ကိုယ်တို့ဆီကလူတွေမလည်း မင်းသားများ ရိုက်ရက်ချိတ်သလို ပြက္ခဒိန်တစ်စောင်လုံး လိပ်ပတ်လည်အောင် အထိမ်းအမှတ်တွေ တစ်ခုပြီးတစ်ခု မုဒ်သွင်းနေကြရတာ တော်တော်မောလောက်ရော့မယ်။ ပြည်ထောင်စုနေ့လွန်တာနဲ့ ဟတ်ပီးဗိုလ်ချုပ်ဘတ်ဒေးလုပ်တာ ရက်တောင်မဆိုင်းဘူး။ နောက်နေ့ကျ ဗယ်လင်တိုင်းဖို့အသင့်ပဲ။ ကိုယ်လည်းပဲ တတ်နိုင်သလောက်တော့ ဒယောသောပါး မှီအောင်လိုက်တာပါပဲ။ တခါတခါတော့ အလုပ်များနေတာနဲ့ ဘာတစ်ခုမှ မှတ်မှတ်ရရ မရေးဖြစ်တဲ့အခါ တစ်ခုခုဖတ်ရနိုးနဲ့ စောင့်နေတဲ့သူတွေကို အားနာမိပြန်ပါရော။ အခုဆိုရင် ရှစ်လေးလုံးကို တော်တော်လေးတောင် လွန်သွားပြီမို့ ခုခါမှ မှတ်စုအပုတ်အသိုးကြီး လာတင်နေတယ် ထင်နေပါဦးမယ်။ ဒါပေမယ့် ရေးဖြစ်အောင်တော့ ရေးလိုက်ချင်သေးတာဗျ။ ကိုယ့်အလိုအရဆိုရင်တော့ သည် ရှစ်လေးလုံးကိစ္စဆိုတာ တစ်နှစ်တစ်ခါ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးများလို ဝှူးကနဲမှုတ် ဟုတ်ကနဲငြိမ်းမသွားစေချင်ပါဘူး။ မပြီးနိုင်မစီးနိုင် မီးထိုင်ရှို့နေရမယ်လို့တော့ မဆိုလိုဘူးပေါ့။ ဒါပေမယ့် အဲဒီဖြစ်ရပ်ကနေ သင်ခန်းစာကလေးများ ရယူနိုင်မယ်ဆိုရင် အရေအတွက် အတိအကျသိဖို့ခက်တဲ့ အသက်ဆုံးရှုံးသွားရှာသူတွေအတွက် အချည်းနှီး အကျိုးမဲ့မဖြစ်စေဘူးလို့ ဖြေသိမ့်နိုင်မယ် မဟုတ်လား။ ၂၅ နှစ်တောင် ကြာခဲ့ပြီဆိုတော့ နည်းတဲ့နှစ်တွေလား။ အသက် ၃ဝ အောက်ကလေးတွေ ဘယ်လိုမှ မမှတ်မိနိုင် မသိမှီနိုင်တဲ့အကြောင်းအရာတွေကို ကိုယ်တွေကတော့ ကိုယ်တွေ့မျက်မြင် ကြုံတွေ့လာသူတစ်ယောက်အနေနဲ့ ကိုယ့်အသိကိုယ့်အမြင်ကို ပြန်လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိတယ်လို့ တွေးမိလာပါတယ်။ ဘာဖြစ်လို့ဆိုတော့ အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကလေးမလေးတစ်ယောက်က သူ့ထက်စီနီယာမမတစ်ယောက်ကို အော်ကျယ်ဟစ်ကျယ်မေးနေတာကို နားနဲ့ဆတ်ဆတ် ကြားလိုက်မိလို့ပါပဲ။ “အမ အမ။ ရှစ်လေးလုံးဆိုတာ ဘာလဲ ဟင်။” တဲ့။ အလကားနေရင်း မဆီမဆိုင် ဒေါသတကြီးနဲ့ “ဟဲ့ … နင် ဗမာ မဟုတ်ဘူးလား။ ဗမာပြည်မှာ နေနေတယ် မဟုတ်ဘူးလား။” လို့ မေးလိုက်ချင်ပေမယ့် သူ့စီနီယာက ပြန်ရှင်းပြတဲ့အခါ “ဪ သိပြီ။ သိပြီ။” ဆိုတော့မှ အင်းပေါ့လေ။ သူတို့အသက်အရွယ်နဲ့ဆိုတော့ သူများပြောစကား တဆင့်ကြားရတာ မယုံရင် ပုံပြင်မှတ်ဆိုသလိုပဲ လွယ်လွယ်ကြားလိုက်မိပြီး သည်ဘက်နားကဝင် ဟိုဘက်နားကထွက်သွားမှာပဲ။ ဒီလိုဆိုတော့လည်း ကျွဲမြီးမတိုတော့ပါဘူးလေ။ မသိမမှီလိုက်သူ မောင်နှမလေးများအတွက် ဦးဦး ပုံပြောမယ် လုပ်ရသေးတာပ နော့။

ရှစ်လေးလုံးနဲ့ ပတ်သက်ပြီး ဘာတွေကို အမှတ်ရသလဲဆိုတော့ ကာလယန္တယားကြီး နောက်ပြန်လှည့်ပြီး လွန်ခဲ့သော ၂၅ နှစ်ကာလကို ပြန်သွားရမှာပေါ့လေ။ စဉ်းစားစမ်း ကိုရင်။ စဉ်းစားစမ်းပါဦး။ လွန်ခဲ့တဲ့ ၂၅ နှစ်မှာ ခင်ဗျား ဘာတွေကို မှတ်မိသတုန်း။ ကျွန်တော်လား။ အဲ့တုန်းက လူပျိုလေ။ အရွယ်တော် နှစ်ဆယ်ကျော်ကလေး။ ရုပ်ကလေးကလည်း ခုထက်အများကြီး ချောရုံတင်ဘယ်ကမလဲ အုအက်နုဖတ်နေတာပေါ့။ ဆေးကျောင်းတက်တုန်းတန်းလန်း၊ သူငယ်ချင်းပေါင်းများစွာ၊ အီစီကလီဗွက်ပေါက်၊ ရည်းစားလေးမတောက်တခေါက် ထားစအရွယ်လေ။ အဲဒါ သူငယ်ပြန်ခြင်းရဲ့အစလို့ ခေါ်တယ်ဗျ။ ဘယ်သူမဆို အသက်ကြီးလာတဲ့အခါ ရှေးဖြစ်နောက်ကြောင်း ပြန်စဉ်းစားရင် “တို့ငယ်ငယ်တုန်းကများဆို …” နဲ့ တာထွက်တယ်။ မယုံမရှိနဲ့။ ဒါပေမယ့် တကယ်တမ်း ပြောချင်တာက အဲသည်အချိန်တုန်းက ကိုယ့်လို အညွန့်အဖူး ကွေးလေးနုနယ်ကျောင်းသားကလေးတွေ တော်တော်များများဟာ ငယ်ဘဝ၊ ပျော်စရာတက္ကသိုလ်ပတ်ဝန်းကျင် နဲ့ မိသားစုအနာဂတ်တွေကိုပါ ပန်းညွန့်ညှာကြွေ အဖျက်ဆီးခံခဲ့ရတယ်။ ကိုယ့်မိဘထက်ကြီးတဲ့ ရာထူးစည်းစိမ် အာဏာလက်ရှိ လူကြီးတချို့က သူတို့နေရာကို လုယူလိမ့်နိုးနိုး စိုးရိမ်စိတ်တွေနဲ့ အပူတပြင်းနှိမ်နှင်းလို့ တချို့လည်း အသက်ဆုံးရတယ်။ တချို့လည်း မသေမရှင် အနာဂတ်တွေပျောက်ပြီး အုတ်တံတိုင်းတွေအထဲ ရောက်သွားတယ်။ တချို့ကျတော့ ရပ်ဝေးမြေခြား ထွက်ပြေးခိုလှုံကြရတယ်။ အနည်းဆုံးတော့ သူတို့အားလုံး အေးအေးချမ်းချမ်း ခိုလှုံနေကြတဲ့ မိဘရင်ခွင်၊ ဆရာ့ရင်ငွေ့ အကုန်ပျောက်ခြင်းမလှပျောက်ပြီး ကန္တာရထဲရောက်သွားတဲ့ ကြာဖူးလေးများလို အငုံကြွေကြွေကြရတယ်။

တကယ်တော့ ရှစ်လေးလုံးဆိုတာကြီးဟာ ဗြုန်းဆို မိုးပေါ်ကကျလာသလို အဲသည်နေ့ကျမှ နက္ခတ်အချိန်အခါတွေ တိုက်ဆိုင်ပြီး ဘွားကနဲပေါ်လာတာ မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက သမိုင်းသင်တဲ့အခါ ကျက်ခဲ့ဖူးတဲ့ ကမာ္ဘစစ်ဖြစ်ခြင်းအကြောင်းရင်းများလိုပဲ။ အခြေခံအကြောင်းရင်း လတ်တလော အကြောင်းရင်းတွေ ရှိတယ်။ ၈၈ဆိုတဲ့ သက္ကရာဇ်ဟာ ဦးနေဝင်းကြီးကိုမှ ဩဇာတက္ကိမ ညှိုးမှိန်စေတာ မဟုတ်ဘူး။ မြန်မာတစ်ပြည်လုံး စီးပွားရေးတွေ ကျဆင်းနေပြီ။ လူတော်တော်များများက အဲဒါ ဦးနေဝင်းကြီး ညံ့လို့။ သူ အသုံးမကျလို့။ တိုင်းပြည်ဘဏ္ဍာတွေကို သူ့ကိုယ်ကျိုးအတွက် သုံးဖြုန်းနေလို့ လို့ ထင်ကြတယ်။ ဒါပေမယ့် လူတွေထင်သလောက်တော့ မဟုတ်ပါဘူး။ အဲဒီအချိန်အခါက သူ့သမီးပိုင်တဲ့ နဝရတ်ဟိုတယ်ဆိုတာ မြန်မာပြည်မှာ အကောင်းဆုံးဟိုတယ်ပဲ။ အခု သမိုင်းလမ်းဆုံနားက ဖို့ဒ်ကားကုမ္ပဏီအရောင်းပြခန်း ဖွင့်ထားတဲ့နေရာမှာ ရှိတယ်။ အဲဒါကြီးက အခု ထရိတ်ဒါး၊ ဆီဒိုးနား၊ ပတ်ခ်ရွိုင်ရယ်နဲ့ ယှဉ်လိုက်ရင် တဲပုတ်သာသာပဲ ရှိမယ်။ ဂျပန်ဆေးရုံလို့ခေါ်တဲ့ ဆေးရုံသစ်ကြီးမှာ ဂျူတီဆင်းတဲ့ သမီးတော် မမကြေးကိုလည်း မြင်ဖူးတယ်။ သူပန်ထားတဲ့ စိန်နားကပ်ဟာ ခင်ဗျားတို့ကြည့်ဖူးတဲ့ မင်္ဂလာဆောင်အခွေထဲက စိန်တွေနဲ့သွားနှိုင်းရင် အမှုန်အမွှားလောက်ပဲ ရှိမယ်။ မဆလခေတ်တုန်းက ထိပ်ထိပ်ကြဲလူကြီးများဟာ အခုခေတ်လို အိမ်ပေါင်းများစွာ၊ ကားပေါင်းများစွာ၊ မယားငယ်ပေါင်းများစွာ မရှိဘူး။ ဘယ်မင်းသမီးကြီးငယ်ကိုမှလည်း ဝိုင်းပြီး စပွန်ဆာ မပေးနိုင်ကြဘူး။ မြန်မာပြည်မှာ အလှဆုံးဆိုတဲ့ ခင်သန်းနုကိုလိုချင်ရင် ဗိုလ်ချုပ်ကိုယ်တိုင်က အင်းယားလိပ်မှာ စုလျားရစ်ပတ် လက်ထပ်ယူရတယ်။ အစိုးရအရာရှိကြီးတွေဟာ မိန်းမကိစ္စ နံမယ်ထွက်လာရင် “အဘိုးကြီးသိလို့ကတော့ ပြုတ်ပြီသာမှတ်” ဆိုပြီး တအားကြောက်ရတာကိုး။ (အဘိုးကြီး ယူတာတွေကိုတော့ ဘယ်သူမှ မပြောရဲဘူးပေါ့လေ) သည်ကနေ့ခေတ်မှာ ခင်ဗျားတို့ ကိုယ်တိုင်မြင်တွေ့နေရတဲ့ အနေအစားမျိုးတွေနဲ့တောင်မှ ကျုပ်တို့မြန်မာပြည်ကြီး ခွက်မဆွဲရသေးဘူးဆိုရင် မဆလခေတ်က လူကြီးတွေဘုံးတာလောက်တော့ ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး။

အဘိုးကြီးကို ကြောက်လို့ မဟုတ်တာမလုပ်ရဲတာက ကိစ္စမရှိဘူးဗျ။ အဘိုးကြီးကို ကြောက်ပြီး ဟုတ်တာတွေလည်း ဘာတစ်ခုမှ မလုပ်ရဲကြတာကသာ ဆိုးတာ။ အဘိုးကြီးသိသွားရင် မိုးမီးလောင်လိမ့်မယ်ဆိုတဲ့ ကိစ္စတိုင်းကို အဘိုးကြီးမသိအောင် ဖုံးကြဖိကြတော့ အောက်လူတွေတော်လေလေ အဘိုးကြီးခမျာ ဘာမှအမှန်အတိုင်းမသိတော့ပဲ သူ့ဘာသူ အဟုတ်ကြီးမှတ်သွားလေ ဖြစ်ကုန်ရော။ လှေနစ်တော့မယ်လို့ အဘိုးကြီးသိတဲ့အချိန်မှာ သူလည်းတတ်သမျှမှတ်သမျှ ရမ်းသမ်းလှော်တော့တယ်။ ငွေကြေးဖောင်းပွမှုကိုလျှော့ဖို့ ငွေစက္ကူတွေကို တရားမဝင်ကြော်ငြာတယ်။ ဒါပေမယ့် အဲဒီဆေးမြီးတိုက မတိုးတော့ဘူး။ တစ်ခွက်နဲ့ မရရင် နှစ်ခွက်တိုက်မယ်ကွာ ဆိုပြီး ဒုတိယအကြိမ်မြောက် ငွေတွေ သိမ်းတဲ့အခါမှာတော့ တိုင်းသူပြည်သားထဲမှာ သူ့ကိုထောက်ခံတဲ့သူ တော်တော်ရှားသွားပြီ။ ကြောက်လို့သာ မပြောရဲတာ စိတ်ထဲကတော့ ကျိန်ဆဲကုန်ပြီ။

မြွေဆိပ်ဖြေဆေးကို ကြို့ကုန်းမှာထုတ်ပေမယ့် အဘိုးကြီးကို မြွေကိုက်သွားတာလည်း အဲဒီကြို့ကုန်းထဲကပါပဲ။ လက်ဘက်ရည်ဆိုင်မှာ ကက်ဆက်ခွေလုဖွင့်ခိုင်းရင်းနဲ့ ကြို့ကုန်းအနောက်ရပ်ကွက်မှာ အရပ်သားတွေနဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ရန်ဖြစ်ကြတယ်။ ရဲ နဲ့ ဝင်ရှင်းတယ်။ မရဘူး။ ဒီအခါမှာ အဘိုးကြီးဆီက အနာဟောင်းပြန်ပေါ်လာတယ်။ မြန်မာတပြည်လုံးမှာ အဘိုးကြီးကို ကဏ္ဍကောစလုပ်ရဲတာ ကျောင်းသားကလွဲရင် မရှိဘူး။ သူတက်လာကစကတည်းက ကျောင်းသားဆီကမီးကိုငြိမ်းအောင် သမဂ္ဂအဆောက်အဦကို ဗုံးနဲ့ခွဲရှင်းခဲ့ဖူးတယ်။ အခုလည်း လိုအပ်လာရင် ထပ်မရှင်းရဲစရာ မရှိဘူး။ ဒါကြောင့် ညကြီးမင်းကြီး စက်မှုတက္ကသိုလ်ဝင်းထဲကို စစ်တပ်နဲ့ဝင်စီးပြီး ပွဲသိမ်းတယ်။ ကျောင်းသားတချို့ ဒဏ်ရာရတယ်။ ဘုန်းမော် လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက် သေသွားတယ်။ (တကယ်တော့ တစ်ယောက်မကပါဘူး။ ဘုန်းမော်တစ်ယောက်ပဲ လူသိရှင်ကြားဖြစ်တာက သူ့အလောင်းက ကျောင်းသားလက်ထဲမှာမို့လို့ ကျောင်းသားတွေဘက်က ဈာပနလုပ်တာကို စစ်တပ်ကလာပြန်သိမ်းရတာကြောင့်ပါ) အဲသလို အခါခါ နားရွက်တံတွေးဆွတ်တဲ့ သူ့ကို ကျောင်းသားတွေဘက်က ကမာ္ဘမကျေဘူး ဖြစ်ရတယ်။

အဲဒီအချိန်က လူကြီးသားဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်က ပြောတဲ့စကားကို အခုအချိန်မှာ ပြန်ချေပချင်ပါတယ်။ “မင်းတို့က ဘုမသိဘမသိ သေနတ်မှန်သေတဲ့လူတစ်ယောက်ကို အတင်းအာဇာနည်အဖြစ် သူရဲကောင်းမွေးနေတယ်။ သူ့မှာဖြင့် ဘာခံယူချက်မှ ရှိမှာ မဟုတ်ဘူး” တဲ့။ အမှန်ကတော့ အဲဒီစကားကို ပြောတဲ့သူမှာ ကျောင်းသားစိတ်ဓါတ် ရှိမနေတာပါ။ တကယ်တော့ ဘုန်းမော်ကို အာဇာနည်တင်တယ်ဆိုတာ ကိုဘုန်းမော်က တိုင်းပြည်အတွက် ဘာတွေကိုယ်ကျိုးစွန့်သွားတယ် စသည်ဖြင့် ပုဂ္ဂလဒိဋ္ဌာန်နဲ့ ဟီးရိုးရှာတာ မဟုတ်ပါဘူး။ လက်နက်မပါတဲ့ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်နှိမ်နှင်းလို့ အသက်စွန့်သွားရသူ ကျောင်းသားတစ်ဦးအဖြစ်နဲ့ အမြဲတမ်း အမှတ်တရ ရှိနေအောင် ဘုန်းမော်ကို အာဇာနည်တပ်ပါတယ်။ အာဇာနည်နေ့လို့ ပြောရင် ဗိုလ်ချုပ်နဲ့ ကျဆုံးလေပြီးသောခေါင်းဆောင်များမှာ ရဲဘော်မောင်ထွေးပါမချန် အလေးပြုသလိုပဲ ဘုန်းမော်ကို အလေးအမြတ်ထားတာဟာ ကျောင်းသားတွေအရေးမှာ အသက်ပေးသွားရသူတွေအားလုံးကို ကိုယ်စားပြုရည်ညွှန်းပါတယ်။

ကွဲသွားပြီးတဲ့အိုးကို အစအနကောက်ပြန်ဆက်လို့ မရသလိုပဲ အဘိုးကြီးနဲ့ ကျောင်းသားအကြားမှာလည်း ဘယ်လိုမှ ပြန်လည်တည်ဆောက်လို့မရနိုင်တော့တဲ့ ယုံကြည်မှုကြီး ပြိုကွဲသွားပါတယ်။ ကျောင်းတွေအကုန်ပိတ်ပြီး

ကျောင်းသားတွေအကုန် တီအီးကားကြီးတွေနဲ့ ဘူတာကြီး၊ ကားကြီးဂိတ်အရောက်ပို့ပြီး အခမဲ့ စားရိတ်ငြိမ်း မိဘရပ်ထံ ပြန်လွှတ်တော့ ကျောင်းထဲကမီးဟာ အရပ်ဘက်ကို ကူးမလာပါဘူး။ အခြေအနေတွေ ငြိမ်သက်သွားတော့မှ အရေးပေါ်အစည်းအဝေးခေါ်ပြီး ဘယ်တော့မှ မမေ့တဲ့ စကားတစ်ခွန်းပြောရင်း နှုတ်ထွက်မယ် စကားဆိုပါတယ်။ သမိုင်းတွင်ပါတယ်။ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။” တဲ့။ ကြောက်အောင်ပြောသလားတော့ မသိပါဘူး။ ဒါပေသိ ကြောက်ရမယ့်အစား သူ့ပါးစပ်က နှုတ်ထွက်မယ် တစ်ခွန်းကြားလိုက်ရလို့ ကိုယ်အပါအဝင် သူငယ်ချင်းတွေအားလုံး ဂျွမ်းဆယ်ပတ်လောက် ထိုးမတတ်ပျော်သွားတယ်။ အနှစ် ၂ဝ လုံးလုံး သူ့အသွန်အသင်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ဘဝမို့ ဘဘကြီးဦးနေဝင်းဟာ အရှေ့ဘက်အိမ်က ဥက္ကဋ္ဌကြီးမော်လိုပဲ ဘယ်သောအခါမှ ယိုင်လဲသွားစရာ မရှိဘူး လို့ တစ်ထစ်ချ ယုံကြည်နေမိတဲ့ဘဝပါဗျာ။

တကယ်လို့များ အဲသည်ညက အဘိုးကြီးရဲ့ နောက်ဆုံးစကားဟာ ခါတိုင်းလိုပဲ လှည့်စားဖို့ ရွှေ့တဲ့

နိုင်ငံရေးကစားကွက်တစ်ကွက်ဆိုရင် သူဟာ တစ်ကွက်မှားသောကျား ဖြစ်သွားပါတယ်။ နောက်တနေ့မှာ သူ့ကို ခြေသလုံးဖက်မတတ် ရှိခိုးဦးတင် တောင်းပန်ပြီး မထွက်ပါနဲ့ အသနားခံသူများကို သတ်ပစ်ချင်လောက်အောင်မုန်းပေမယ့်လည်း သူကတော့ ပြောပြီးသားစကား ပြန်မပြင်ပဲ ဦးစိန်လွင်ကို ကောက်တင်ထားခဲ့ပြီး နိုင်ငံရေးဇာတ်ခုံပေါ်ကထွက်၊ ရုပ်သေးပွဲဆက်ကဖို့ စိုင်းပြင်းပါတယ်။ သူ့ဟာသူထွက်မယ့်အရေး သမ္မတကြီးပါ ဆွဲခေါ်သွားပုံထောက်ရင် သူကြိုးဆွဲရာ မကမှာစိုးတာ သိသာပါတယ်။ လူတွေက လုံးဝသံသယမရှိတာကတော့ အဲသည်အချိန်က သူ့နောက်ကပါတဲ့ အစိုးရတစ်ဖွဲ့လုံးဟာ အဘိုးကြီးရဲ့ ဩဇာအာဏာကို တသွေမတိမ်း လိုက်နာခံယူကြမယ့် သူတွေသာ ဖြစ်တယ်ဆိုတာပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ မြန်မာပြည်မှာ သည်ကနေ့အထိ ကိုယ့်လူကိုယ်မီးသေတဲ့ ခေါင်းဆောင်တွေထဲမှာ သူ့ကိုမှီတာ တစ်ယောက်မှ မရှိသေးဘူး။ ဒါကြောင့်မို့လို့ သူ့နောက်မှာ တက်လာတဲ့ ဦးစိန်လွင်ကိုရော၊ ဦးမောင်မောင်ကိုရော သူမှတပါး အခြားတစ်ယောက်လို့ ဘယ်သူကမှ မမြင်ကြတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကြီးကတော့ အဖုံးတလှပ်လှပ်ဖြစ်နေတဲ့ ရေနွေးကရားကြီးလိုပဲ ဆူလုဝေလု အမြုတ်တစီစီ ဖြစ်နေပါတယ်။

ကိုယ်တို့မြန်မာတွေဟာ တိုင်းရေးပြည်ရေးတွေနဲ့ ပတ်သက်လာရင် တဘောင်စနည်း အတိတ်နိမိတ်တွေကို ယုံတတ်ကြတာ တော်တော်များပါတယ်။ “ရတနာနတ်မယ် ပြန်သွားပြီလား။ ကျောက်စိမ်းမင်းသမီးရောက်နေပြီ။ နောက် ဓာတုကလျာ လာလိမ့်မယ်တဲ့။ နောက်တစ်ခုကတော့ ဘယ်သူလဲ မမှတ်မိတော့ဘူး။ မင်းလေးပါးဆုံတဲ့အခါ လမ်းမပေါ်ရွှေမိုးငွေမိုးရွာလိမ့်မယ်။ ထွက်မကောက်နဲ့ အကုန်သေကုန်မယ့်မိုး။” တဲ့။ အဲ့ဒီပေါက်တတ်ကရစကားကို ကလေးဘဝတုန်းက ဘိုးတော်တစ်ပါးဆီက ကြားဖူးတာပါ။ ဘာပြောမှန်းလည်း မသိပါဘူး။ သူ့ဘာသူဖြေတာကတော့ “ဟိုနိုင်ငံခြားကလာတဲ့မင်းသမီးနဲ့ ကွာလိုက်ပြီ။ နယ်စပ်ကသိမ်းလာတဲ့ ကျောက်စိမ်းတုံးကြီးလည်း ပြန်ရပြီ။ ပဉ္စဓါတုဝါဟန လို့ခေါ်တဲ့ ဓါတ်သားငါးမျိုးရုပ်ပွားတော်တွေ ဌာပနာတဲ့ မဟာဝိဇယစေတီလည်းပြီးပြီ။ သိပ်မကြာဘူး။ တိုင်းပြည်ပျက်တော့မှာ” တဲ့။ ဘာပဲပြောပြော သဘင်သည်စကား၊ အရူးစကား၊ ကလေးစကားဆိုဆို ကိုယ်တွေစိတ်ထဲမှာတော့ လူကြီးတွေပြောပြောနေတဲ့ မင်းပြောင်းမင်းလွဲဆိုတာတော့ နီးလာပြီလို့ မျှော်လင့်လာတယ်။ အရပ်ထဲမှာလည်း ကောလာဟလတွေက ပွထလာတယ်။ အစိုးရဘက်က တင်းကြပ်လာသလို ပြည်သူတွေဘက်ကလည်း အမြင်ပိုပိုစောင်းလာတယ်။

အဲဒီအချိန်မှာ ညဘက်အိမ်ပြန်နောက်ကျတဲ့ လှည်းတန်းက တက္ကသိုလ်ကျောင်းသားတွေကို ရဲက လုံထိန်းက ခေါ်မေးတာ ရစ်တာ ဗြင်းတာ စလုပ်လာပြီ။ တစ်ရက်မှာ သူ့ဘာသူ ဂီတာထိုင်တီးနေတဲ့ ကျောင်းသားတွေကို ကားပေါ်ကဆင်းရိုက်သွားလို့ ရန်ကုန်ဆေးရုံကြီးကို ရောက်လာကြပြန်တယ်။ အရိုက်ခံရတဲ့ကျောင်းသားကို တရားခံလို အစောင့်နဲ့ထားပြီး ဆေးမှတ်တမ်း၊ ဓါတ်မှန်တွေကို သိမ်းထားတယ်။ နဂိုကလည်း ရာဇဝတ်မှုတွေမှာ အဲ့လိုပဲ သိမ်းရပါတယ်။ ဒါပေမယ့် ကောလာဟလနဲ့ အမြင်မကြည်လင်တဲ့အချိန်မို့ ကျောင်းသားဘက်က ဘယ်လိုမှ မကျေနပ်နိုင်ကြဘူး။ ဘုန်းမော်ကိစ္စတုန်းက သေနတ်ဒဏ်ရာပါတဲ့ ဓါတ်မှန်တွေကို သိမ်းသွားပြီး မုန်လာဥလုပ်ခဲ့တာ လောလောလတ်လတ်ကြီး မဟုတ်လား။

နေ့ဘက် ရန်ကုန်တက္ကသိုလ်ပင်မထဲမှာ ခါတိုင်း လတ်လျားလတ်လျားနဲ့ နေတဲ့ ကျောင်းသားတွေအကြားမှာ တိုးတိုးတိတ်တိတ် တိုင်ပင်စရာတွေ ရှိလာတယ်။ သိတဲ့အတိုင်း ထောက်လှမ်းရေးတွေကလည်း ခြေချင်းကို လိမ်လို့။ လူစည်တဲ့ စာကြည့်တိုက်ရှေ့မှာ ဟိုတစ်စု သည်တစ်စု ရုံးစုရုံးစုလုပ်နေတုန်းမှာ ကျောင်းသားတစ်ယောက်က အနုပညာအသင်းထဲက စည်တိုကလေးတစ်လုံးထုတ်လာပြီး လက်ခတ်နဲ့ တဗုံးဗုံးရိုက်တယ်။ လူတွေဝိုင်းကြည့်တော့ သူလည်း ဘာပြောရမှန်းမသိဘူး။ ဘာဖြစ်ရင်ဆိုလား မသိပါဘူး သည်ဘက်ကို လာစုပေးကြပါခင်ဗျား လို့အော်တော့ ကျောင်းသားတွေက သူ့နားသွားစုတယ်။ စုမိရင်း စုမိရင်း လူများလာတော့ ကျောင်းသားဘာဝ ဟေး ဟေး နဲ့ အော်ပြီး လက်ခုပ်တွေဘာတွေတီးကြရော။ အဓိကကတော့ ကျောင်းသားတွေကို အနိုင်ကျင့်လို့ မကျေနပ်တဲ့အကြောင်းကို ပြချင်တာနေမှာပါ။ မကျေနပ်တာကတော့ သူရောကိုယ်ရော အားလုံးအတူတူချည့်ပဲ မဟုတ်လား။

တော်တော်လေး လူစုမိလာတော့ ဟေးလားဝါးလားဇာတ်လမ်းကနေ တရားပွဲ လုပ်ချင်လာတယ်။ လူတစ်ယောက်က ကလေးတွေ နင်ဂျာလုပ်တမ်းကစားတုန်းကလို ပုဆိုးကို မျက်လုံးပေါ်ရုံစည်းပြီး တရားတက်ဟောတယ်။ မျက်နှာကျတော့ မြင်မှာစိုးလို့ ဝှက်ထားသတဲ့။ ဟောတဲ့တရားက သူက ဦးသန့်အရေးအခင်းတုန်းက ကျောင်းသားသမဂ္ဂဖွဲ့ထားတဲ့အထဲက ကျောင်းသားခေါင်းဆောင် ဘယ်သူဆိုလားပဲ။ ဘာတွေပြောမှန်းလည်း မသိပါဘူး။ ဘယ်သူဖြစ်ဖြစ် ထောက်လှမ်းရေးတွေအရှေ့ လူကောင်ထွက်ပြပြီး တရားဟောပေးနိုင်ဖို့ဆိုတာ လွယ်မှတ်လို့။ တီးပေးလိုက်တယ်။ လက်ခုပ်။

နောက်တော့ အပန်းဖြေရိပ်သာထဲက နံရံကပ်စာစောင်အချပ်ကြီးတွေထွက်လာပြီး ဦးနေဝင်းတစ်သက် ဆင်ဆာနဲ့ဖျောက်ခဲ့တဲ့ ကဗျာတွေ စာတွေ အဆက်မပြတ် ထွက်လာတယ်။ ဒါမျိုးဆိုတာ ဖတ်ရခဲဘိခြင်းဗျာ။ ကူးလို့ကို မကုန်ဘူး။ စင်ပေါ်မှာလည်း လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာတယ်။ သူတို့ပြောဖို့ နောက်ကနေ ဒိုင်ခံပြီး စာတွေရေးပေးနေတဲ့လူတွေလည်း ရှိတယ်။ တချို့ကတော့ သတ္တိကောင်းတယ်။ ပြောင်ပြောင်ပဲ။ မျက်နှာကို ဘာမှဖုံးကွယ်မထားဘူး။ အဲဒီတရားပွဲတွေထဲမှာ မှတ်မိခဲ့တဲ့ နံမယ် နှစ်ခုတော့ ရှိတယ်။ မိုးသီးဇွန် နဲ့ မင်းကိုနိုင်။ ကိုယ့်ကျောင်းကတော့ အကြောင်းသိကြီးမို့ မသိချင်ယောင်ဆောင်နေရတာ တစ်ယောက်ရှိတယ်။ ကိုဋ္ဌေးကြွယ်။ မိန်းထဲမှာ ဆေးကျောင်းသားအချင်းချင်း ခဏခဏတွေ့တယ်ဆိုရင် ဗေဒင်မမေးနဲ့ အဲ့ကောင်ဖွန်ကြောင်နေတာလေဗျာ။ ဘော်ဒါဘော်ချက်ချင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မသိခြင်ထောင်ထောင်ကြတာပေါ့။

ကျောင်းထဲမှာ လုပ်တဲ့ပွဲကို အပြင်မထွက်ရင်ပြီးရော လူကြီးတွေကလည်း မသိခြင်ထောင်ထောင်ကြတယ်ခင်ဗျ။ ပါချုပ်ကြီးရဲ့ ကျေးဇူးလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမယ့် ကိုယ်တို့မင်းသားတွေက အရှိန်မသတ်နိုင်ပါဘူး။ လှိုင်တက္ကသိုလ် (RC 2) ကို ချစ်ဆုံးလေးများ သိစေချင် ဆိုပြီး ချီတက်လမ်းလျှောက်ချင်ကြတယ်။ ဒါတော့ ရဘူးလေ။ လုံ/ထိမ်းတွေက ကျောင်းအပြင်မှာတင် စောင့်နေတာ။ ကန်ဘောင်ကနေထွက်ရင် အိုင်ဘီစီနေရာကြီးမှာ သံဆူးကြိုးတွေ အလိပ်လိုက်ချထားတယ်။ အဲဒီမှာ နံမယ်ကျော် တံတားဖြူ ရင်ဆိုင်တိုက်ပွဲ စတော့တာပဲ။ ရိုက်သလားလို့ မမေးနဲ့တဲ့။ သူငယ်ချင်းနှစ်ယောက် အိမ်ပြန်မရောက်တော့ဘူး။ လပေါင်းများစွာကြာမှ မသေလို့တွေ့ရတယ်။ ခုမှတော့ ဘယ်အဆောင်ကကျောင်းသားမှ အိပ်နိုင်တော့မယ် မထင်ပါဘူး။ ပါသွားပြန်ပြီ။ ဆွဲသွားပြန်ပြီ။ မိဝေးဘဝေးမှာ အတူနေအတူစားနေတဲ့ ကျောင်းသားချင်းဆိုတဲ့ စိတ်ကို ဘယ်လိုဖျောင်းဖြနားချမှုမျိုးကမှ ဘာသိဘာသာ ကိုယ့်ဟာကိုယ်နေခိုင်းလို့ ရမယ် မထင်ပါဘူး။ သည်ကနေ့ဘဘကြီးတွေ နောက်ကြောင်းပြန်လှည့်သွားလို့ ရချင်ရလိမ့်မယ်။ အဲသည်အချိန်က ကျောင်းသားတွေ နောက်ကြောင်းပြန်လှည့်ဖို့ကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။

(ဆက်ဦးမှာ)

credit to Dr Soe Min

About nicolus agral

nicolus agral has written 61 post in this Website..

Although I am a paladin , I work in the name of the common people.