=========================

ချောင်းနက် မည်သော မြို့မကျ၊ တောမကျ အတန်ငယ် စည်ကားလှသော ကျေးရွာတစ်ရွာတွင် အလှူမင်္ဂလာပွဲများ ကျင်းပပြုလုပ်သည့်အခါ လော်စပီကာ (ဟွမ်း) ကြီးနှစ်လုံးသည် မပါမပြီး ဖြစ်လေသည်။  အလှူပွဲများ ဖြစ်သည်နှင့် ထိုထိုသော အလှူပွဲများ၏ မဏ္ဍပ်ထိပ်တွင် နေရာယူထားသည်မှာ ဤလော်စပီကာကြီး နှစ်လုံးပင် ဖြစ်လေသည်။ တစ်ခါတစ်ရံ အလှူပွဲနှစ်ခု တိုက်ဆိုင်သော အခါများတွင်မူ အဆိုပါ လော်စပီကာကြီး နှစ်လုံး ငှားရမ်းနိုင်သော အလှူရှင်မှာ ပို၍ ဂုဏ်ယူနေသကဲ့သို့ ယင်းအလှူမှာလည်း စည်ကားသော အလှူတစ်ခု ဖြစ်နေတတ်ပေသည်။ လော်စပီကြီးများ မငှားနိုင်သည့် အလှူမှာမူ မည်သို့သော လူမျိုးမှ ပြုလုပ်သည့် အလှူဖြစ်ပါစေ၊ ယင်းအလှူတွင် ခြောက်တိခြောက်ကပ် ဖြစ်၍ နေတတ်သကဲ့သို့ အလှူရှင်မှာလည်း မျက်နှာငယ်ရတတ်လေသည်။

ယင်းသို့ အရေးပါ အရာရောက်လှသည့် လော်စပီကာကြီးနှစ်လုံး မှာလည်း နယ်နယ်ရရ မဟုတ်ချေ။ အသံအား လွန်စွာ ကောင်းလှပေသည်။ ချောင်းနက်ရွာမှ ဖွင့်လိုက်သော အလှူမင်္ဂလာ သီချင်းအား အခြားသော ရွာနီးချုပ်စပ် များမှပါ ကြားရနိုင်လောက်အောင် အသံအောင်သော လော်စပီကာကြီးများ ဖြစ်လေ၏။ အသွင်အပြင် အားဖြင့်လည်း ခမ်းနားလှပေသည်။ အဆိုပါ လော်စပီကာကြီး နှစ်လုံးအား ရွှေချထားလေသည်။ လော်စပီကာကြီးများ အလှူမဏ္ဍပ်များတွင် တပ်ဆင်သည့် အခါတွင်လည်း အမြင့်ထောင်ရန် ဝါးလုံးအား အသုံးပြုခြင်း မဟုတ်ချေ။ စပါယ်ရှယ် အချောသတ်ထားသော ကျွန်းတိုင်ကြီးများကို အသုံးပြုတတ်လေသည်။

အလှူပွဲသို့ လာသော သူစိမ်းတရံများ အနေဖြင့် အလှူမဏ္ဍပ်ရှိ ကျွန်းချောလုံးကြီးများ၏ ထိပ်တွင် ရွှေရောင် တလက်လက် တောက်ပနေသော အဆိုပါ လော်စပီကာကြီး နှစ်လုံးအား မြင်မိသည့်အခါများတွင် မျက်လုံးပြူးကာ အံ့သြသွားတတ်ကြလေ၏။ အလှူရှင် များမှမူ အဆိုပါ ရွှေလော်စပီကာကြီးများအား လက်ညှိုးညွှန်ပြရင်းဖြင့် ၎င်း၏ အလှူပွဲအတွက် ဂုဏ်ယူဝင့်ကြွားမဆုံး ဖြစ်နေတတ်လေ၏။ အလှူမင်္ဂလာနှင့် စပ်လျဉ်းသော စကားများအား ဆိုရာတွင်လည်း ရွှေလော်စပီကာကြီးများ အကြောင်းအား ချန်လှပ်ထား၍ မရပေ။ ထည့်သွင်း၍ ပြောကြားပေးရတတ်လေ၏။

ယင်းသို့ လွန်စွာ အသံအောင်ခြင်း၊ ရွှေချထားခြင်း၊ ကျွန်းတိုင်များ ထိပ်တွင် နေရာယူခြင်း၊ အလှူစကားဝိုင်းတွင် မပါမပြီး ဖြစ်ခြင်း စသည်ဖြင့် စပီကာတစ်လုံး၏ ဂုဏ်ပုဒ်ထက် ဘောင်ကျော်နေသော အဆိုပါ လော်စပီကာကြီး နှစ်လုံးအား ပိုင်ဆိုင်သူမှာ ချောင်းနက်ရွာ အနောက်မြောက်ပိုင်းတွင် နှစ်ထပ်တိုက်ကြီးဖြင့် နေထိုင်သည့် ရွာ၏ ဇော်များထဲတွင် တစ်ဇော် အပါအဝင်ဖြစ်သူ “ဘိုကြီး” ဆိုသူပင် ဖြစ်လေသည်။ ဘိုကြီး၏ ပုံပန်းသဏ္ဍာန်ကို ဖော်ပြရပါမူ ထိုသူသည် အရပ် ခပ်ပုပု၊ ဗိုက်ရွှဲကြီးဖြင့် ရွှေဆွဲကြိုးကြီးအား လူမြင်စေရန် အင်္ကျီအပြင်သို့ ထုတ်၍ ဝတ်ဆင်တတ်သူ ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဘိုကြီး ဆိုသူမှာ လွန်စွာ ကြွားဝါတတ်သူ ဖြစ်ကြောင်း သိနိုင်လေ၏။ ကြီးကြီးကျယ်ကျယ် စကားများအား ဖောင်ဖွဲ့ကာ ပြောတတ်သူ ဖြစ်သော်လည်း ၎င်းသည် ထန်းသမား သားတစ်ယောက် ဖြစ်သည့် အကြောင်းအရာ ကိုမူ အမြဲတစေ ချန်လှပ်ထားတတ်လေ၏။

ဘိုကြီး သည် ချောင်းနက်ရွာ၏ ဥက္ကဋ္ဌ အပါအဝင် ရွာ၏ မျက်နှာဖုံးများနှင့် လွန်စွာ ပနံသင့်သူလည်း ဖြစ်လေသည်။ ဥပုသ်နေ့များတွင်လည်း ရွာဦး ဘုန်းတော်ကြီးကျောင်း၏ ဥပုသ် ဇရပ်တွင် ဘိုကြီး အပါအဝင် ရွာမျက်နှာဖုံး လူကြီးများ စုဝေးလျှက် ဥပုသ် သီလနှင့် မဆက်စပ်သော ကြွားဝါခြင်း စကားများဖြင့် ဖောင်ဖွဲ့၍ နေတတ်လေသည်။ အချုပ်အားဖြင့် ဆိုရသော် ချောင်းနက် ရွာသား အများစုမှာ အကြွားကြိုက်သော ရွာသားများ ဖြစ်ပြီး ယင်းသို့ အထဲတွင် အကြွားအသန်ဆုံးသော ဘိုကြီးမှာ ကြွားဝါခြင်းများဖြင့် အမွန်းတင်ထားအပ်သော ရွှေလော်စပီကာကြီးများ ငှားရမ်းခြင်းဖြင့် အလုပ်ဖြစ်လျှက် ရှိနေပြီး ယင်းလော်စပီကာ ကြီးများအား အကြွားသန်လှသော ဘိုကြီး၏ အမည်နာမဝိသေသန ဖြင့် ပေါင်းစပ်ကာ “ဘိုကြီး လော်စပီကာ” ဟူသော အမည်ဖြင့် ချောင်းနက်ရွာတွင်သာမက ရွာနီးချုပ်စပ်များတွင်ပါ ဟိုးဟိုးကျော်နေလေတော့၏။

=========================

By – မဟာရာဇာ အံစာတုံး

=========================

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။