကိုများ သူတို့တွေကိုပဲ ကိုက်စားမယ့်အတိုင်းပဲရှင် ဖြစ်နေလိုက်ကြတာ။ ယောက်ျားတွေဖက်မှာတော့ ထိုင်ဖို့တောင် ကိုယ်က စိတ်ကူးခဲ့တာ မဟုတ်ဘူးလေ။

အလယ်တန်းလောက် ရောက်လာတဲ့အချိန်မှာဆိုရင် အဲဒီထိုင်ခုံပြဿနာက ရှင်မကြုံဖူးဘူးဆိုရင်တော့ ကိစ္စသေးသေးလို့လို့ ထင်ကောင်းထင်မယ် ယောင်းမ။ ဒါပေမယ့် ကျမတို့အတွက်တော့ အဲဒါ ပြဿနာကြီးပဲ။ ထိုင်ခုံမရှိပဲ ကျောင်းမှာ ဘယ်လိုလုပ် စာသင်မလဲယောင်းမ။ နောက်ဆုံးတော့လေ ကျမ ဘယ်နေရာမှာ ထိုင်ရလဲသိလား။ ယောက်ျားလေးလည်း မလိုချင် မိန်းကလေးတွေလည်း မလိုချင်တဲ့ ကျမက အတန်းရဲ့ ထောင့်ဆုံးက အမှိုက်ပုံးနားက ခုံမှာ ထိုင်ရတာပါတော်။ ဆရာမကိုယ်တိုင် နောက်ဆုံး နေရာချထားပေးလိုက်တာလေ။

ဒီအကြောင်းတွေကို ပြန်စဉ်းစားမိရင် ကျမ ဘယ်သူ့ကို မုန်းတီးလို့ မုန်းတီးမိမှန်း မသိပါဘူး ယောင်းမရယ်။ နာကြည်းမိတာတော့ အမှန်ပဲ။ ကျမအတွက် ကျောင်းပညာရေးဟာ မအပ်စပ်ဘူးလို့ ထင်လာတဲ့ မကြာလိုက်တဲ့အချိန်မှာပဲ ကျမ ကျောင်းကနေထွက်ခဲ့တယ်လေ ယောင်းမ။ ကျမ ကျောင်းကထွက်တဲ့အချိန်ဟာ တွေးခေါ်မှုဆိုတာ ဘာမှန်းတောင် မသိတဲ့အရွယ်ပေါ့ရှင်။

ကျောင်းထွက်တော့ အလုပ်လုပ်ရတော့မယ်လေ။ အိမ်က လုပ်ငန်းတွေကလည်း လယ်ယာစိုက်ပျိုးရေး၊ မိသားစုဝင်တွေက ကျောင်းမနေချင်ဘူးဆိုရင် လယ်ထွန်ရမယ်တဲ့လေ။ ကောက်စိုက်တာကိုတော့ လုပ်ချင်ပါတယ် ယောင်းမရယ်။ ဒါပေမယ့် ထွန်တုံးကြီးကို မောင်းပြီးတော့ ဟဲ့ နွား ဟဲ့ နွား ဆိုပြီးတော့ မာန်ဖိပြီး ယောက်ျားတယောက်လို လုပ်ခိုင်းတာကိုတော့ မခံနိုင်ပေါင်ရှင်။ ဒီတော့ နောက်ဆုံး ဂျီမ လမ်းပေါ်ရောက်ပေါ့။

ကဲ… ရှင် စဉ်းစားကြည့်။ ကျမ လမ်းပေါ်ရောက်ပြီဆိုတာနဲ့ ကျမ ဘာလုပ်တော့မယ်လို့ ရှင်ထင်လဲ။ ဂျီမ တယောက်အတွက် နဂိုကတည်းက ၀မ်းတွင်းတက်လို ပါလာပြီးသား မိတ်ကပ် ဆံပင်ညှပ် ဖက်ကို ရောက်ပြီပေါ့။ အောင်မယ်လေး အဲဒီမှာတင် ကျမ၊ ကျမလိုပဲ အပေါင်းအသင်းတွေ အများကြီးနဲ့ ဘ၀မှာ လွတ်လပ်တော့တယ်တော်။

အပြင်ထွက်ရင်လဲ ဂျီမတသိုက် အော်ကြီးဟစ်ကျယ်နဲ့ တွေ့တဲ့ယောက်ျားတိုင်းကို ငမ်းတော့တာပေါ့ရှင်။ တွေ့တဲ့ယောက်ျားတိုင်းနဲ့ လိင်ဆက်ဆံဖို့လည်း ၀န်မလေးတော့ဘူးလေ။ ဖြစ်ချင်ရာဖြစ် လူတွေ မလိုမုန်းထား မုန်းတီးနေတဲ့ ဘ၀ကြီးတစ်ခုလုံးကို ပေါ်ပေါ်ထင်ထင်ကြီး ခံယူလိုက်ပြီတဲ့ ဂျီမတယောက်ရဲ့ ဘ၀အတွက်က နောက်ဖြစ်လာမယ့် အမှုတွေလောက်ကတော့ ဘာမှုစရာလိုတော့လို့လဲ ယောင်းမရယ်။

ကျမအတွက် မိတ်ကပ် ဆံပင် ပညာမှာတော့ တက်ကျွမ်းလာသလောက် ကိုယ်အမူအယာပိုင်းမှာတော့ လူအမြင်ကတ်စရာ ကောင်းနေမှန်းကို သတိမထားမိတော့ဘူးလေ။ ကိုယ်လုပ်ချင်တာပဲ ကိုယ်သိတယ်။ သူတပါးတွေ ဘယ်လိုနေထိုင်လဲ ဘယ်လိုပြုမူလဲဆိုတာတွေ မသိတော့ဘူး။ စိတ်လည်း မ၀င်စားတော့ဘူး။ လူမြင်ကွင်းတို့လို လူစည်းကားတဲ့နေရာတွေမျိုးမှာ အော်ကြီးဟစ်ကျယ်နဲ့ ကိုယ်ဂျီမတယောက်ဖြစ်ကြောင်းကို လူတွေ ယောက်ျားတွေ သတိထားမိလာအောင် လုပ်မယ်။ ယောက်ျားတွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်မယ်။

ယောက်ျားတယောက်က ဂျီမတွေရဲ့ အလယ်မှာ ကိုယ့်ကို လာချည်းကပ်ပြီ ကိုယ့်နောက်ပါလာပြီဆိုရင် ဒါ ကျမရဲ့ အောင်မြင်မှု သရဖူဆောင်းတာပဲပေါ့ရှင်။ အဲလိုအချိန်တွေမှာ ကျမအနေနဲ့ ဘယ်လောက် ဂုဏ်ယူနေမယ်ထင်လဲ။ ရှင် စဉ်းစားကြည့်ပေါ့။

ကဲ… ယောင်းမ။ ကျမ ပြောနေတဲ့ စကားတွေက တောင်ရောက် မြောက်ရောက်နဲ့ ဦးတည်ချက် မရှိတော့ဘူး။ ရှင်ကလည်း ကျမကို မပြောဘူးဆိုတော့ ကျမလည်း ပြောချင်ဇော်ကကြီးတာနဲ့ လိုရင်းမရောက်တော့ဘူး။ ကျမ အခုပြောချင်တာက ကျမကိုလေ လူအုပ်ကြားထဲမှာ ဘာဖြစ်လို့ ဂျီမတွေက တလင်တမယား စနစ်ကို မကျင့်သုံးချင်တာလဲ ဆိုပြီးတော့ ၀ုန်းခံလိုက်ရတာနဲ့ ကျမ ချစ်တဲ့သူတယောက်က တခြားကောင်မလေးကို ချစ်တယ်လို့ ပြောလာတာကို ကျမ မချိအောင် ခံစားရလွန်းလို့ ရင်ဖွင့်ချင်တာပါရှင်။

အမှန်တော့ ယောင်းမရယ်။ ကျမတို့လည်း သိပ်ပြီးတော့ကိုမှ တလင်တမယား စနစ်ဆိုတာကြီးကို ကျင့်သုံးချင်တာပါရှင်။ ယောက်ျားတယောက်ကိုလေ ကျမတို့က ချစ်မိပြီဆိုရင် ကိုယ့်မှာရှိတာတွေ ကုန်ချင်ကုန်သွားပါစေ အကုန်ပုံအောပြီးကို ချစ်တတ်ကြတာပါရှင်။ အဲဒီအချစ်တွေထဲမှာလည်းလေ ယောက်ျားဆီက ဘာပြန်ရပါစေဆိုပြီးတော့ မျှော်မှန်းခဲ့တာမျိုးလည်း ကျမမှာ မရှိပါဘူး ယောင်းမရယ်။ အချစ်တစ်ခုတည်း။ ကိုယ့်ကို မယားမှတ်မှတ် ချစ်သူမှတ်မှတ်နဲ့ ပေါင်းဖက်တာလေး တစ်ခုတည်းကိုပဲ လိုချင်ခဲ့တာပါ။

ပြီးတော့လေ ဂျီမတယောက်အဖို့ ယောက်ျားတယောက်နဲ့ ပေါင်းဖက်ပြီးတော့ အတူပေါင်းသင်း နေတယ်ပဲထား။ ရှင် ကြည့်လေ။ ဒီတယောက်မတိုင်ခင် အရင်ကကျမနဲ့ ၆နှစ်လောက် အတူပေါင်းခဲ့တဲ့ ယောက်ျားတောင်မှ ဘယ်လို ထားခဲ့လဲဆိုတာ။ ကျမထက်သာတဲ့သူကို တွေ့တာနဲ့ ပြောင်းလဲသွားခဲ့ကြတဲ့ ဟာတွေလေ။ ကျမ ဆင်မြန်းထားခဲ့တာတွေကိုလည်း အကုန်လုံး ယူသွားခဲ့သေးတယ်လေ။ ကဲ… အဲလိုမျိုး အခြေအနေတွေမှာ ကျမတို့အနေနဲ့က ဘာလုပ်ရမှာလဲ။ ကျမတို့ မကျေနပ်လို့ဆိုပြီးတော့ ဘယ်သူ့ကို သွားတိုင်ရမှာလဲ။ ဘယ်သူကရော ကျမတို့အတွက် အမှုအမှန်တွေကို လုပ်ဆောင်ပေးမှာလဲ။ ရှင် ကြည့်စမ်းပါ ယောင်းမ။

အမှတ်မရှိတဲ့ ဒီ အသည်းနှလုံးက နောက်ထပ်တခါ အချစ်ဆိုတာ ပြန်ပေါ်လာပြန်တော့လည်း မထူးပြန်ပါဘူး ယောင်းမရယ်။ ကျမတို့ရဲ့ အချစ်ကံဇာတက မျက်နှာသာ မပေးတာပဲ ဖြစ်မှာပါ။ အခုလည်း ကျမ ချစ်မိရတဲ့ ချစ်သူတယောက်က သူ့မှာ မိသားစုဘ၀ ထူထောင်ဖို့အတွက် ချစ်ရတဲ့သူတယောက် ရှိလာပြီလို့ ပြောလာတော့ ကျမအနေနဲ့ ယောက်ျားကိုပဲ အပြစ်တင်မလား၊ သူချစ်တဲ့ မိန်းကလေးကိုပဲ သွားပြီးတော့ပဲ ရန်ဖြစ်ရမလား။ ကျမကိုကျမပဲ မုန်းတီးရမလား။ ကျမ ဘာလုပ်ရမှန်းကို မသိတော့လောက်အောင်ပါပဲရှင်။

သူက ပြောသေးတယ်လေ။ ကျမက သူ့ကို ကလေးမမွေးပေးနိုင်လို့ပါတဲ့။ အဲဒီစကားလုံးက ကျမအတွက် ၀မ်းအနည်းဆုံးသော ကျမခံစားရဆုံး စကားလုံးပါပဲ ယောင်းမရယ်။ အမှန်တကယ်လည်း ကျမက သူ့ရင်သွေးဆိုတာကို ၀မ်းနဲ့လွယ်ပြီးမှ မမွေးပေးနိုင်ခဲ့တာပဲ။

ဒါဆို ကျမက အသုံးချခံသက်သက်ပေါ့ အဲလိုလား ယောင်းမ။ ဒီလိုမျိုးတွေနဲ့ပဲ ယောက်ျားတွေ ထားထားသွားတဲ့ ကျမက အချစ်သစ်တွေ တဖန်ပြန်ပြန်ပြီးတော့ ရှာရတာ ကျမ မျက်နှာများလို့လား။ ကျမရှုပ်ပွေချင်လို့လား။

နောက်ဆုံးတော့လည်း မည်သို့မင်ဆိုစေကာမူ ယောင်းမရယ်၊ ဥပဒေရဲ့ အကာကွယ်ပေးခံရတဲ့ အပိုင်းမှာလည်းမရှိ၊ ပတ်ဝန်းကျင်ကလည်း လက်ခံဖို့မလွယ်ကူနိုင်၊ ပညာရေး ကျန်းမာရေး အရာရာမှာ အားနည်းခဲ့ရတဲ့ ကျမတို့ ဂျီမဘ၀တွေကို စားနာပေးတတ်ပြီး ကျမတို့ရဲ့ ရင်ထဲက အသံလေးတွေကို နားထောင်ပေးတတ်တဲ့ ရှင်တို့တွေကိုပဲ ကျေးဇူးအထူးတင်ပါတယ်ရှင်။

မည်သို့ပင် ဆိုစေကာမူ ကျမတို့မှာလည်း ချစ်တတ်တဲ့ အသည်းနှလုံးရှိတယ်။ အရှက်တရားတွေ အကြောက်တရားတွေ ရှိတယ်။ အထီးကျန်မှု ၀မ်းနည်းအားငယ်မှုတွေ ရှိတယ်။ တခါတလေမှာ အင်အားဆုတ်ယုတ်လာတာတွေ ရှိတယ်။ လူတွေပေးတဲ့ မေတ္တာတရားကို ငတ်မွတ်တတ်တယ်။ ငယ်ငယ်ကတည်းက မရရှိခဲ့တဲ့ မိသားစုရဲ့ ကိုယ့်အပေါ်မှာ နားလည်လက်ခံပေးတတ်မှုတွေ မေတ္တာတရားတွေကို အမြဲတမ်း ငတ်မွတ်ခဲ့တာပါ ယောင်းမရယ်။

ကဲ ကဲ… ပြောနေရင် ပြောစရာတွေက ကုန်မှာကို မဟုတ်ဘူး။ တဘ၀လုံးစာ တသက်လုံးစာ ဖြတ်သန်းလာခဲ့ရတဲ့ အကြောင်းအရာတွေက များမှများပဲ။ ရှင်လည်း လုပ်စရာရှိတာလုပ်ဦး။ ကျမလည်း ပြန်လိုက်ဦးမယ်။ ရှင့်မှာလည်းနော်… နားလည်းထောင်ပေးရသေးတယ်။ လက်ဖက်သုပ်၊ သရက်သီးအချဉ်သုပ်လေးနဲ့လည်း ဧည့်ခံရသေးတယ်။ အားလည်းနားတယ်၊ ချစ်လည်းချစ်တယ် ယောင်းမရေ။ ကျမ သွားပြီနော်။

ဖြိုးသစ်လူ

557653_622093484490768_879206009_n

 

About

has written 3 post in this Website..