အဖေနုစဉ်က ပုံဟောင်းလေးပါ..

အဖေနုစဉ်က ပုံဟောင်းလေးပါ..(အဲတုန်းက ဓါတ်ပုံဆိုင်တွေ မခေဘူးနော်..)

 

 

 

ဘ၀တစ်ခုအစပြု… When I was born…

ကျုပ်ကို မွေးတော့ တိုင်းပြည်ကခပ်ယဲ့ယဲ့

မုန်တိုင်းကထန်ထန်

သေနတ်သံတွေညံနေတဲ့အချိန်ပေါ့

အော်..မွေးကတည်းက

စစ်နဲ့ရင်းနီးခဲ့ရပေသကိုး

 

ကျုပ်အထက်ကိုကြည့် တွက်စစ် လိုက်တော့..

အစ်မ အစ်ကိုတွေ တွေ့ လိုက်ရဲ့

ဘုရား..ဘုရား..ဘုရား..

ကျုပ်ကနံပါတ်လေး..ဆိုပါလား

တရုတ်အလိုအရ `လေး´ ဆိုတဲ့ `ဖိုး´

သေမျိုးချည်းတဲ့..မသေတောင် ဘ၀မှာ

မအောင်မြင်နိုင်ဘူးဆိုပဲ..

မဟာဘုတ် ကိုတွက်ကြည့်ပါလား

`ပုတိဖွား´ အခုသိသွားပလား

 

 

 

ဟုတ်လည်းဟုတ်နိုင်ရဲ့

ကျုပ်ခမြာ မွေးကတည်းက

ထိန်းလို့မရ သွားရည်တွေကျ

သိပ်ဝတဲ့ကျုပ် လည်ပင်းနဲ့ရင်ဘတ်စွန်း

သွားရည်စား အသားနီလန်

ဒုက္ခတွေ ငယ်ငယ်နဲ့ ခံနေရလေရဲ့…

ဘယ်လိုမှမဖြစ်စေရ …ကျုပ်အဖေဒီလိုတွေး…

နားလည်တဲ့ တရုတ်အဖိုးအို ကိုမေးတော့

တရုတ်တွေ ယုံကြတဲ့ `ဖုန်းရွှေ´ကို    (FENG SHUI)

အဆုံးမွှေကာကြည့်လိုက်တော့

ကြက်မလေးနဲ့ပေးစား

ကျုပ်အခန်းမှာ နှစ်ရက်တောင်

ကုတင်ဘောင်မှာချည်နှောင် ထားရမတဲ့…

အမေ့နို့တောင် မစို့ရ

နွာနို့ကို ဗူးနဲ့ ထား

ကြက်မနဲ့ကျုပ်လင်မယားတဲ့

အော်..ငယ်ငယ်ကထဲက ကြက်နဲ့ညား

ချက်စားလို့လဲမရ…

နှစ်ရက်ပေါင်းပြီး ကွာရှင်း

တောအတွင်း သွားလွှတ်ရမတဲ့

ခက်သားကလားဗျာတို့

ဒါတင်အားမရ တရုတ် အဖိုးကအစွမ်းပြ

လက္ခဏ တစ်ချက်ပြပါဆိုပြီး

ပဉ္စပွတ် နင်လွတ်တော့လို့

ရှေ့ရေး အစစအေးစေဖို့

ငယ်နာမည်ကိုဖျောက်လို့

နာမည်သစ်လေးပေးခဲ့လေရဲ့

 

မှတ်မှတ်ရရ ကျုပ်နှစ်နှစ် သားမှာ

ရေဒီယိုက စစ်သီချင်းတွေလွှင့်

အပြစ်ကင်းလား မကင်းလားကျုပ်မသိ

ကျုပ်အဖေမျက်နှာကြည့်တော့

ခပ်တင်းတင်းတွေ့မိတယ်

ခပ်နွဲ့နွဲ့ကျူပ်

အဖေ့ကိုမော့ကြည့်တော့

အဖေ့လက်မောင်းမှာ ဗန္တုလ ခမေါက်မြင်ရဲ့

အဲဒီခမေါက်အောက် သုံးရစ်ရောက်လို့ပေါ့

 

 

စစ်သားရဲ့ မျိုးဆက်ကလေး

ကျုပ်သတိရသေးသပေါ့

တစ်ထောင်ကိုးရာ ခြောက်ဆယ့်ခြောက်

ကျုပ်.. တစ်တန်းအရောက်မှာ

အဖေပေးတဲ့ မုန့်ဖိုးအကြွေစေ့

ကျုပ်မသုံးခင် သေချာစေ့စေ့ကြည့်တော့

ပိုက်ဆံပေါ်က မှုံတေတေပုဂ္ဂိုလ်

ဘယ်သူမှန်းမသိသေးပါပဲ

ကျုပ်ချစ်သွားသလိုပါပဲ

 

 

တစ်ခုသောနှစ်ရဲ့ ဂျူလိုင်လ

မှတ်မှတ်ရရ  တစ်ဆယ့်ကိုး

အဲ့ဒီနေ့က မိုးတွေကလဲသဲကြီးမဲကြီးရွာလို့

ကျုပ်တို့မိသားစု  ထမင်းဝိုင်း

မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့

ဟင်းတစ်ဖတ် ကျုပ်နှိုက်မယ်အလုပ်မှာ

ဖွင့်ထားတဲ့ နေရှင်နယ်ရေဒီယိုလေးက

ဝမ်းနဲပက်လက်သံနဲ့

တော်လဲသံလို ဥသြဆွဲ

ကျုပ်ဇက်ပိုးမှာ ဖျမ်းကနဲ

အဖေကပြောတယ် …

နှစ်မိနစ် ငြိမ်တဲ့…

ဘာကြောင့်မှန်းကျုပ်မသိခဲ့ပေမဲ့

ကျုပ်ငြိမ်ပြီးနေခဲ့ပါရဲ့

 

ဘ၀အစကတည်းက

စစ်အာဏာနဲ့ ရင်းနှီးခဲ့ရတဲ့ကျုပ်

ဗိုလ်လုပ်နေသူတွေကိုအားကျ

တစ်နေ့ ကျုပ်ဖြစ်ရမဟလို့

စိတ်ထဲမှာရည်မှန်း

ကျုပ်ဘ၀လမ်း ကြမ်းကြမ်း

ဖြတ်သန်းခဲ့ရသပေါ့

 

တဖြည်းဖြည်းနဲ့စာတွေဖတ်

စာတွေလည်းတတ်လာပါရော

အပြတ်သာ မပြောနိုင်တာ

လောကကြီးကို ကျုပ်မြင်တာ

အဖေနဲ့ဆန့်ကျင်လာပါလေရော…

 

တစ်နေ့….ဟုတ်ပါတယ်…အဲဒီနေ့ပေါ့

အဖေမျှော်စောင့်ခဲ့တဲ့နေ့

သူ့သားကျုပ်ကို ဗိုလ်လုပ်တဲ့လေ

ဗိုလ်ရွေး သွားရမဲ့ နေ့

ကိုယ်တွေးထားမိတဲ့အတိုင်း

ငါမကြိုက်တာတော့ ငါမလုပ်နိုင်

အဖေ့ကိုလည်းမလွန်ဆန်နိုင်

ကျုပ်ခေါင်းတွေ အတင်းကိုက်ပစ်လိုက်ပါရော

 

အော်…ဘာမှသာမဟုတ်

ဟိုတရုတ်အဖိုး ယတရာ ကြောင့်ထင့်

ပုတိဖွားခဲ့တဲ့ ကျုပ် လူ့ပြည်တလွှားလျှောက်သွားနေခဲ့တာ

ရွှေရတုတောင် ကျော်ခဲ့ပါပေါ့

ကျုပ်အဖေတောင် ကျုပ်ကိုစိတ်ချ

ထားခဲ့သွားတာ ခြောက်လကြာပေါ့….

အဖေဖြစ်စေချင်ခဲ့တဲ့ ကျုပ်ဗိုလ်မလုပ်ခဲ့ပေမဲ့

ဘုရားမကြိုက်တဲ့အလုပ်တွေ တစ်ခုမှမလုပ်ခဲ့တာ

အဖေသိသွားရှာလို့ ကျုပ်သေပျော်နေပျော်ပါပြီ။

 

အဖေ့ပုံနဲ့တစ်ရက်ထဲရိုက်ခဲ့တာလို့ အမေပြန်ပြောပြတယ်

အဖေ့ပုံနဲ့တစ်ရက်ထဲရိုက်ခဲ့တာလို့ အမေပြန်ပြောပြတယ်

 

 

 

 

အဖေခွဲခွါသွားတာ ၆လပြည့် အလှူလုပ်ဖို့ အမေ့အိမ်သွားတုန်း

အဖေ့ဓါတ်ပုံတွေ့တော့……………….

ငယ်ငယ်ကအကြောင်းပြန်တွေးမိတာလေးရယ် အမေပြန်ပြောပြတာလေးတွေရယ် ပေါင်းပြီး

အဖေ့အမှတ်တရ ချရေးမိတာပါ…

ရွာသူားအားလုံးကိုလေးစားခင်မင်လျှက်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၆၊ ၇၊ ၂၀၁၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)