“ငွေရတု နောက်ကြောင်းပြန်”

nicolus agralAugust 14, 20131min31313

ကိုယ်တို့ဆီကလူတွေမလည်း မင်းသားများ ရိုက်ရက်ချိတ်သလို ပြက္ခဒိန်တစ်စောင်လုံး လိပ်ပတ်လည်အောင် အထိမ်းအမှတ်တွေ တစ်ခုပြီးတစ်ခု မုဒ်သွင်းနေကြရတာ တော်တော်မောလောက်ရော့မယ်။ ပြည်ထောင်စုနေ့လွန်တာနဲ့ ဟတ်ပီးဗိုလ်ချုပ်ဘတ်ဒေးလုပ်တာ ရက်တောင်မဆိုင်းဘူး။ နောက်နေ့ကျ ဗယ်လင်တိုင်းဖို့အသင့်ပဲ။ ကိုယ်လည်းပဲ တတ်နိုင်သလောက်တော့ ဒယောသောပါး မှီအောင်လိုက်တာပါပဲ။ တခါတခါတော့ အလုပ်များနေတာနဲ့ ဘာတစ်ခုမှ မှတ်မှတ်ရရ မရေးဖြစ်တဲ့အခါ တစ်ခုခုဖတ်ရနိုးနဲ့ စောင့်နေတဲ့သူတွေကို အားနာမိပြန်ပါရော။ အခုဆိုရင် ရှစ်လေးလုံးကို တော်တော်လေးတောင် လွန်သွားပြီမို့ ခုခါမှ မှတ်စုအပုတ်အသိုးကြီး လာတင်နေတယ် ထင်နေပါဦးမယ်။ ဒါပေမယ့် ရေးဖြစ်အောင်တော့ ရေးလိုက်ချင်သေးတာဗျ။ ကိုယ့်အလိုအရဆိုရင်တော့ သည် ရှစ်လေးလုံးကိစ္စဆိုတာ တစ်နှစ်တစ်ခါ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးများလို ဝှူးကနဲမှုတ် ဟုတ်ကနဲငြိမ်းမသွားစေချင်ပါဘူး။ မပြီးနိုင်မစီးနိုင် မီးထိုင်ရှို့နေရမယ်လို့တော့ မဆိုလိုဘူးပေါ့။ ဒါပေမယ့် အဲဒီဖြစ်ရပ်ကနေ သင်ခန်းစာကလေးများ ရယူနိုင်မယ်ဆိုရင် အရေအတွက် အတိအကျသိဖို့ခက်တဲ့ အသက်ဆုံးရှုံးသွားရှာသူတွေအတွက် အချည်းနှီး အကျိုးမဲ့မဖြစ်စေဘူးလို့ ဖြေသိမ့်နိုင်မယ် မဟုတ်လား။ ၂၅ နှစ်တောင် ကြာခဲ့ပြီဆိုတော့ နည်းတဲ့နှစ်တွေလား။ အသက် ၃ဝ အောက်ကလေးတွေ ဘယ်လိုမှ မမှတ်မိနိုင် မသိမှီနိုင်တဲ့အကြောင်းအရာတွေကို ကိုယ်တွေကတော့ ကိုယ်တွေ့မျက်မြင် ကြုံတွေ့လာသူတစ်ယောက်အနေနဲ့ ကိုယ့်အသိကိုယ့်အမြင်ကို ပြန်လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိတယ်လို့ တွေးမိလာပါတယ်။ ဘာဖြစ်လို့ဆိုတော့ အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကလေးမလေးတစ်ယောက်က သူ့ထက်စီနီယာမမတစ်ယောက်ကို အော်ကျယ်ဟစ်ကျယ်မေးနေတာကို နားနဲ့ဆတ်ဆတ် ကြားလိုက်မိလို့ပါပဲ။ “အမ အမ။ ရှစ်လေးလုံးဆိုတာ ဘာလဲ ဟင်။” တဲ့။ အလကားနေရင်း မဆီမဆိုင် ဒေါသတကြီးနဲ့ “ဟဲ့ … နင် ဗမာ မဟုတ်ဘူးလား။ ဗမာပြည်မှာ နေနေတယ် မဟုတ်ဘူးလား။” လို့ မေးလိုက်ချင်ပေမယ့် သူ့စီနီယာက ပြန်ရှင်းပြတဲ့အခါ “ဪ သိပြီ။ သိပြီ။” ဆိုတော့မှ အင်းပေါ့လေ။ သူတို့အသက်အရွယ်နဲ့ဆိုတော့ သူများပြောစကား တဆင့်ကြားရတာ မယုံရင် ပုံပြင်မှတ်ဆိုသလိုပဲ လွယ်လွယ်ကြားလိုက်မိပြီး သည်ဘက်နားကဝင် ဟိုဘက်နားကထွက်သွားမှာပဲ။ ဒီလိုဆိုတော့လည်း ကျွဲမြီးမတိုတော့ပါဘူးလေ။ မသိမမှီလိုက်သူ မောင်နှမလေးများအတွက် ဦးဦး ပုံပြောမယ် လုပ်ရသေးတာပ နော့။

ရှစ်လေးလုံးနဲ့ ပတ်သက်ပြီး ဘာတွေကို အမှတ်ရသလဲဆိုတော့ ကာလယန္တယားကြီး နောက်ပြန်လှည့်ပြီး လွန်ခဲ့သော ၂၅ နှစ်ကာလကို ပြန်သွားရမှာပေါ့လေ။ စဉ်းစားစမ်း ကိုရင်။ စဉ်းစားစမ်းပါဦး။ လွန်ခဲ့တဲ့ ၂၅ နှစ်မှာ ခင်ဗျား ဘာတွေကို မှတ်မိသတုန်း။ ကျွန်တော်လား။ အဲ့တုန်းက လူပျိုလေ။ အရွယ်တော် နှစ်ဆယ်ကျော်ကလေး။ ရုပ်ကလေးကလည်း ခုထက်အများကြီး ချောရုံတင်ဘယ်ကမလဲ အုအက်နုဖတ်နေတာပေါ့။ ဆေးကျောင်းတက်တုန်းတန်းလန်း၊ သူငယ်ချင်းပေါင်းများစွာ၊ အီစီကလီဗွက်ပေါက်၊ ရည်းစားလေးမတောက်တခေါက် ထားစအရွယ်လေ။ အဲဒါ သူငယ်ပြန်ခြင်းရဲ့အစလို့ ခေါ်တယ်ဗျ။ ဘယ်သူမဆို အသက်ကြီးလာတဲ့အခါ ရှေးဖြစ်နောက်ကြောင်း ပြန်စဉ်းစားရင် “တို့ငယ်ငယ်တုန်းကများဆို …” နဲ့ တာထွက်တယ်။ မယုံမရှိနဲ့။ ဒါပေမယ့် တကယ်တမ်း ပြောချင်တာက အဲသည်အချိန်တုန်းက ကိုယ့်လို အညွန့်အဖူး ကွေးလေးနုနယ်ကျောင်းသားကလေးတွေ တော်တော်များများဟာ ငယ်ဘဝ၊ ပျော်စရာတက္ကသိုလ်ပတ်ဝန်းကျင် နဲ့ မိသားစုအနာဂတ်တွေကိုပါ ပန်းညွန့်ညှာကြွေ အဖျက်ဆီးခံခဲ့ရတယ်။ ကိုယ့်မိဘထက်ကြီးတဲ့ ရာထူးစည်းစိမ် အာဏာလက်ရှိ လူကြီးတချို့က သူတို့နေရာကို လုယူလိမ့်နိုးနိုး စိုးရိမ်စိတ်တွေနဲ့ အပူတပြင်းနှိမ်နှင်းလို့ တချို့လည်း အသက်ဆုံးရတယ်။ တချို့လည်း မသေမရှင် အနာဂတ်တွေပျောက်ပြီး အုတ်တံတိုင်းတွေအထဲ ရောက်သွားတယ်။ တချို့ကျတော့ ရပ်ဝေးမြေခြား ထွက်ပြေးခိုလှုံကြရတယ်။ အနည်းဆုံးတော့ သူတို့အားလုံး အေးအေးချမ်းချမ်း ခိုလှုံနေကြတဲ့ မိဘရင်ခွင်၊ ဆရာ့ရင်ငွေ့ အကုန်ပျောက်ခြင်းမလှပျောက်ပြီး ကန္တာရထဲရောက်သွားတဲ့ ကြာဖူးလေးများလို အငုံကြွေကြွေကြရတယ်။

တကယ်တော့ ရှစ်လေးလုံးဆိုတာကြီးဟာ ဗြုန်းဆို မိုးပေါ်ကကျလာသလို အဲသည်နေ့ကျမှ နက္ခတ်အချိန်အခါတွေ တိုက်ဆိုင်ပြီး ဘွားကနဲပေါ်လာတာ မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက သမိုင်းသင်တဲ့အခါ ကျက်ခဲ့ဖူးတဲ့ ကမာ္ဘစစ်ဖြစ်ခြင်းအကြောင်းရင်းများလိုပဲ။ အခြေခံအကြောင်းရင်း လတ်တလော အကြောင်းရင်းတွေ ရှိတယ်။ ၈၈ဆိုတဲ့ သက္ကရာဇ်ဟာ ဦးနေဝင်းကြီးကိုမှ ဩဇာတက္ကိမ ညှိုးမှိန်စေတာ မဟုတ်ဘူး။ မြန်မာတစ်ပြည်လုံး စီးပွားရေးတွေ ကျဆင်းနေပြီ။ လူတော်တော်များများက အဲဒါ ဦးနေဝင်းကြီး ညံ့လို့။ သူ အသုံးမကျလို့။ တိုင်းပြည်ဘဏ္ဍာတွေကို သူ့ကိုယ်ကျိုးအတွက် သုံးဖြုန်းနေလို့ လို့ ထင်ကြတယ်။ ဒါပေမယ့် လူတွေထင်သလောက်တော့ မဟုတ်ပါဘူး။ အဲဒီအချိန်အခါက သူ့သမီးပိုင်တဲ့ နဝရတ်ဟိုတယ်ဆိုတာ မြန်မာပြည်မှာ အကောင်းဆုံးဟိုတယ်ပဲ။ အခု သမိုင်းလမ်းဆုံနားက ဖို့ဒ်ကားကုမ္ပဏီအရောင်းပြခန်း ဖွင့်ထားတဲ့နေရာမှာ ရှိတယ်။ အဲဒါကြီးက အခု ထရိတ်ဒါး၊ ဆီဒိုးနား၊ ပတ်ခ်ရွိုင်ရယ်နဲ့ ယှဉ်လိုက်ရင် တဲပုတ်သာသာပဲ ရှိမယ်။ ဂျပန်ဆေးရုံလို့ခေါ်တဲ့ ဆေးရုံသစ်ကြီးမှာ ဂျူတီဆင်းတဲ့ သမီးတော် မမကြေးကိုလည်း မြင်ဖူးတယ်။ သူပန်ထားတဲ့ စိန်နားကပ်ဟာ ခင်ဗျားတို့ကြည့်ဖူးတဲ့ မင်္ဂလာဆောင်အခွေထဲက စိန်တွေနဲ့သွားနှိုင်းရင် အမှုန်အမွှားလောက်ပဲ ရှိမယ်။ မဆလခေတ်တုန်းက ထိပ်ထိပ်ကြဲလူကြီးများဟာ အခုခေတ်လို အိမ်ပေါင်းများစွာ၊ ကားပေါင်းများစွာ၊ မယားငယ်ပေါင်းများစွာ မရှိဘူး။ ဘယ်မင်းသမီးကြီးငယ်ကိုမှလည်း ဝိုင်းပြီး စပွန်ဆာ မပေးနိုင်ကြဘူး။ မြန်မာပြည်မှာ အလှဆုံးဆိုတဲ့ ခင်သန်းနုကိုလိုချင်ရင် ဗိုလ်ချုပ်ကိုယ်တိုင်က အင်းယားလိပ်မှာ စုလျားရစ်ပတ် လက်ထပ်ယူရတယ်။ အစိုးရအရာရှိကြီးတွေဟာ မိန်းမကိစ္စ နံမယ်ထွက်လာရင် “အဘိုးကြီးသိလို့ကတော့ ပြုတ်ပြီသာမှတ်” ဆိုပြီး တအားကြောက်ရတာကိုး။ (အဘိုးကြီး ယူတာတွေကိုတော့ ဘယ်သူမှ မပြောရဲဘူးပေါ့လေ) သည်ကနေ့ခေတ်မှာ ခင်ဗျားတို့ ကိုယ်တိုင်မြင်တွေ့နေရတဲ့ အနေအစားမျိုးတွေနဲ့တောင်မှ ကျုပ်တို့မြန်မာပြည်ကြီး ခွက်မဆွဲရသေးဘူးဆိုရင် မဆလခေတ်က လူကြီးတွေဘုံးတာလောက်တော့ ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး။

အဘိုးကြီးကို ကြောက်လို့ မဟုတ်တာမလုပ်ရဲတာက ကိစ္စမရှိဘူးဗျ။ အဘိုးကြီးကို ကြောက်ပြီး ဟုတ်တာတွေလည်း ဘာတစ်ခုမှ မလုပ်ရဲကြတာကသာ ဆိုးတာ။ အဘိုးကြီးသိသွားရင် မိုးမီးလောင်လိမ့်မယ်ဆိုတဲ့ ကိစ္စတိုင်းကို အဘိုးကြီးမသိအောင် ဖုံးကြဖိကြတော့ အောက်လူတွေတော်လေလေ အဘိုးကြီးခမျာ ဘာမှအမှန်အတိုင်းမသိတော့ပဲ သူ့ဘာသူ အဟုတ်ကြီးမှတ်သွားလေ ဖြစ်ကုန်ရော။ လှေနစ်တော့မယ်လို့ အဘိုးကြီးသိတဲ့အချိန်မှာ သူလည်းတတ်သမျှမှတ်သမျှ ရမ်းသမ်းလှော်တော့တယ်။ ငွေကြေးဖောင်းပွမှုကိုလျှော့ဖို့ ငွေစက္ကူတွေကို တရားမဝင်ကြော်ငြာတယ်။ ဒါပေမယ့် အဲဒီဆေးမြီးတိုက မတိုးတော့ဘူး။ တစ်ခွက်နဲ့ မရရင် နှစ်ခွက်တိုက်မယ်ကွာ ဆိုပြီး ဒုတိယအကြိမ်မြောက် ငွေတွေ သိမ်းတဲ့အခါမှာတော့ တိုင်းသူပြည်သားထဲမှာ သူ့ကိုထောက်ခံတဲ့သူ တော်တော်ရှားသွားပြီ။ ကြောက်လို့သာ မပြောရဲတာ စိတ်ထဲကတော့ ကျိန်ဆဲကုန်ပြီ။

မြွေဆိပ်ဖြေဆေးကို ကြို့ကုန်းမှာထုတ်ပေမယ့် အဘိုးကြီးကို မြွေကိုက်သွားတာလည်း အဲဒီကြို့ကုန်းထဲကပါပဲ။ လက်ဘက်ရည်ဆိုင်မှာ ကက်ဆက်ခွေလုဖွင့်ခိုင်းရင်းနဲ့ ကြို့ကုန်းအနောက်ရပ်ကွက်မှာ အရပ်သားတွေနဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ရန်ဖြစ်ကြတယ်။ ရဲ နဲ့ ဝင်ရှင်းတယ်။ မရဘူး။ ဒီအခါမှာ အဘိုးကြီးဆီက အနာဟောင်းပြန်ပေါ်လာတယ်။ မြန်မာတပြည်လုံးမှာ အဘိုးကြီးကို ကဏ္ဍကောစလုပ်ရဲတာ ကျောင်းသားကလွဲရင် မရှိဘူး။ သူတက်လာကစကတည်းက ကျောင်းသားဆီကမီးကိုငြိမ်းအောင် သမဂ္ဂအဆောက်အဦကို ဗုံးနဲ့ခွဲရှင်းခဲ့ဖူးတယ်။ အခုလည်း လိုအပ်လာရင် ထပ်မရှင်းရဲစရာ မရှိဘူး။ ဒါကြောင့် ညကြီးမင်းကြီး စက်မှုတက္ကသိုလ်ဝင်းထဲကို စစ်တပ်နဲ့ဝင်စီးပြီး ပွဲသိမ်းတယ်။ ကျောင်းသားတချို့ ဒဏ်ရာရတယ်။ ဘုန်းမော် လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက် သေသွားတယ်။ (တကယ်တော့ တစ်ယောက်မကပါဘူး။ ဘုန်းမော်တစ်ယောက်ပဲ လူသိရှင်ကြားဖြစ်တာက သူ့အလောင်းက ကျောင်းသားလက်ထဲမှာမို့လို့ ကျောင်းသားတွေဘက်က ဈာပနလုပ်တာကို စစ်တပ်ကလာပြန်သိမ်းရတာကြောင့်ပါ) အဲသလို အခါခါ နားရွက်တံတွေးဆွတ်တဲ့ သူ့ကို ကျောင်းသားတွေဘက်က ကမာ္ဘမကျေဘူး ဖြစ်ရတယ်။

အဲဒီအချိန်က လူကြီးသားဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်က ပြောတဲ့စကားကို အခုအချိန်မှာ ပြန်ချေပချင်ပါတယ်။ “မင်းတို့က ဘုမသိဘမသိ သေနတ်မှန်သေတဲ့လူတစ်ယောက်ကို အတင်းအာဇာနည်အဖြစ် သူရဲကောင်းမွေးနေတယ်။ သူ့မှာဖြင့် ဘာခံယူချက်မှ ရှိမှာ မဟုတ်ဘူး” တဲ့။ အမှန်ကတော့ အဲဒီစကားကို ပြောတဲ့သူမှာ ကျောင်းသားစိတ်ဓါတ် ရှိမနေတာပါ။ တကယ်တော့ ဘုန်းမော်ကို အာဇာနည်တင်တယ်ဆိုတာ ကိုဘုန်းမော်က တိုင်းပြည်အတွက် ဘာတွေကိုယ်ကျိုးစွန့်သွားတယ် စသည်ဖြင့် ပုဂ္ဂလဒိဋ္ဌာန်နဲ့ ဟီးရိုးရှာတာ မဟုတ်ပါဘူး။ လက်နက်မပါတဲ့ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်နှိမ်နှင်းလို့ အသက်စွန့်သွားရသူ ကျောင်းသားတစ်ဦးအဖြစ်နဲ့ အမြဲတမ်း အမှတ်တရ ရှိနေအောင် ဘုန်းမော်ကို အာဇာနည်တပ်ပါတယ်။ အာဇာနည်နေ့လို့ ပြောရင် ဗိုလ်ချုပ်နဲ့ ကျဆုံးလေပြီးသောခေါင်းဆောင်များမှာ ရဲဘော်မောင်ထွေးပါမချန် အလေးပြုသလိုပဲ ဘုန်းမော်ကို အလေးအမြတ်ထားတာဟာ ကျောင်းသားတွေအရေးမှာ အသက်ပေးသွားရသူတွေအားလုံးကို ကိုယ်စားပြုရည်ညွှန်းပါတယ်။

ကွဲသွားပြီးတဲ့အိုးကို အစအနကောက်ပြန်ဆက်လို့ မရသလိုပဲ အဘိုးကြီးနဲ့ ကျောင်းသားအကြားမှာလည်း ဘယ်လိုမှ ပြန်လည်တည်ဆောက်လို့မရနိုင်တော့တဲ့ ယုံကြည်မှုကြီး ပြိုကွဲသွားပါတယ်။ ကျောင်းတွေအကုန်ပိတ်ပြီး

ကျောင်းသားတွေအကုန် တီအီးကားကြီးတွေနဲ့ ဘူတာကြီး၊ ကားကြီးဂိတ်အရောက်ပို့ပြီး အခမဲ့ စားရိတ်ငြိမ်း မိဘရပ်ထံ ပြန်လွှတ်တော့ ကျောင်းထဲကမီးဟာ အရပ်ဘက်ကို ကူးမလာပါဘူး။ အခြေအနေတွေ ငြိမ်သက်သွားတော့မှ အရေးပေါ်အစည်းအဝေးခေါ်ပြီး ဘယ်တော့မှ မမေ့တဲ့ စကားတစ်ခွန်းပြောရင်း နှုတ်ထွက်မယ် စကားဆိုပါတယ်။ သမိုင်းတွင်ပါတယ်။ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။” တဲ့။ ကြောက်အောင်ပြောသလားတော့ မသိပါဘူး။ ဒါပေသိ ကြောက်ရမယ့်အစား သူ့ပါးစပ်က နှုတ်ထွက်မယ် တစ်ခွန်းကြားလိုက်ရလို့ ကိုယ်အပါအဝင် သူငယ်ချင်းတွေအားလုံး ဂျွမ်းဆယ်ပတ်လောက် ထိုးမတတ်ပျော်သွားတယ်။ အနှစ် ၂ဝ လုံးလုံး သူ့အသွန်အသင်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ဘဝမို့ ဘဘကြီးဦးနေဝင်းဟာ အရှေ့ဘက်အိမ်က ဥက္ကဋ္ဌကြီးမော်လိုပဲ ဘယ်သောအခါမှ ယိုင်လဲသွားစရာ မရှိဘူး လို့ တစ်ထစ်ချ ယုံကြည်နေမိတဲ့ဘဝပါဗျာ။

တကယ်လို့များ အဲသည်ညက အဘိုးကြီးရဲ့ နောက်ဆုံးစကားဟာ ခါတိုင်းလိုပဲ လှည့်စားဖို့ ရွှေ့တဲ့

နိုင်ငံရေးကစားကွက်တစ်ကွက်ဆိုရင် သူဟာ တစ်ကွက်မှားသောကျား ဖြစ်သွားပါတယ်။ နောက်တနေ့မှာ သူ့ကို ခြေသလုံးဖက်မတတ် ရှိခိုးဦးတင် တောင်းပန်ပြီး မထွက်ပါနဲ့ အသနားခံသူများကို သတ်ပစ်ချင်လောက်အောင်မုန်းပေမယ့်လည်း သူကတော့ ပြောပြီးသားစကား ပြန်မပြင်ပဲ ဦးစိန်လွင်ကို ကောက်တင်ထားခဲ့ပြီး နိုင်ငံရေးဇာတ်ခုံပေါ်ကထွက်၊ ရုပ်သေးပွဲဆက်ကဖို့ စိုင်းပြင်းပါတယ်။ သူ့ဟာသူထွက်မယ့်အရေး သမ္မတကြီးပါ ဆွဲခေါ်သွားပုံထောက်ရင် သူကြိုးဆွဲရာ မကမှာစိုးတာ သိသာပါတယ်။ လူတွေက လုံးဝသံသယမရှိတာကတော့ အဲသည်အချိန်က သူ့နောက်ကပါတဲ့ အစိုးရတစ်ဖွဲ့လုံးဟာ အဘိုးကြီးရဲ့ ဩဇာအာဏာကို တသွေမတိမ်း လိုက်နာခံယူကြမယ့် သူတွေသာ ဖြစ်တယ်ဆိုတာပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ မြန်မာပြည်မှာ သည်ကနေ့အထိ ကိုယ့်လူကိုယ်မီးသေတဲ့ ခေါင်းဆောင်တွေထဲမှာ သူ့ကိုမှီတာ တစ်ယောက်မှ မရှိသေးဘူး။ ဒါကြောင့်မို့လို့ သူ့နောက်မှာ တက်လာတဲ့ ဦးစိန်လွင်ကိုရော၊ ဦးမောင်မောင်ကိုရော သူမှတပါး အခြားတစ်ယောက်လို့ ဘယ်သူကမှ မမြင်ကြတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကြီးကတော့ အဖုံးတလှပ်လှပ်ဖြစ်နေတဲ့ ရေနွေးကရားကြီးလိုပဲ ဆူလုဝေလု အမြုတ်တစီစီ ဖြစ်နေပါတယ်။

ကိုယ်တို့မြန်မာတွေဟာ တိုင်းရေးပြည်ရေးတွေနဲ့ ပတ်သက်လာရင် တဘောင်စနည်း အတိတ်နိမိတ်တွေကို ယုံတတ်ကြတာ တော်တော်များပါတယ်။ “ရတနာနတ်မယ် ပြန်သွားပြီလား။ ကျောက်စိမ်းမင်းသမီးရောက်နေပြီ။ နောက် ဓာတုကလျာ လာလိမ့်မယ်တဲ့။ နောက်တစ်ခုကတော့ ဘယ်သူလဲ မမှတ်မိတော့ဘူး။ မင်းလေးပါးဆုံတဲ့အခါ လမ်းမပေါ်ရွှေမိုးငွေမိုးရွာလိမ့်မယ်။ ထွက်မကောက်နဲ့ အကုန်သေကုန်မယ့်မိုး။” တဲ့။ အဲ့ဒီပေါက်တတ်ကရစကားကို ကလေးဘဝတုန်းက ဘိုးတော်တစ်ပါးဆီက ကြားဖူးတာပါ။ ဘာပြောမှန်းလည်း မသိပါဘူး။ သူ့ဘာသူဖြေတာကတော့ “ဟိုနိုင်ငံခြားကလာတဲ့မင်းသမီးနဲ့ ကွာလိုက်ပြီ။ နယ်စပ်ကသိမ်းလာတဲ့ ကျောက်စိမ်းတုံးကြီးလည်း ပြန်ရပြီ။ ပဉ္စဓါတုဝါဟန လို့ခေါ်တဲ့ ဓါတ်သားငါးမျိုးရုပ်ပွားတော်တွေ ဌာပနာတဲ့ မဟာဝိဇယစေတီလည်းပြီးပြီ။ သိပ်မကြာဘူး။ တိုင်းပြည်ပျက်တော့မှာ” တဲ့။ ဘာပဲပြောပြော သဘင်သည်စကား၊ အရူးစကား၊ ကလေးစကားဆိုဆို ကိုယ်တွေစိတ်ထဲမှာတော့ လူကြီးတွေပြောပြောနေတဲ့ မင်းပြောင်းမင်းလွဲဆိုတာတော့ နီးလာပြီလို့ မျှော်လင့်လာတယ်။ အရပ်ထဲမှာလည်း ကောလာဟလတွေက ပွထလာတယ်။ အစိုးရဘက်က တင်းကြပ်လာသလို ပြည်သူတွေဘက်ကလည်း အမြင်ပိုပိုစောင်းလာတယ်။

အဲဒီအချိန်မှာ ညဘက်အိမ်ပြန်နောက်ကျတဲ့ လှည်းတန်းက တက္ကသိုလ်ကျောင်းသားတွေကို ရဲက လုံထိန်းက ခေါ်မေးတာ ရစ်တာ ဗြင်းတာ စလုပ်လာပြီ။ တစ်ရက်မှာ သူ့ဘာသူ ဂီတာထိုင်တီးနေတဲ့ ကျောင်းသားတွေကို ကားပေါ်ကဆင်းရိုက်သွားလို့ ရန်ကုန်ဆေးရုံကြီးကို ရောက်လာကြပြန်တယ်။ အရိုက်ခံရတဲ့ကျောင်းသားကို တရားခံလို အစောင့်နဲ့ထားပြီး ဆေးမှတ်တမ်း၊ ဓါတ်မှန်တွေကို သိမ်းထားတယ်။ နဂိုကလည်း ရာဇဝတ်မှုတွေမှာ အဲ့လိုပဲ သိမ်းရပါတယ်။ ဒါပေမယ့် ကောလာဟလနဲ့ အမြင်မကြည်လင်တဲ့အချိန်မို့ ကျောင်းသားဘက်က ဘယ်လိုမှ မကျေနပ်နိုင်ကြဘူး။ ဘုန်းမော်ကိစ္စတုန်းက သေနတ်ဒဏ်ရာပါတဲ့ ဓါတ်မှန်တွေကို သိမ်းသွားပြီး မုန်လာဥလုပ်ခဲ့တာ လောလောလတ်လတ်ကြီး မဟုတ်လား။

နေ့ဘက် ရန်ကုန်တက္ကသိုလ်ပင်မထဲမှာ ခါတိုင်း လတ်လျားလတ်လျားနဲ့ နေတဲ့ ကျောင်းသားတွေအကြားမှာ တိုးတိုးတိတ်တိတ် တိုင်ပင်စရာတွေ ရှိလာတယ်။ သိတဲ့အတိုင်း ထောက်လှမ်းရေးတွေကလည်း ခြေချင်းကို လိမ်လို့။ လူစည်တဲ့ စာကြည့်တိုက်ရှေ့မှာ ဟိုတစ်စု သည်တစ်စု ရုံးစုရုံးစုလုပ်နေတုန်းမှာ ကျောင်းသားတစ်ယောက်က အနုပညာအသင်းထဲက စည်တိုကလေးတစ်လုံးထုတ်လာပြီး လက်ခတ်နဲ့ တဗုံးဗုံးရိုက်တယ်။ လူတွေဝိုင်းကြည့်တော့ သူလည်း ဘာပြောရမှန်းမသိဘူး။ ဘာဖြစ်ရင်ဆိုလား မသိပါဘူး သည်ဘက်ကို လာစုပေးကြပါခင်ဗျား လို့အော်တော့ ကျောင်းသားတွေက သူ့နားသွားစုတယ်။ စုမိရင်း စုမိရင်း လူများလာတော့ ကျောင်းသားဘာဝ ဟေး ဟေး နဲ့ အော်ပြီး လက်ခုပ်တွေဘာတွေတီးကြရော။ အဓိကကတော့ ကျောင်းသားတွေကို အနိုင်ကျင့်လို့ မကျေနပ်တဲ့အကြောင်းကို ပြချင်တာနေမှာပါ။ မကျေနပ်တာကတော့ သူရောကိုယ်ရော အားလုံးအတူတူချည့်ပဲ မဟုတ်လား။

တော်တော်လေး လူစုမိလာတော့ ဟေးလားဝါးလားဇာတ်လမ်းကနေ တရားပွဲ လုပ်ချင်လာတယ်။ လူတစ်ယောက်က ကလေးတွေ နင်ဂျာလုပ်တမ်းကစားတုန်းကလို ပုဆိုးကို မျက်လုံးပေါ်ရုံစည်းပြီး တရားတက်ဟောတယ်။ မျက်နှာကျတော့ မြင်မှာစိုးလို့ ဝှက်ထားသတဲ့။ ဟောတဲ့တရားက သူက ဦးသန့်အရေးအခင်းတုန်းက ကျောင်းသားသမဂ္ဂဖွဲ့ထားတဲ့အထဲက ကျောင်းသားခေါင်းဆောင် ဘယ်သူဆိုလားပဲ။ ဘာတွေပြောမှန်းလည်း မသိပါဘူး။ ဘယ်သူဖြစ်ဖြစ် ထောက်လှမ်းရေးတွေအရှေ့ လူကောင်ထွက်ပြပြီး တရားဟောပေးနိုင်ဖို့ဆိုတာ လွယ်မှတ်လို့။ တီးပေးလိုက်တယ်။ လက်ခုပ်။

နောက်တော့ အပန်းဖြေရိပ်သာထဲက နံရံကပ်စာစောင်အချပ်ကြီးတွေထွက်လာပြီး ဦးနေဝင်းတစ်သက် ဆင်ဆာနဲ့ဖျောက်ခဲ့တဲ့ ကဗျာတွေ စာတွေ အဆက်မပြတ် ထွက်လာတယ်။ ဒါမျိုးဆိုတာ ဖတ်ရခဲဘိခြင်းဗျာ။ ကူးလို့ကို မကုန်ဘူး။ စင်ပေါ်မှာလည်း လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာတယ်။ သူတို့ပြောဖို့ နောက်ကနေ ဒိုင်ခံပြီး စာတွေရေးပေးနေတဲ့လူတွေလည်း ရှိတယ်။ တချို့ကတော့ သတ္တိကောင်းတယ်။ ပြောင်ပြောင်ပဲ။ မျက်နှာကို ဘာမှဖုံးကွယ်မထားဘူး။ အဲဒီတရားပွဲတွေထဲမှာ မှတ်မိခဲ့တဲ့ နံမယ် နှစ်ခုတော့ ရှိတယ်။ မိုးသီးဇွန် နဲ့ မင်းကိုနိုင်။ ကိုယ့်ကျောင်းကတော့ အကြောင်းသိကြီးမို့ မသိချင်ယောင်ဆောင်နေရတာ တစ်ယောက်ရှိတယ်။ ကိုဋ္ဌေးကြွယ်။ မိန်းထဲမှာ ဆေးကျောင်းသားအချင်းချင်း ခဏခဏတွေ့တယ်ဆိုရင် ဗေဒင်မမေးနဲ့ အဲ့ကောင်ဖွန်ကြောင်နေတာလေဗျာ။ ဘော်ဒါဘော်ချက်ချင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မသိခြင်ထောင်ထောင်ကြတာပေါ့။

ကျောင်းထဲမှာ လုပ်တဲ့ပွဲကို အပြင်မထွက်ရင်ပြီးရော လူကြီးတွေကလည်း မသိခြင်ထောင်ထောင်ကြတယ်ခင်ဗျ။ ပါချုပ်ကြီးရဲ့ ကျေးဇူးလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမယ့် ကိုယ်တို့မင်းသားတွေက အရှိန်မသတ်နိုင်ပါဘူး။ လှိုင်တက္ကသိုလ် (RC 2) ကို ချစ်ဆုံးလေးများ သိစေချင် ဆိုပြီး ချီတက်လမ်းလျှောက်ချင်ကြတယ်။ ဒါတော့ ရဘူးလေ။ လုံ/ထိမ်းတွေက ကျောင်းအပြင်မှာတင် စောင့်နေတာ။ ကန်ဘောင်ကနေထွက်ရင် အိုင်ဘီစီနေရာကြီးမှာ သံဆူးကြိုးတွေ အလိပ်လိုက်ချထားတယ်။ အဲဒီမှာ နံမယ်ကျော် တံတားဖြူ ရင်ဆိုင်တိုက်ပွဲ စတော့တာပဲ။ ရိုက်သလားလို့ မမေးနဲ့တဲ့။ သူငယ်ချင်းနှစ်ယောက် အိမ်ပြန်မရောက်တော့ဘူး။ လပေါင်းများစွာကြာမှ မသေလို့တွေ့ရတယ်။ ခုမှတော့ ဘယ်အဆောင်ကကျောင်းသားမှ အိပ်နိုင်တော့မယ် မထင်ပါဘူး။ ပါသွားပြန်ပြီ။ ဆွဲသွားပြန်ပြီ။ မိဝေးဘဝေးမှာ အတူနေအတူစားနေတဲ့ ကျောင်းသားချင်းဆိုတဲ့ စိတ်ကို ဘယ်လိုဖျောင်းဖြနားချမှုမျိုးကမှ ဘာသိဘာသာ ကိုယ့်ဟာကိုယ်နေခိုင်းလို့ ရမယ် မထင်ပါဘူး။ သည်ကနေ့ဘဘကြီးတွေ နောက်ကြောင်းပြန်လှည့်သွားလို့ ရချင်ရလိမ့်မယ်။ အဲသည်အချိန်က ကျောင်းသားတွေ နောက်ကြောင်းပြန်လှည့်ဖို့ကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။

(ဆက်ဦးမှာ)

credit to Dr Soe Min

13 comments

  • garfield

    August 14, 2013 at 5:20 pm

    ကောင်းလိုက်တာ ဆရာ ပြောမှပဲ။
    သိကြဟ။
    မှတ်ကြဟ၊.

    ၊နို့မို့ “”ထစ်ကနဲ စိ တားဒို့ကို ပေါနေဒါပဲ”” လာမပြောနဲ့။
    တား ဒို့ ဘဘကြီးများ အစဉ်အဆက် လက်ချက်ကြီးပဲ။ 🙁

  • ဦးကျောက်ခဲ

    August 14, 2013 at 7:25 pm

    တော်တော်လေး လူစုမိလာတော့ ဟေးလားဝါးလားဇာတ်လမ်းကနေ တရားပွဲ လုပ်ချင်လာတယ်။ လူတစ်ယောက်က ကလေးတွေ နင်ဂျာလုပ်တမ်းကစားတုန်းကလို ပုဆိုးကို မျက်လုံးပေါ်ရုံစည်းပြီး တရားတက်ဟောတယ်။

    တဆင့်အမြဲ တင်ပေးတဲ့ ကိုယ့်ဆြာရေ… စကားစလေးပါးပေးပါ…
    ကိုစိုးမင်းကို ပူးသတ်တာဘယ်လိုတော်တဲ့ အကြောင်း ချီးမွန်းပါတယ်လို့…
    ကိုစိုးမင်းကို… မမြင်ရဘဲ ထည့်သွားတဲ့အလုံးတွေ အတွက်တာဝန်ယူပါ သလားလို့ပါ…
    သက်ရှိ ထင်ရှား ၂၅နှစ်ဆိုတာကို ခင်ဗျားမို့ ဝေလေလေလုပ်ရက်တယ်ဗျာ…ကိုစိုးမင်း
    အမှန်က ညှိမရတဲ့ကျောင်းသားတွေကို အော်လံမရှိလို့ စည်တိုတီးပြီး Attention ယူလိုက်တာ၊
    နောက်ပြီး ကိုဋ္ဌေးကြွယ်က မန်းတက္ကသိုလ်က၊ ခင်ဗျားမို့ လုပ်ကြံရက်တယ်ဗျာ…

  • kai

    August 15, 2013 at 4:34 am

    ၈၈အရေးတော်ပုံက မတော်တဆ.. ဝုန်းဆိုဖြစ်တာမဟုတ်ပါဘူး..
    သေသေချာချာတိုက်ဆိုင်ဖြစ်တာပါ….လို့.. ဆရာကိုစိုးမင်း သမိုင်းလှန်ရင် မြင်မှာပါ…။

    ၁) ဦးအောင်ကြီးရဲ့ဦးနေဝင်းဆီပေးစာတွေ
    ၂) ဦးနေဝင်းကိုယ်တိုင်ရဲ့.. လုပ်ဆောင်မှုတွေ..
    ၃) ၆၂-၇၄-၇၅-၇၆ ခေါင်းဆောင်ဟောင်းတွေ
    ကဏ္ဍထည့်ကိုတွက်ရလိ်မ့်မယ်..

    အဓိကကတော့.. ဦးနေဝင်းကိုယ်တိုင်ပါပဲ..။
    သူကမှားချင်ယောင်ဆောင်ပြီး နင်းသွားတဲ့အကွက်တွေက.. ကျွံသွားချိန်… ၆၂-၇၄-၇၅-၇၆ ခေါင်းဆောင်ဟောင်းတွေ ဆွဲယူပွဲသိမ်းလိုက်တယ်လို့ယူဆမိပါကြောင်း….

    • koyinmaung

      August 15, 2013 at 9:45 pm

      ကျနော်လဲ အဲ့ဒီလိုဘဲထင်ပါတယ် တကယ်က
      ၈၈မဖြစ်ခင် အောင်ကြီးနဲ့ဦးနေဝင်းပေါင်းပြီး
      စနစ်ပြောင်းဘို့ကြိုးစားနေတာအသိသာကြီး
      အောင်ကြီးရဲ့ ဦးနေဝင်းထံပေးတဲ့အိပ်ဖွင့်ပေးစာတွေအပြင်ကိုထွက်လာပေမဲ့
      အောင်ကြီးကို ဘာမှအရေးမယူတာကိုကြည့်ယင် ဦးနေဝင်းရဲ့ပရောဂမကင်းမှန်းသိသာပါတယ်..
      တကယ်ရည်ရွယ်ယင်းက တိုင်းပြည်ကိုပါတီစုံလုပ်မယ် ပြည်သူတွေပါတီတွေဖွဲ့
      ပြည်သူဆန္ဒနဲ့အစိုးရအဖွဲ့ မွဲ့နေတဲ့တိုင်းပြည်ကိုအဖတ်ဆယ်ဘို့ပါ
      ဒီလိုဖြစ်လာယင် ဦးနေဝင်းကတိုင်းပြည်ရဲ့နာယကကြီးနေရာမှာနေပြီး
      နာမည်ကောင်းယူဘို့ပါ..
      ဖြစ်ချင်တော့ ပါတီညီလာခံမှာ ဦးနေဝင်းကနေ တစ်ပါတီကြိုက်လာ ပါတီစုံကြိုက်လာ
      ပြည်သူ့ဆန္ဒခံယူဘို့ဆိုပြီးမိန့်ခွန်းထဲမှာထည့်ပြောလိုက်တော့…
      သူ့လက်အောက်ကစိန်လွင်တို့အုပ်စုက ပါတီစုံကမကောင်းပါဘူး ဦးနုတို့လက်ထက်ကလဲ
      ပါတီစုံလုပ်ခဲ့တာတိုင်းပြည်ကြီးအစိတ်စိတ် အမွာမွာဖြစ်ခါနီးထိကြုံခဲ့ရပါတယ်..
      တစ်ပါတီဘဲကောင်းပါတယ်လို့ လုပ်လိုက်ပါရော..
      ဒီမှာတင် ဦးနေဝင်ကြီးဒေါသပုံထပြီးရှေ့က စားပွဲကိုလက်သီးနဲ့ထုတယ်လို့တောင်
      အပြင်မှာသတင်းတွေထွက်ခဲ့ဘူးပါတယ်..
      ၈၈အရေးအခင်းဖြစ်တော့ အောင်ကြီး ပဒုံမ္မာကွင်းမှာမိန့်ခွန်းတက်ပြောတော့
      ပြည်သူကိုသတ်ခဲ့တဲ့စစ်တပ်ကို တပ်မတော်သာအမိတပ်မတော်သာအဖဆိုပြီး
      အမွန်းတင်လိုက်ပါသေးတယ်..
      သူကိုတိုင်ကျတော့သေမှာကြောက်လို့ ဟောပြောမဲ့စင်ပေါ်တက်တဲ့အခါအင်္ကျ ီအောက်မှာကျည်ကာ
      ခံဝတ်ထားတွေ့ခဲ့ဘူးပါတယ်…
      တကယ်တော့အောင်ကြီးဟာဦးနေဝင်းရဲ့ပါတနာတယောက်ပါ…..

      • kai

        August 16, 2013 at 2:14 am

        History repeats itself, first as tragedy, second as farce.
        Karl Marx

        အခု”စာဖတ်နေသူကြီး”က… အဲဒီမအောင်မြင်သွားတဲ့သမိုင်းကို.. Repeat လုပ်နေတယ်လို့… မထင်မိဖူးမဟုတ်လား…
        ဆိုတော့..
        ပြောရရင်.. အခုဖြစ်နေတဲ့ပြောင်းလဲမှုတွေအားလုံးရဲ့..အဓိကကြိုးကိုင်ဟာ.. “သူ”ပဲ..။ :mrgreen:

  • Zaw Thant

    August 15, 2013 at 9:48 am

    .. သိပ်မမှီလိုက်တဲ့ ကိစ္စတွေ ဆိုတော့ ဟိုဖက် ဒီဖက် ကြားလူ ရေးတဲ့စာတွေအမျိုးမျိုးဖတ်ပြီး ဟိုတစ ဒီတစ ပြန်စွဲယူပုံဖော်နေရတယ်..

  • Myo Thant

    August 15, 2013 at 11:05 am

    ( တော်တော်လေး လူစုမိလာတော့ ဟေးလားဝါးလားဇာတ်လမ်းကနေ တရားပွဲ လုပ်ချင်လာတယ်။ လူတစ်ယောက်က ကလေးတွေ နင်ဂျာလုပ်တမ်းကစားတုန်းကလို ပုဆိုးကို မျက်လုံးပေါ်ရုံစည်းပြီး တရားတက်ဟောတယ်။ မျက်နှာကျတော့ မြင်မှာစိုးလို့ ဝှက်ထားသတဲ့။ ဟောတဲ့တရားက သူက ဦးသန့်အရေးအခင်းတုန်းက ကျောင်းသားသမဂ္ဂဖွဲ့ထားတဲ့အထဲက ကျောင်းသားခေါင်းဆောင် ဘယ်သူဆိုလားပဲ။ ဘာတွေပြောမှန်းလည်း မသိပါဘူး။ )

    ခင်ဗျား ဘယ်သူဆိုတာ ကျနော် မသိပါဘူး ၊
    ဒါပေမယ့် ခင်ဗျားရေးတဲ့ အသုံးအနူန်းတချို့က သိပ်မဟုတ်ဘူးနော် ၊
    သေသေချာချာ မသိရင် မရေးနဲ့ဗျာ ၊

    • ဦးကျောက်ခဲ

      August 15, 2013 at 11:18 am

      ထောက်ခံတယ် ကိုမျိုးသန့်
      မူရင်း ရေးသူက ဒေါက်တာစိုးမင်းပါ…
      ဒီလူ သူ့ကိုယ်သူ Realism ပုံဖမ်း၊ နိုင်ငံရေး သုထမိန်လိုလို ဘာလိုလိုနဲ့…
      အရေးတော်ပုံကို တလွဲသမိုင်းနဲ့ ကပ် “ထည့်” တာ များနေပြီ…
      ဟိုဘက်မှာလည်း “အင်းယားလမ်းထဲက နိုင်ငံကျော် မင်းသားကြီး အိမ်” တဲ့..
      ၄၆နှစ်နဲ့ အတိတ်မေ့သွားရင် လာခဲ့… ဖနောင့်နဲ့ပေါက်ပေးမယ်လို့ ပြောချင်နေတာ

  • ရွှေမိုးတိမ်

    August 15, 2013 at 1:54 pm

    တမီးတို့တော့ မမွေးသေးပါဘူး ။ ဒီလိုပဲ သိမှီသူတွေပြောတာ ဖတ်ရင်း ရှုရင်းပဲ အော် ဒီလိုတွေဖြစ်ခဲ့တာပါလားလို့ …………

  • kai

    August 15, 2013 at 2:12 pm

    .. ဒါမျိုးတွေလည်းရှိပါတယ်ဆိုတာ.. ဗဟုသုတအဖြစ်သိစေဖို့ပါနော…
    ရဲဘော် ဖိုးသံချောင်းဆိုတာ.. လူထုဦးလှနဲ့လူထုဒေါ်အမာရဲ့သားဖြစ်ပါတယ်..။

    =

    Eleven Media Group က အမှုဆောင် အယ်ဒီတာ နေထွန်းနိုင် ရဲ့ မြေးမြန်းချက်ကို ရဲဘော် ဖိုးသံချောင်း မှ ပြန်လည်ဖြေရှင်းချက် ……

    ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပါတီတည်ထောင်တာအနှစ်(၄၀)မြောက်တဲ့ ၁၉၇၉ခုနှစ်ကစပြီး ဗမာပြည်မှာ ပါတီစုံ စနစ်ပေါ်ပေါက်ရေးဆိုတဲ့အယူအဆကို ခေါင်းဆောင်ပိုင်းထဲမှာ ဆွေးနွေးခဲ့ကြပြီး ၁၉၈ဝခုနှစ်မှာဒီလမ်းစဉ်ကိုအတည်ပြု လိုက်ကြပါတယ်။
    အဲဒီနောက်မှာ ပါတီခေါင်းဆောင်တွေက ၁၃၀ဝပြည့်အရေးတော်ပုံတပ်သားများဆီကို လှုံ့ဆော်စည်းရုံးတဲ့စာတွေ ပေးပို့ ပါတယ်။ ကိုယ်နဲ့ရင်းနှီးသူတွေဆိုကို ပုဂ္ဂိုလ်ရေးသဘောညှိနှိုင်းတဲ့စာတွေဖြစ်ပါတယ်။ စာပါအကြောင်းအရာကတော့
    ”ဒီနေ့တိုင်းပြည်ရဲ့အခြေအနေကို မိမိတို့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်လုံးပမ်းခဲ့ကြစဉ်ကနဲ့ နှိုင်းယှဉ်ပြပြီး စစ်အာဏာ ရှင်စနစ်ကို မတိုက်ဖျက်နိုင်လျှင်မိမိတို့တာဝန်မကျေသေး၊ မိမိတို့မသေခင်မှာစစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပစ်ကြပါစို့” လို့ဆော်ဩထားတာဖြစ်ပါတယ်။ အချိန်အားဖြင့် ၁၃၀ဝပြည့်နှစ်အရေးတော်ပုံကြီး အနှစ်(၅၀)ပြည့်မြောက်ချိန်မှာ အရေး တော်ပုံ တစ်ခုပေါ်ပေါက်လာအောင်လုံးပမ်းကြဖို့လို့ရေးခဲ့ကြပါတယ်။ စာတွေကိုဗိုလ်ချုပ်နေဝင်းနဲ့ဦးနုအပါ နိုင်ငံရေးသမား ဟောင်းကြီးတွေ တော်တော်များများဆီကိုပို့နိုင်ခဲ့ပါတယ်။ အဲဒီပေးစာတွေပါသဘောထားကို လက်ခံရရှိသူအားလုံးနီးပါးက သဘောတူကြပါတယ်။ တချို့ကတက်တက်ကြွကြွတုံ့ပြန်ကြပါတယ်။ ဦးနုက “အရေးကြုံလာလျှင် မောင်နုကိုရှေ့ဆုံးက တွေ့စေရမည်”လို့ ပစပ်ကထုတ်ပြောပါတယ်။ ဦးကျော်ငြိမ်းကတော့ “ဒီတစ်ခါတော့ သခင်ဗသိန်းတင်တို့နဲ့ သဘောထား ချင်းကိုက်ညီတယ်”လို့ သူ့အတွင်းပိုင်းမှာပြန်ပြောပါတယ်။ ပမညတလောကကတော့ ဘာမှပြောသံပြန်မကြားရပါ။ ဗိုလ် အောင်ကြီးကတော့ သူရတဲ့စာကိုဗိုလ်နေဝင်းဆီသွားပြပါတယ်။
    အဲဒီနောက်မှာတော့ ကျွန်တော်တို့ပါတီက အရင်ကကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းတွေ၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်ဟောင်းတွေ၊ စာပေအနုပညာသည်တွေဆီကို စာတိုက်ကနေပို့စကဒ်တွေပို့ပြီး လှုံ့ဆော်ပြန်ပါတယ်။
    နိုင်ငံရေးလုပ်မရလို့ နိုင်ငံရေးနဲ့ကင်းကွာနေရတဲ့ နိုင်ငံရေးသမားတွေ၊ သမဂ္ဂခေါင်းဆောင်ဟောင်းတွေ စာပေအနု ပညာရှင်တွေကို နိုင်ငံရေးပြန်လုပ်ကြဖို့ နှိုးဆော်တဲ့သဘောပါ။
    တပါတည်းမှာပဲ မြေအောက်လုပ်ငန်းကလည်း ဒီစိတ်ဓာတ်၊ ဒီဦးတည်ချက်နဲ့ လုပ်ငန်းတွေလုပ်ကြပါတယ်။
    အရေးတော်ပုံကြီးကို သယ်ဆောင်သွားတာကတော့ ပြည်သူလူထုကြီးပါပဲ၊ အဓိကဇာတ်ကောင်ဟာ ပြည်သူ လူထုကြီးဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးမှာ ပြည်သူလူထုကြီး တခဲနက်ပါဝင်လို့လည်း ဒီအဆင့်ထိကြီးကျယ်ခဲ့၊ သမိုင်း ဝင်ခဲ့၊ ဂုဏ်ပြောင်ကြီးမြတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ကွန်မြူနစ်ပါတီကတော့ ကိုယ်သန်တဲ့၊ ကိုယ်နိုင်တဲ့အခန်းက တတ်စွမ်းသမျှပါဝင်ခဲ့တာဖြစ်ပါတယ်။
    အရေးအခင်းကြီးပေါ်ပေါက်လာတဲ့အခါမှာတော့ မြို့တွေမှာပြည်သူလူထုအပေါ် စစ်ဆင်နေတဲ့တပ်အင်အား လျော့ ပါးသွားစေဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ပြည်သူ့တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေလုပ်ပါတယ်။ ဒီနေရာမှာ တစ်ခ ုဖြတ်ပြောချင်ပါတယ်။ တချို့က အဲဒီအချိန်မှာ ဗကပတပ်တွေဘာလို့မြို့တွေထဲကိုဝင်မလာတာလဲ။ လာရင်လူထုက ကြိုဆိုကြမှာလို့ ပြောကြပါတယ်။ အပြစ်တင်တဲ့သဘောလည်းဆောင်ပါတယ်။ ပြောတဲ့လူတွေက စစ်ရေးသဘောကို သိပ် နားမလည်လို့ပြောတာပါ။ အဲဒီလိုအခြေအနေမျိုးမှာ အစိုးရဟာ မြို့ကာကွယ်ရေးတွေကို ပိုပြီးတင်းတင်းကြပ်ကြပ်လုပ်လေ့ ရှိပါတယ်။ မြို့သိမ်းဖို့မလွယ်လှပါဘူး။ ဒါကြောင့်ကျွန်တော်တို့ဟာ အသေနေရာယူထားတဲ့ရန်သူထက် လှုပ်ရှားနေတဲ့ ရန်သူကိုချေမှုန်းရေးလုပ်တဲ့နည်းကို ရွေးခြယ်ခဲ့ပါတယ်။
    အထင်ရှားဆုံးတိုက်ပွဲကြီးနှစ်ခုက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းကိုဝိုင်းထားပြီး စစ်ကူလာတဲ့အစိုးရတပ်တွေကို ချေမှုန်းတာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲ ကုန်းဆာအနီးမှာ တပ်မ(၉၉)ကစစ်ကြောင်းတစ်ကြောင်းကို ချေမှုန်း တာတွေလုပ်နိုင်ခဲ့ပါတယ်။ မိုင်းယန်းတိုက်ပွဲမှာ အစိုးရက တပ်မ(၈၈)၊ (၅၅)နဲ့ ရပခတို့ကတပ်ကူတွေလွှတ်ခဲ့ပြီး အဲဒိ တပ်ကူတွေကို ကျွန်တော်တို့တပ်တွေကချေမှုန်းတာအဓိကလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်တင်အောင်မြင့်ဦးပါ ဒဏ်ရာရသွားတဲ့ ဒီတိုက်ပွဲစဉ်တွေထဲမှာ အစိုးရတပ်က အရာရှိတွေအများဆုံး ကျဆုံးဒဏ်ရာရတယ်လို့ ပြောရင်ရမယ်ထင်ပါတယ်။ မြောက် ပိုင်းကတာမိုးညဲ၊ ကုန်းဆာတိုက်ပွဲမှာတော့ စစ်ကြောင်းတစ်ကြောင်းလုံး တစ်ယောက်မှမလွတ်ပဲ စစ်ကြောင်းမှူး- ဒုရင်း မှူးဗိုလ်မှူးလှမြင့်အပါ လူ၂ဝကျော်ကို သုံ့ပမ်းဖမ်းမိပါတယ်။
    ဆိုလိုတာ ကျွန်တော်တို့လည်း ကျွန်တော်တို့တတ်နိုင်သမျှလုပ်ခဲ့တယ်ဆိုတာပါ။

    ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပုံဖျက်ဖို့ကြိုးစားတယ်ဆိုတာတွေကို ကျွန်တော်တို့လည်းသတိပြုမိပါတယ်။ အဲဒီ လိုလုပ်ကြသူတွေထဲမှာ တချို့ကတော့ အရင်ကတည်းက ဆန့်ကျင်ဘက်ကရပ်ပြီး လူထုကိုတိုက်ခိုက်ခဲ့သူတွေဖြစ် ပါတယ်။ တချို့ကျတော့ အခုကျမှကိုယ့်အကျိုးစီးပွားအတွက် ပုံဖျက်ကြတာဖြစ်ပါတယ်။ အနည်းစုကတော့ ဘာမှတကယ် မသိ၊ မမှီလိုက်ပဲ ရမ်းရေး၊ ရမ်းပြောနေကြသူတွေဖြစ်ပါတယ်။
    ကျွန်တော့်အမြင်မှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ သမိုင်းဝင်အခန်းနဲ့ ကြီးကျယ်မြင့်မြတ်မှုကိုအသိအမှတ် ပြုနိုင်ဖို့ဆိုရင်-
    ၁။ ဒီအရေးတော်ပုံကြီးရဲ့နောက်ခံအနေအထားကို သဘောပေါက်နားလည်ရပါမယ်။ အဲဒီတုန်းကတိုင်းပြည်အခြေ အနေနဲ့ အဲဒီအရင်က တိုက်ပွဲအဆက်ဆက်ရဲ့ဖြစ်စဉ်တွေကို သဘောပေါက်အသိအမှတ်ပြုရပါမယ်။ လူထုကြီးပါဝင်မှုကို အသိအမှတ်ပြုရပါမယ်။
    ၂။ ဒီကနေ့အထိဗမာပြည်မှာဖြစ်ပေါ်နေတာတွေဟာ အရေးတော်ပုံကြီးရဲ့အဆက်တွေဖြစ်တယ်ဆိုတာကို အသိ အမှတ်ပြုရပါမယ်။
    ၃။ ဒီအရေးတော်ပုံကြီးအတွင်းမှာ ကျဆုံးသွားသူအားလုံး- တစ်ယောက်မကျန်- ဘယ်သူမှမတော်ကျည်မှန်လို့ ကျဆုံးခဲ့ကြတာမဟုတ်ဘူး၊ စစ်အစိုးရကတမင်သတ်ဖြတ်လို့သေခဲ့တယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။
    ၄။ ဒီကနေ့ အစိုးရလုပ်နေတာတွေဟာ ဒီအရေးတော်ပုံကြီးရဲ့မျှော်မှန်းချက်၊ တောင်းဆိုချက်တွေကိုရှောင်လွှဲဖို့ ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။
    ဒါကြောင့်ကျနော်တို့အနေနဲ့ ပြည်သူလူထုကို အရေးတော်ပုံကြီးရဲ့အခန်းကို မပြတ်ရှင်းပြနေ၊ အရေးတော်ပုံကြီး မပြီး ဆုံးသေးကြောင်း မပြတ်သတိပေးနေဖို့လိုပါတယ်။
    ရှစ်လေးလုံးသမိုင်းကိုပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်မှတ်တမ်းတင်ဖို့ဆိုတာ အမှန်ပဲလိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအရေး တော်ပုံကြီးကို နည်းမျိုးပေါင်းစုံဖြိုခွဲခဲ့ စစ်အုပ်စုရဲ့အမွေကိုဆက်ခံထားသူတွေ အာဏာရနေသရွေ့၊ ရှစ်လေးလုံးမှာ တက် တက်ကြွကြွပါဝင်ခဲ့တဲ့ အင်အားစုအားလုံးမပါဝင်နိုင်သေးသရွေ့ ပြည့်စုံဖို့မလွယ်ဘူးထင်ပါတယ်။

    လေးစားလျက်
    ရဲဘော်ဖိုးသံချောင်း
    https://www.facebook.com/ko.dore1/posts/542296952491655

  • kai

    August 15, 2013 at 2:14 pm

    ဒါလေးလည်းသိသင့်တယ်ထင်လို့ပါ…

    ==

    “ ၈ လေးလုံးကာလ ဗကပ တပ်တွေ ဘာလုပ်နေလဲ ”
    အောင်ဘ မောင်လှ ဆွေးနွေးခန်း (၂၈)
    စည်သူအောင်မြင့်
    မြန်မာပို့စ် ဂလိုဘယ်လ်၊ ၈-၈-၁၃။ စာ-၂၁။

    မောင်လှ – ကိုအောင်ဘ၊ ဒီနေ့ဟာ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ ၂၅ နှစ်မြောက် ငွေရတု တိုင်ခဲ့ပြီ။ ကျွန်တော် မှတ်မိသလောက် ၈ လေးလုံး အရေးတော်ပုံအကြောင်း ခင်ဗျား ပြောတာ တစ်ခါမှ မကြားဖူးသေးဘူး။ အခုဆို သတင်းစာ ဆရာတွေ၊ နိုင်ငံရေးသမားတွေ အပါအဝင် အတော်များများက ၈ လေးလုံး အရေးတော်ပုံအကြောင်း ပြန်ပြောင်း ပြောဆိုနေကြတာတွေ ဖတ်ရ၊ ကြားနေရတယ်ဗျ။ အဲတော့ ခင်ဗျားလည်း ခင်ဗျား အတွေ့အကြုံလေးတော့ လုပ်စမ်းပါဦး။
    အောင်ဘ – ခင်ဗျားသိတဲ့အတိုင်း ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်တဲ့ အချိန် ကျွန်တော်က ရန်ကုန်၊ မော်လမြိုင် စသဖြင့် မြို့ကြီး တစ်မြို့မြို့မှာ ရှိမနေဘူးဗျ။ ဆိုတော့ မြို့ပေါ်က ကိုယ်တွေ့အတွေ့အကြုံမရှိဘူး။
    မောင်လှ – အဲဒါဆို ခင်ဗျား ဘယ်ရောက်နေလဲ၊ ၈ လေးလုံး အကြောင်း အဲဒီ အချိန် ခင်ဗျား ဘာတွေ သိရသလဲ။
    အောင်ဘ – ၁၉၈၈ ခုလို အချိန်က ကျွန်တော် ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ဝ မြောက်နယ်မြေ၊ မိုင်းမော မှာ ရောက်နေတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေရဲ့ တာဝန်ပေးချက်အရ မိုင်းမောမှာ ဝ ကလေးငယ်တွေကို စာသင်ပေးတဲ့ ကျောင်းဆရာ လုပ်နေတယ်။ ပြည်မမှာ ၈ လေးလုံး အရေးအခင်း ဖြစ်တာနဲ့ ပါတ်သက်လို့ကတော့ ရေဒီယိုကနေ တဆင့် သိရတယ်။ အဲဒီအချိန် လှိုင်းတို ရေဒီယို တစ်လုံးနဲ့ ကျွန်တော် ရေဒီယို လိုင်းပေါင်းစုံ နားထောင်ဖြစ်တယ်။ ဘီဘီစီ၊ ဗွီအိုအေ၊ အော အင်ဒီးယား၊ မြန်မာ့အသံ စသဖြင့်ပေါ့ဗျာ။
    မောင်လှ – အော် ခင်ဗျားက ဟိုး- ရှမ်းပြည်နယ်၊ ဝ နယ်ထဲက မိုင်းမော မှာ ရောက်နေတာကိုး။ ဘယ်နည်း ဘယ်ပုံ ရောက်သွားတာလဲ။ လုပ်စမ်းပါဦး။ စပ်စုတယ် မဟုတ်ရပါဘူး။
    အောင်ဘ – ဒီလိုဗျ။ အဲဒီ အကြောင်းပြောရင် ကျွန်တော့် ငယ်ငယ်က အတိတ်အကြောင်းတွေပါ ပြန်ပြောမှ ဖြစ်မယ်။
    မောင်လှ – လိုအပ်ရင်လည်း ပြောပေါ့ဗျာ။
    အောင်ဘ – ကျွန်တော်က ၁၉၈၁ မှာ ၁ဝ တန်းအောင်တယ်။ နောက်တော့ မော်လမြိုင် တက္ကသိုလ်မှာ ပထမ နှစ်တက်တယ်။ တက္ကသိုလ် တက်နေတုန်းမှာ သူငယ်ချင်းတွေနဲ့ စုပြီး ကဗျာစာအုပ် တစ်အုပ်ထုတ်တယ်။
    မောင်လှ – တရားဝင်လား။
    အောင်ဘ – ဘယ်လို ပြောရမလဲ။ အဲဒီခေတ်က တက္ကသိုလ်ကျောင်းသားတွေ အဲလိုပဲ ကဗျာစာအုပ် ဘာညာ တက္ကသိုလ်မှာ ကိုယ့်ဖာသာကိုယ် ထုတ်ကြတာပဲ။ ခပ်တိုတိုပဲ ဖြတ်ပြောမယ်ဗျာ။ မဟုတ်ရင် ၈ လေးလုံးအကြောင်း ရောက်တော့မှာ မဟုတ်ဘူး။ အဲဒီ ကဗျာ ထုတ်လို့ဆိုပြီး ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် အဖမ်းခံရတယ်။ ထေက်လှမ်းရေးက ဖမ်းတဲ့အချိန် ကျွန်တော်က မေမြို့စစ်တက္ကသိုလ် အပါတ်စဉ် ၂ရ မှာ ဗိုလ်လောင်းအဖြစ် ကျောင်း စ တက်နေပြီ။ တိုတိုဆိုကြပါစို့ရဲ့၊ အဖမ်းခံရတယ်။ အတူတူ အဖမ်းခံရသူတွေထဲမှာ ကဗျာဆရာ ရွှေရတောင်ကုတ်၊ အခု စာနယ်ဇင်းကောင်စီ လူကြီး ဖြစ်နေတဲ့ ဦးမြင့်ကျော် တို့လဲ ပါတာပေါ့ဗျာ။ ဆရာရွှေရကတော့ ဆုံးသွားရှာပါပြီ။
    မောင်လှ – ဘာအမှုနဲ့လဲ။
    အောင်ဘ – ပုဒ်မ ၅ ည၊ နောက် တရားမဝင် ပုံနှိပ် ထုတ်ဝေမှု အဲဒါတွေနဲ့။ နောက် ထောင်ထဲမှာ တစ်နှစ်ခွဲလောက်ကြာပြီး အမိန့်ချ၊ လွတ်၊ အပြင်ပြန်ရောက်တော့ စဉ်းစားတယ်၊ မဆလ အစိုးရကို မြို့ပေါ်ကနေ ဒီလိုပဲ ဆန့်ကျင်ရင် ခဏ ခဏ အဖမ်းခံရမယ်၊ ဒီတော့ လက်နက်ကိုင် တိုက်မယ်၊ အဲဒီ အတွက် တောခိုမယ် ဆိုပြီး ဆုံးဖြတ်လိုက်တယ်။
    မောင်လှ – ဗကပ ရောက်သွားရောလား။
    အောင်ဘ – ဟင့်အင်း၊ သူငယ်ချင်းတစ်ချို့က မော်လမြိုင် ထောင်ထဲမှာ ကေအဲန်ယူ က ရဲဘော်တစ်ချို့နဲ့ သိကျွမ်းလာတယ်။ ပြန်လွတ်လာတော့ သွားဆက်သွယ်တယ်။ အဲဒီအခါ သူတို့က လာပါ၊ ကရင် မဟုတ်လည်း မဆလ အစိုးရကို အတူတူ လက်တွဲ တိုက်လို့ရပါတယ်၊ ဆိုတော့ သွားတယ်။ နောက်ပိုင်း နိုင်ငံရေး ဆိုတော့ သိတဲ့အတိုင်း သဘောမတူတာတွေ၊ အဖွဲ့အစည်းတွင်း တိုက်ပွဲတွေ ဆိုတာ ရှိလာတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးတိုက်ပွဲထဲ ထဲထဲဝင်ဝင် ဝင်ပါဖို့ ကျွန်တော်က ကရင်လည်း မဟုတ်ပြန်ဘူး။ ဒီတော့ ဗကပ ဆီ သွားဖို့ ဆုံးဖြတ်လိုက်တယ်။
    မောင်လှ – ထူးထူးဆန်းဆန်း။
    အောင်ဘ – ဟုတ်တယ်။ အဲဒီအချိန် ကေအဲန်ယူနဲ့ ဗကပ ဆိုတာ နိုင်ငံရေးလမ်းစဉ်မှာ ပြဒါးတစ်လမ်း သံတစ်လမ်း။ အဲဒီခေတ် အဲဒီ အခါက ကေအဲန်ယူကနေ ဗကပ ဆီ တရားဝင် ကူးပြောင်းတာ ၂ ဦးပဲ ရှိတယ်။ တစ်ယောက်က စောကိုဦး လို့ခေါ်တဲ့ ဆရာဂျက်ကော့ နဲ့ ကျွန်တော်တို့ မိသားစု၊ အဲဒီ အချိန် ကျွန်တော်က အိမ်ထောင်ကျ ကလေး တစ်ယောက် ရနေပြီ။
    မောင်လှ – နောက်တော့ ဗကပ ရောက်ရော ဆိုပါတော့။
    အောင်ဘ – ၁၉၈ရ ကေအဲန်ယူ ကနေ ဗကပ ကို သွားတယ်။ လမ်းမှာ ရှမ်းပြည်ထဲက ခွန်ဆာနဲ့ ရှမ်းတပ်၊ ဗကပ တပ်တွေ တိုက်ခိုက်နေတဲ့ လွယ်လန်းတောင်ကြောမှာ ၆ လ ကျော် နေခဲ့ရသေးတယ်။ ၈ရ ကုန်ခါနီးမှာ ဗကပ ဗဟိုဌာန ချုပ် ပန်ဆန်းကို ရောက်တယ်။ အဲဒီမှာ ရောက်ပြီး ရက်တစ်ချို့ပဲ နေရတယ်။ ဝ မြောက်ကို စေလွှတ်လိုက်တယ်။ အဲဒီမှာ ကျောင်းဆရာ လုပ်ရတယ်။
    မောင်လှ – ဆိုတော့ ပြောစမ်းပါဦး။ ၈ လးလုံးအကြောင်း ခင်ဗျားဘယ်လောက် သိလဲ။
    အောင်ဘ – ရေဒီယိုမှာ ပါတာတွေပေါ့ဗျာ။ မြို့ပေါ်မှာ ကျောင်းသားတွေ၊ ပြည်သူတွေ မဆလ အစိုးရကို ဆန္ဒပြ တော်လှန်နေကြတာ ကြက်သီးမွေးညှင်းထ လောက်အောင် ခံစားရတယ်။ ရေဒီယိုမှာ ပါသလောက် ဖြစ်ပျက်နေတာတွေကို သိတယ်။ ကျွန်တော် ဆင်ခြင်သုံးသပ်မိတာက လူထုတွေက မြို့ပေါ်မှာ လက်နက်မဲ့ တော်လှန်နေကြတယ်။ ဒါဟာ လက်နက်ကိုင် တော်လှန်ရေးနဲ့ ပေါင်းစပ်နိုင်မလားပေါ့။ ကျွန်တော်ကိုယ်တိုင် ဗကပ ထဲရောက်နေတော့ ကျွန်တော် သိတာ မပေါင်းစပ်နိုင်ဘူး။ ဒီတော့ မြို့ပေါ်မှာ ဘာဆက်ဖြစ်နိုင်မလဲပေါ့။
    မောင်လှ – ဘာဆက်ဖြစ်မယ်လို့ ခင်ဗျား သုံးသပ်သလဲ။
    အောင်ဘ – ကျွန်တော် မှတ်မိသလောက် ဆိုရင် ၈၈ ဩဂုတ်လ ၈ ရက်နောက်ပိုင်း အရေးအခင်းကြီး ဒီရေ အမြင့်ဆုံး ရောက်နေချိန်အထိ ဘာ အပြောင်းအလဲမှ ကောင်းကောင်း ဖြစ်တာ မကြားရဘူး။ ကျွန်တော့် စိတ်ထဲထင်တာ၊ ပြည်သူတွေရဲ့ ဒီ ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းတော့မယ်။ ပြည်သူတွေကို ကယ်မယ့်သူ မရှိဘူး၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကလည်း ဝင်ကယ်နိုင်မှာ မဟုတ်ဘူး။ ပြည်သူတွေ သေကြ ကြေရတော့မယ် ဆိုပြီး အတော်လည်း ဝမ်းနည်းမိတယ်။ မှတ်မှတ်ရရ၊ တစ်ညမှာ အတော် ငိုကြွေးမိတယ်။
    မောင်လှ – အော်၊
    အောင်ဘ – ဟုတ်တယ်။ ၈ လေးလုံးနဲ့ ပါတ်သက်ပြီး ကျွန်တော် မျက်ရည်ကျရတာ ၂ ကြိမ်။ အဲဒီ တစ်ကြိမ် မျက်ရေ ကျပြီးနောက် တကယ့်တကယ် စက်တင်ဘာ ၁၈ စစ်တပ်က အာဏာသိမ်း၊ အကြမ်းဖက် နှိမ်နင်းတဲ့အခါ ကျွန်တော် မျက်ရည် မကျတော့ဘူး။ နောက်တစ်ကြိမ်ကတော့ မြို့ပေါ်က ကျောင်းသားတွေ တောခိုလာပြီး ပန်ဆန်းရောက်တဲ့အခါ ၁၉၈၉ သင်္ကြန်ကာလ မှာ ၈ လေးလုံးကာလ စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာကို ပါဖောမင့် လုပ်ပြကြတယ်။ အဲဒီ အချိန်လည်း မျက်ရည်ကျခဲ့ရတယ်။
    မောင်လှ – ဟူး၊ ခင်ဗျားတို့ ဗကပ စစ်တပ်က ဘာလုပ်နေလဲ။
    အောင်ဘ – ပြောရရင် ကျွန်တော်က အတော်ခေါင်တဲ့ ဝ မြောက်မှာ ရောက်နေတာရယ်၊ ကေဒါတစ်ယောက်လည်း မဟုတ်တာရယ်ကြောင့် အဲဒီ အချိန် ဗကပ ဘာလုပ်နေလဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် သိချင်တယ်။ ဒီလိုနဲ့ ကျွန်တော့်ကို မြောက်ပိုင်းဗျူရိုမှာ တာဝန်ထမ်းဆောင်ဖို့ ဆိုပြီး ဌာနချုပ် ပန်ဆန်းကို ပြန်ခေါ်တယ်။ အဲဒီအချိန် ပန်ဆန်းရောက်တော့ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဦးစိုးသိမ်းက ခေါ်လို့ သူနဲ့ တစ်ယောက်ချင်း တွေ့ခွင့်ရတယ်။ သူက ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ကေအဲန်ယူက ကိစ္စတွေ မေးတယ်။ ကျွန်တော် သူ့ကို ပြန်မေးတာကတော့ ၈၈ အရေးအခင်းကာလ မြို့ပေါ်မှာ ဒီလောက် ပြည်သူတွေ အုံကြွတော်လှန်နေတာ ဗကပ တပ်တွေ မလွှတ်ဘူးလားပေါ့။
    မောင်လှ – ဒါနဲ့ သူက ဘာပြောလဲ။
    အောင်ဘ – သူက ခပ်တည်တည် ပြောတယ်။ ငါတို့ အမှတ် ၄ တပ်မတော်ကြီး လွှတ်လိုက်တယ်လေ၊ မေမြို့အနားက ဖြတ်သွားတယ် ဆိုတာ မင်း ရေဒီယို သတင်းတွေမှာ မကြားမိဘူးလား တဲ့။ ဒါနဲ့ ကျွန်တော် ကြောင်သွားတယ်။ ဘာဆိုလိုတာလဲပေါ့။ နောက်မှ သိတာ သူပြောတဲ့ အဓိပ္ပါယ်က မြို့ပေါ်မှာ ပြည်သူတွေ အဲလို တော်လှန် အုံကြွနေပေမယ့် ဗကပ တပ်ကတော့ ဘိန်းဖြူသယ်တဲ့ လမ်းကြောင်းမှာ ခွန်ဆာ တပ်တွေနဲ့ ထိုင်းနယ် စပ်မှာ စစ်မျက်နှာသစ်ဖွင့် သွားတိုက်နေတယ် ဆိုတာပဲ။
    မောင်လှ – ဖြစ်မှ ဖြစ်ရလေဗျာ။
    အောင်ဘ – ဒါက ပေါ်လစ်ဗျူရို ခေါင်းဆောင်ကိုယ်တိုင် ကျွန်တော့်ကို ပြောတာ။ အခြားသူ တစ်ယောက်ယောက်က တဆင့်ခံ ပြောရင် ကျွန်တော် ယုံတောင် ယုံမှာ မဟုတ်ဘူး။ နောက်ပိုင်း ၈၈ အရေးအခင်းမှာ တက်တက်ကြွကြွ တိုက်ပွဲ ဝင်ခဲ့ပြီး လက်နက်ကိုင်ဖို့ တောခိုလာတဲ့ ကျောင်းသားတွေနဲ့ နှစ်တစ်ချို့ အတူတွဲ နေခဲ့ရတော့ ၈ လေးလုံးအကြောင်း ပိုသိလာတာပေါ့ဗျာ။ အဲလောက်ပါပဲ။
    မောင်လှ – အဲတော့ ခုလို နှစ်ပါတ်လည် မှာ ခင်ဗျား ဘာတွေ စဉ်းစားမိလဲ။
    အောင်ဘ – ၈လေးလုံး အရေးအခင်းမှာ ပြည်သူတွေ ဒီမိုကရေစီ အရေး တောင်းဆိုတာကို စစ်တပ်က အာဏာသိမ်းတာနဲ့ အဖြေပေးလိုက်တယ်။ နောက်တော့ မဆလ ထက် ပိုဆိုးတဲ့ စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုကာလမှာတော့ စစ်တပ်နဲ့ အတိုက်အခံတွေ၊ ပြည်သူတွေ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်နေကြပြီ။ အဲဒီအချိန်က အသက်၊ သွေးချွေး ပေးဆပ်သွားတဲ့ ပြည်သူတွေ လိုလားမျှော်လင့်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုတော့ မရောက်သေးဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု၊ မင်းကိုနိုင်၊ ကိုကိုကြီး တို့လို ကျောင်းသားခေါင်းဆောင် တွေရဲ့ ခေါ်ဆောင်မှု နောက်ကနေ ဒီမိုကရေစီ ပန်းတိုင်ရောက်သည်အထိ ညီညီညွတ်ညွတ် လိုက်ပါကြရမယ်။ လိုအပ်ရင် အကြမ်းမဖက်တဲ့ နည်းနဲ့ တိုက်ပွဲ ဝင်သင့် ဝင်ရဦးမယ်။ အစိုးရဘက်က ဒီမိုကရေစီ တကယ်လိုလားသူတွေ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တကယ် လိုလားသူတွေကိုလည်း အားပေးရမယ်၊ ကူညီ ပံ့ပိုးပေးရမယ်။ ဒါပဲပေါ့။
    မောင်လှ – ကောင်းပါပြီဗျား။ ကောင်းပါပြီ။
    စည်သူအောင်မြင့်
    “ ၈ လေးလုံးကာလ ဗကပ တပ်တွေ ဘာလုပ်နေလဲ ”

Leave a Reply