ရွာ့အရေးအတွက် မေးတဲ့သူတွေ မေးကြတဲ့အခါ သဘောထားတွေပါမေးတော့  ဖိုရမ်လုပ်ပြီးမေးတာမျိုး ဒါမှ မဟုတ် ပို့စ်တစ်ပုဒ်အဖြစ် ခွဲထုတ်ပြီးမေးသင့်ကြောင်း ဦးဦးပါလေရာ ရဲ့ အကြံပေးချက် ကောင်းမွန်တာမို့  မေးပြီးသားလေးကိုပဲ အစပြန်ထုတ်ပြီးရေးတင်လိုက်ပါရစေ။ ကောင်းကင်ပြာနောက်က လိုက်တာပါ။

ကျမမေးထားတာက =

အချစ်ရေးကို တာဝန်ယူဖြေရှင်းပေးမည်၊ အထူးသဖြင့် ကွဲကွာရေးကို တာဝန်ယူဖြေရှင်းပေးမည်ဆိုသော မမချွိကို မေးပါရစေ။
ဒီလိုလေ၊ ကိုယ်က မယားကြီးနေရာကဆိုပါတော့၊ ကိုယ့်မှာက သားတစ်ယောက်လည်းရှိပြီ၊ ပြည်ပကိုလည်း ခဏတဖြုတ်ရောက်နေတယ်။ အိမ်ထောင်သက်ကလည်း ဘာမှ မကြာသေးဘူး။ မြန်မာပြည်က ကိုယ့်ယောက်ျားက နောက်တစ်ယောက်နဲ့ မင်္ဂလာဆောင်ဖို့ ကြိုးစားနေတယ်။ မယားကြီးတစ်ယောက်အနေနဲ့ ကိုယ်က ဒီလိုကြီးပေါ်တင်စော်ကားခံရပြီဆိုတော့ မကျေနပ်ဘူး။ သတင်းစာမှာ ဘာညာကွိကွ ထည့်လိုက်တယ်။ ကိုယ့်ယောက်ျားကတော့ သူ့မိဘတွေဆီက အမွေဖြတ်ဆိုတာလုပ်ပြီး နောက်အိမ်ထောင်ထူဖို့ လုပ်လိုက်ပြီ။ အဲဒီမှာ ယောက်ျားက အမွေဖြတ်ဆိုတာ လုပ်လိုက်တော့ ပါရင်းပစ္စည်းဆိုတဲ့အပိုင်းက မရှိတော့ဘူးပေါ့နော်။ လင်မယားကွဲရင် လင်ရဲ့ ပါရင်းပစ္စည်း (သူ့မိဘအမွေ) သုံးပုံတစ်ပုံ မိန်းမက ရတယ်လေ။ လက်ထက်ပွားကတော့ တစ်ယောက်တစ်ဝက်ပေါ့။ လောလောဆယ်မှာ သူက အမွေဖြတ်လုပ်ချလိုက်တော့ မယားကြီးက ပါရင်းထဲက ဘာမှ မရတော့ဘူးလား။ တကယ်တော့ ဒီအမွေဖြတ်ဆိုတာချည်းကလည်း တရားမ၀င်တော့ သူ့မိဘတွေ သေပြီးရင် အမွေက သူပဲပြန်ရမှာလေ။ အဲတော့ ယောက်ျားရဲ့ ပါရင်းပစ္စည်းတွေအပေါ်မှာ နောက်မယားကသာ အကျိုးကျေးဇူးခံစားခွင့်ရှိသွားတော့မှာပေါ့။ နောက်မယားအနေနဲ့ အမွေမမက်ဘူးဆိုတဲ့ ဂုဏ်သိက္ခာလည်းရ၊ ပစ္စည်းလည်းရ၊ အဲဒီလိုဖြစ်မကုန်ဘူးလား။ တကယ်တော့ ကိုယ်လင်တစ်ယောက်ရဖို့အတွက် သူများ အသိုက်အမြုံကို ဖြိုခွဲနိုင်တဲ့သူ၊ မိန်းမသားချင်း ကိုယ်ချင်းမစာတဲ့သူ ဟာ နဂိုအခံမှာ မက်ပြီးသားပါ။ အဲတော့ မမချွိသာ မယားကြီးနေရာမှာဆိုရင် ကွာမလား။ (ဟီး … စိတ်ထဲ ကျလိကျလိ ဖြစ်နေတဲ့ကိစ္စလေး မေးကြည့်တာပါ၊ မဖြေတတ်ဘူးဆိုလည်း ရပါတယ်ချင့်)

မမချွိ ဖြေပေးထားတာက =

ငင့်။
ဝင့်။ ဒါက အချစ်ရေးဟုတ်ဘူးလေ။
အိမ်ထောင်ရေးဖြစ်သွားပြီ။
ကြားရတာတော့ ခုလတ်တလောခေတ်စားနေတဲ့ ဟိုမင်းသမီး ကိပ်စနကို အမှတ်ရစေတယ်။
ကျနော့စိတ်နဲ့ ဆိုရင်တော့ အဲဒီ အချိန်မှာဖစ်နေတဲ့ မုဒ် အတိုင်းလုပ်မယ်ဗျ။

ပြည်ပမှာ ခဏတဖြုတ်ဆိုတာ အလည်လားးး
အလုပ်လုပ်နိုင်တယ် ဆိုရင်တော့ ဘာပဲပြောပြော အဲဒီ အကြီးအနေနဲ့ အရည်အချင်းလေး ရှိပြီးသားလို့ မှတ်ပါတယ်။
ပိုက်ဆံရှာနိုင်တဲ့ မိန်းမတစ်ယောက်အနေနဲ့ဆိုရင်တော့ ရိုင်းရိုင်းပြောရရင် အချိန် တို အတွင်း အောက် ဆော့တတ်တဲ့ ယောက်ကျားကို ဆက်ပေါင်းဖို့တော့ အားမပေးချင်။
သူများ အသိုက်အမြုံခွဲသူဟာ သူ့အကျိုးပေးနဲ့ သူသွားမှာမို့ မခံချင်စိတ်နဲ့ တွယ်ကတ်နေမဲ့အစား လက်လွှတ်လိုက်တာကောင်းမလားလို့ပါ။ (ကိုယ့် အရွယ်လည်းရှိတုန်းဆိုရင်ပေါ့။)
တစ်ခါတစ်လေမှာ ကိုယ့်သိက္ခာဟာ လက်လွှတ်လိုက်မှ တက်သွားတာတာ။
ဆွဲထားဖို့ ကြိုးစားရင် သိက္ခာမတက်တဲ့အပြင် အရှုံးသံသရာလည်တတ်တယ်လို့ထင်ပါတယ်။

မြန်မာမှာ ဘာ တောက်တလွဲ အတွေးမှန်းမသိဘူးဗျ။
တစ်ခုရှိတယ်။
ယောင်္ကျားက ပစ်သွားခံရရင်ကို အဲဒီ မိန်းမအပြစ်လို့ အသုံးမကျဘူးလို့ပြောတတ်ကြတာ။
ဒီ ယောင်္ကျားကို မြဲအောင် မဆွဲထားနိုင်ဘူး ဆိုတဲ့ သဘောပေါ့လေ။

အမှန်တော့ ရှက်တတ်ရင် အဲလို ဖောက်ပြန်တဲ့ သစ္စာဆိုတဲ့ အမှန်တရားကို ဖောက်ဖျက်တဲ့သူမျိုးကသာရှက်ရမှာဖြစ်ပြီး
သစ္စာအဖောက်ခံရတဲ့ သူက လုံးးးးဝ လုံးးးးဝ ရှက်စရာမလိုပါဘူးးးလို့ မြင်ပါတယ်။

—————————————————————————————-

တကယ်တော့ ကျမမေးစမ်းချင်တာက ပုဂ္ဂိုလ်ရေးပိုင်းထက် သဘောတရားလေးထူးခြားနေလို့ မေးချင်တာပါ။ ကျမသာလျှင် တရားဝင်မယားကြီး ဖြစ်ကြောင်း သတင်းစာထဲ ကြေငြာကြတာ ရိုးလို့တောင်နေပါပြီ။ အခုမှ ထူးခြားတာက နောက်ဆက်တွဲသတင်း အမွေဖြတ်ခံယူထားပြီးတဲ့အကြောင်း ။ အဲဒီအကွက်လေး တော်တော်လှနေတယ်။ ဒီလိုလုပ်နည်းအတိုင်း အများတကာ ယောက်ျားတွေ လုပ်ကြပြီဆိုရင် ဥပမာ- မိဘဆီကရမယ့်အမွေကိုရော၊ ကိုယ်လုပ်နေတဲ့လုပ်ငန်းကိုရော မိဘနဲ့ နားလည်မှုယူပြီး အမွေဖြတ်ခြင်းခံယူလိုက်မယ် ဆိုရင်  ပထမ မယားကြီးခမျာ  ကွာရှင်းချင်ရင်တောင် မယားစရိတ် ဘယ်ကသွားတောင်းရမလဲ။ မယားကြီးအတွက် ဘယ်လိုဥပဒေတွေက ကာကွယ်ပေးထားမလဲ။  ဒီလို ဥာဏ်ပြေးမှုအတွက် မယားကြီးကို ဘယ်လိုဥပဒေတွေက ကာကွယ်ပေးထားမလဲ။ မြန်မာတွေရဲ့ ထိမ်းမြားခြင်းဥပဒေဆိုတာ ဘာသွားလုပ်ရမလဲ။ အခုလို  အမွေဖြတ်ခံယူလိုက်ပြီး သုညဘ၀က စပါတယ်ဆိုတာ  တကယ်တော့ မယားကြီးအတွက် အရိုးအရင်းတောင်မရစေရအောင် လုပ်တဲ့နည်း  ဖြစ်မနေဘူးလား။

အမျိုးသမီးကို တန်ဖိုးထားပါတယ်ဆိုတဲ့  မြန်မာပြည်မှာ  တစ်လင်တစ်မယားဥပဒေထက် ပိုကောင်းတဲ့ ဥပဒေများ ရှိနေသလား။ တစ်လင်တစ်မယားထက် ပိုကောင်းတဲ့ ဥပဒေများ ရှိနေတဲ့အတွက်  တစ်လင်တစ်မယား ဥပဒေ မလိုအပ်တော့တာလား။

အိမ်ထောင်သည် မိန်းမတစ်ယောက်ဟာ ကိုယ့်ယောက်ျား  အပြင်မှာ အပျော်အပါး ရှာပြီဆိုရင်  မသိလိုက်ဘူးဆိုတာ ရှားပါတယ်။ မသိဘူးဆိုတာ ရှိကိုမရှိတာ။ မသိချင်ယောင် ဆောင်နေတာပဲ ရှိတယ်။  ကိုယ့်ယောကျာ်းကိုယ် ခွင့်လွှတ်ထားပေးပြီး  မိမိအိမ်ထောင် ခိုင်မြဲဖို့အတွက်ကိုပဲ အာရုံရှိတာပါ။  ဘယ်မိန်းမမှ အရူးမဟုတ်ဘူး။ ဒါပေမယ့်  ကိုယ့်ယောက်ျားက ကိုယ့်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့  သူ့ဟာသူ အပြင်မှာ အပျော်ရှာတဲ့အဆင့်မကတော့ဘူး၊  ကိုယ့်မာနကို ရိုက်ချိုးတော့မယ်၊ ကိုယ့်အနေအထားကို မြောင်းထဲလွှင့်ပစ်တော့မယ်ဆိုရင်  ဘယ်မိန်းမမှ သီးခံနိုင်စွမ်းရှိမှာမဟုတ်ဘူး။ မယားကြီးငုတ်တုတ်ရှိနေရက်နဲ့  သူက မင်္ဂလာဆောင်ပြတော့မယ်ဆိုရင်  ကိုယ်ဘာဖြစ်သွားမလဲ။ မြန်မာပြည်မှာသာ  အမျိုးသမီးတစ်ယောက် ဒီလောက်စော်ကားခံရတဲ့အဖြစ်မျိုး ရှိတယ်။ ကိုယ်နဲ့ အဆင်မပြေတော့ဘူးဆိုရင် ကိုယ်ကျေနပ်အောင် ပေးချေပြီး  အရှင်းပြတ်စဲပြီးမှ သူ့ဟာသူ မင်္ဂလာဆောင်ရင် ကိုယ်လည်း အစော်ကားမခံရဘူးပေါ့။  ကိုယ်နဲ့  ပြတ်စဲဖို့အတွက်  အကြောင်းအမျိုးမျိုးကြောင့် အချိန်ကြာနေတယ်ဆိုရင် ဒီကြားထဲမှာ သူ့ဟာသူ  သူကြိုက်တဲ့ နောက်တစ်ယောက်နဲ့  တိတ်တိတ်ပုန်းအတူနေကြပေါ့။  အခုတော့ ကိုယ့်ကို ငုတ်တုတ်ထားပြီး နောက်ထပ် တစ်အိမ်ထောင်ထူထောင်လိုက်တယ် ဆိုတာ  ဘာနဲ့မှ မတူအောင် အစော်ကားခံလိုက်ရတာ။  ဒီလို အဖြစ်မျိုးတွေ မြန်မာပြည်မှာ အောတိုက်လို့။ ဘာဖြစ်လို့ အောတိုက်နေသလဲ ဆိုတော့  ဥပဒေကြောင့်။ ဥပဒေကိုက ယောက်ျားက မိန်းမကိုစွန့်လို့ရတယ်။ မိန်းမက ယောက်ျားကို စွန့်လွှတ်လို့မရဘူး။ ကွာချင်ရင် ခက်ခက်ခဲခဲလုပ်ရတယ်။ ယောက်ျားတစ်ယောက်က မိန်းမ လေးယောက်အထိ ယူလို့ရတယ်။ မိန်းမဘက်က ဒါကို မကျေနပ်မှ  မိမိမှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရမှုရှိလို့ဆိုပြီး  ကွာရှင်းခွင့်တောင်းရတယ်။

မြန်မာပြည်မှာက  မိန်းကလေးကို အပျိုစင်အဖြစ် စောင့်ထိန်းဖို့  မိဘနဲ့ ပတ်ဝန်းကျင်အသိုက်အ၀န်းက ဖိအားပေးထားတယ်။ ဘာသာရေးနဲ့ ထိန်းကျောင်းထားတယ်။ စောင့်ထိန်းထားတာကို သိက္ခာတစ်ရပ်အနေနဲ့   တန်ဖိုးထားကြတယ်။ ဂုဏ်ယူစရာအဖြစ် တန်ဖိုးထားကြတယ်။

တကယ်တော့ အိမ်ထောင်ပြုလိုက်ပြီဆိုရင်  ကိုယ်ကျင့်စာရိတ္တအသာစီးရတဲ့လူက အနိုင်ရတဲ့သဘောရှိတယ်။ ဒါကြောင့် မိန်းကလေးဘက်က အသာစီးရအောင်  ဒီစောင့်ထိန်းခြင်းကို အားပေးတဲ့သဘောလည်း ရှိနေပါတယ်။ ဒါကြောင့် စောင့်ထိန်းထားတာကိုလည်း မှားတယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် သဘောတရားတွေဟာ ဥပဒေလောက် အလုပ်မဖြစ်ပါဘူး။ လူအမျိုးမျိုး အလွှာအမျိုးမျိုး အတွက်  သဘောတရားတစ်ခုနဲ့ အလုပ်မဖြစ်ဘူး။ မြန်မာအမျိုးသမီးတွေဘက်ကို စောင့်ထိန်းစေချင်တယ်ဆိုရင် ပြီးတော့ ဒါကို ကိုယ်ကျင့်စာရိတ္တစံအဖြစ် တကယ်လည်း တန်ဖိုးထားတယ်ဆိုရင်  အမျိုးသမီးတွေအစော်ကားမခံရအောင် ကာကွယ်တဲ့ တကယ့်ဥပဒေ – တစ်လင်တစ်မယားဥပဒေကိုလည်း တိတိကျကျ ပြဌာန်းပေးစေလိုပါတယ်။ ဒါမှ တရားမျှတမယ်။ လူဦးရေမှာ အမျိုးသမီးက များလို့ဆိုပြီး တစ်လင်တစ်မယားဥပဒေ မပြဌာန်းတာ မဖြစ်သင့်ပါ။ လူ့ဂုဏ်သိက္ခာပိုင်းအတွက် ခွဲခြားဆက်ဆံမှု ဖြစ်နေတယ်လို့ ကျမမြင်ပါတယ်။ ပြီးတော့ ဒီပို့စ်မှာ  ပုဂ္ဂိုလ်ရေးပိုင်းအတွက် ရည်ရွယ်ရေးသားလိုရင်း မရှိပါဘူး။ ဒီလိုအဖြစ်မျိုးတွေဆိုတာ မြန်မာပြည်မှာ အောတိုက်နေပြီးသားကိစ္စ။

တစ်ခါတုန်းက သဂျီးပြောသလိုပဲ၊ LGBT တွေတောင် ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတယ်။ အမျိုးသမီးစစ်စစ်တွေက  အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ရကောင်းမှန်း မသိသေးဘူး။ အခု အမွေဖြတ် ကိစ္စလေး  တော်တော်လှနေလို့ ကျလိကျလိဖြစ်ပြီး ဒီအကြောင်းလေးကို လက်တန်း အလွတ်သဘောရေးတင်လိုက်တာပါ။

မမချွိ အဖြေထဲမှာပါတဲ့  သူများ အသိုက်အမြုံခွဲသူဟာ သူ့အကျိုးပေးနဲ့ သူသွားမှာမို့ ဆိုတာကိုလည်း ဘ၀င်မကျနိုင်ဘူး။  ဘ၀နေထိုင်မှုနည်းစနစ် ပြု ပြင်ရတော့မှာကို  ဒီလို ဘာသာရေးဆန်တဲ့ မြန်မာလူမျိုးအများစုရဲ့ အတွေး ကို အားမရနိုင်တော့ဘူး။ ဒီဥပဒေ ဒီစနစ်ထဲမှာ (မယားပြိုင် ဥပဒေ နဲ့  အပျိုစင်ဘ၀စောင့်ထိန်းခြင်းစနစ်)  မြန်မာအမျိုးသမီးတွေ သိပ်ပြီး  အခြေအနေလှမနေကြပါဘူး။ စတေးခဲ့ရတဲ့  ဘ၀တန်ဖိုးတွေ မနည်းကြတော့တာလည်း အသေအချာပါ။

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.