ကျွန်တော်ဆိုတာ ခင်ဗျား မဖတ်တတ်ခဲ့တဲ့ကဗျာတစ်ပုဒ်
ရင်ဘတ်ထဲမှာ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့
ပင်လယ်ပြင်လို လှိုင်းထန်နေတဲ့သူ
အေးစက်နေတဲ့ ဆောင်းညအလယ်တောင်မှ
နေဆယ်စင်းထွန်းလို့ မီးလိုပူနေတဲ့သူ

ကျွန်တော်ဆိုတာ ခင်ဗျား နားမလည်နိုင်တဲ့ သံစဉ်တစ်ပုဒ်
ခပ်ရှရှ ဖွဲ့နွဲ့မှုတွေကြား အသံလှိုင်းတွေက ဓါးသွားတစ်လက်လို
လေယူရာ ယှိမ်းနွဲနေရသူ

ကျွန်တော်ဆိုတာ ခင်ဗျား အဖြေမရှာနိုင်တဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်
သီအိုရီတွေနဲ့ ညီမျှခြင်းတွေကြား
အဖြေမထွက်တဲ့ မသိခြင်းကိန်းတွေနဲ့ပဲ တည်ဆောက်ထားတဲ့သူ

ကျွန်တော်ဆိုတာ ခင်ဗျားမသိခဲ့တဲ့ ဂျိုကာရုပ်တစ်ကောင်
အမြဲပြုံးနေတဲ့ စပ်ဖြဲဖြဲမျက်နှာဖုံးတပ်ဆင်လို့
နှလုံးသားမဲ့ ရုပ်ဝတ္တုကို ထမ်းပိုးရင်း …
ငိုရင်တောင်မှ အများပြုံးစရာဖြစ်နေတဲ့
ဘယ်သူမှနားမလည်နိုင်တဲ့သူ

ရင်ဘတ်ထဲမှာ သံယောဇဉ်ကြိုးတွေတန်းလန်းစိုက်ဝင်လို့
ကျွန်တော်ဆိုတာ ခင်ဗျားမသိခဲ့တဲ့
ခင်ဗျားရဲ့ ရင်ဘတ်တစ်ခြမ်းဖြစ်ချင်ခဲ့သူ ….

ကျွန်တော်ဆိုတာ ခင်ဗျားကိုလွမ်းရင်တောင်မှ
အလွမ်းတွေကိုပဲ တင်းတင်းပွေ့ပိုက်လို့
အဖော်မဲ့တဲ့ လမ်းမှာ အိပ်မက်အသေတွေကိုဖက်တွယ်ရင်း
နောင်ဆို….လွမ်းတိုင်း ဘယ်တော့မှ အနားရောက်ဖို့မကြိုးစားတော့ဘူး …..

About မနှင်းဖြူ မှန်မှန်ပြော

Hnin Thae Phyu has written 32 post in this Website..