ချစ်ခြင်းကို မခွဲပါနဲ့ …

ဟင့်အင်း မေမေ… သမီး သူနဲ့ မခွဲနိုင်လို့ပါ….

တောင်းပန်တိုးလျှိုးသော လေသံဖျော့ဖျော့နှင့် မေ့မေ့ကို ကျွန်မ အသနားခံလိုက်သည်။
မေ့မေ့မျက်နှာတွင်တော့ သမီးကို စိုးရိမ်သော မေတ္တာတရားနှင့်အလျှော့ပေးမည့်ပုံမပေါ်သော ခက်ထန်မှုတို့က ရောယှက်နေ၏။ သက်ပြင်းချသံနှင့်အတူတူ မေမေကလည်း ကြင်နာစွာ စကားဆိုလာလေသည်။

သမီးရယ်.. အဓိကကတော့ စိတ်ပါပဲ….. တခြားအရာတွေကို မေမေ အကုန်အလိုလိုက်ခဲ့တာပဲ… အခုဟာက သမီးအတွက် ထိခိုက်မှာမို့လို့ မေမေ တားနေရတာလေ…. အခုအချိန်မှာ မသိသေးပေမယ့် နောက်ကျရင် သူ့ကြောင့် သမီးပဲ ဒုက္ခရောက်ရမှာ…။

သူနဲ့ပတ်သက်လို့ ဖြစ်လာသမျှကို သမီး ခါးစည်းခံပါ့မယ် မေမေရယ်… အခုအချိန်မှာတော့ သူနဲ့ခွဲဖို့ဆိုတာ သမီးအတွက် မဖြစ်နိုင်သေးလို့ပါ….. နောင်တစ်ချိန် သူမကောင်းဘူးဆိုတာ သမီးသိလာခဲ့ရင် သမီးကိုယ်တိုင် သူနဲ့လမ်းခွဲပါ့မယ်… သမီးအကြောင်းကို မေမေသိနေတာပဲလေ.. နော်… မေမေ့သမီးက စိတ်ခိုင်ပါတယ်။

ဒီမယ် မိမွန်မွန်… ငါ မိဘတစ်ယောက်အနေနဲ့ နင့်ကို ကောင်းကောင်းပြောနေတာ မရဘူးလား ဟမ်…. ဒီအရွယ်ကြီးကျမှ ရိုက်နှက်မဆုံးမချင်ဘူးနော်…တစ်ချိန်လုံး မိဘစကားကို နားထောင်လာပြီး အခုက ဘယ်လိုဖြစ်ရတာလဲ…. နောင် ဆိုတာ မပြောနဲ့… အခုကတည်းက သူ့ကြောင့် နင့်မှာ ရောဂါတွေ တက်နေရတာလေ… ငါ ဘေးကနေပြီး စိတ်ချမ်းသာတယ် ထင်နေလား….

ဟုတ်တယ်လေ… သမီးလည်း တစ်သက်လုံး မိဘစကားကိုနားထောင်ခဲ့တာပဲ… တခါတလေလေး ကိုယ်စိတ်ချမ်းသာတာ လုပ်ပါရစေ.. အခု သမီးလုပ်တဲ့ကိစ္စကလည်း မေမေတို့ကို ထိခိုက်နေလို့လား…သမီးဖြစ်ရင် သမီးခံမယ် မေမေဝင်ပြောစရာမလိုဘူး….

ဘာ!…. နင်က ငါ့သမီးလေ.. ငါ့မှာ ဒါလေးတောင် ပြောပိုင်ခွင့်မရှိဘူးလား… နင်က ငါ့ကို အခု အာခံနေတယ်ပေါ့.. အေး… နင် ဒီလောက်တောင်ဖြစ်လှတာ… တွေ့မယ်….

မေမေ့၏ခြေလှမ်းတို့က ကျွန်မအခန်းဆီသို့ ဦးတည်ပြေးသွားသည်။

မေမေ… မလုပ်ပါနဲ့ !!!

အော်သံနှင့်အတူ ကျွန်မ ပြေးလိုက်သွားသည်။ စိတ်ကြီးလှသော မေမေ၏ လျင်မြန်မှုကို ကျွန်မအနိုင်မယူနိုင်ခဲ့ပါ။ ကျွန်မနောက်ကျသွားခဲ့ပြီ။ အခန်းထဲတွင် မြင်လိုက်ရသော မြင်ကွင်းတို့ကြောင့် ကျွန်မမျက်လုံးတွေ ပြာဝေသွားသည်။ ခုနက သွားခဲ့သော ဆေးခန်းက ဆရာဝန်၏ စကားသံကို ပြန်ကြားယောင်လာ၏။ နှလုံးအားနည်းခြင်း တဲ့။ ကျွန်မ၏ နှလုံးသားက ယခုမြင်ကွင်းကို ခံစားနိုင်စွမ်းမရှိတော့ပါ။ ကျွန်မနောက်ဆုံးသိလိုက်တာက ခွေလျက်ကျသွားသော ကျွန်မ၏ ခန္ဓာကိုယ်နှင့် မေမေဆီက ‘သမီး’ ဟူသော ခေါ်သံ။
ကျွန်မမျက်လုံးထဲမှာတော့ အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေသော ကျွန်မချစ်ရသည့် ကော်ဖီပုလင်းလေးများ…. ။ ။

 

အားလုံးကို ကျေးဇူးတင်ပါသည်။

လုံမလေးမွန်မွန်

Posted from WordPress for Android

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 160 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010