အစိုင်အခဲတစ်ခု၏အပိုင်းအစတစ်ခု

မိုက်အိုက်ဖ်ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာလွမ်းမိုးမှုက သူ့ရဲ့ကလေးကို အိမ်သုံးပစ္စည်းတွေကြားမှာပဲ အရွယ်မတိုင်ခင် ရင့်မှည့်စေခဲ့ပါတယ်… မိုက်ဟာ ငွေပန်းတိမ်ဆရာအဖြစ်ရော အိပ်ဆက်စ် (Essex)ရဲ့ ဆရာတစ်ယောက်အဖြစ်ရော နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သူလဲဖြစ်ပါတယ်… မိုက်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦးရဲ့ပြောပြချက်အရ သူဟာ ကြီးမားပြီးသိမ်မွေ့တဲ့လူ့ဘီလူးကြီးပါတဲ့… သူဟာနှစ်သက်ဖွယ်ကောင်းပြီး သူ့ရဲ့လက်ရာမြောက်မှုက လေးစားစရာကောင်းပါတယ်တဲ့…

သူ့ရဲ့ဖန်တီးနှိုင်မှုစွမ်းရည်ဟာ သူ့ကိုလက်မှုပညာသည်တစ်ယောက်အဖြစ်အသက်မွေးဖို့ ဆုံးဖြတ်စရာတစ်ခုဖြစ်လာပါတယ်… ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုပညာရေးက ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးသွားပါတော့တယ်… မိုက်ဟာ ပညာရေးဝန်ကြီးဌာနက သီးသန့်ရွေးချယ်ခံရတယ့် ဆရာတစ်ယောက် ဖြစ်လာပြီး Her Majesty’s Inspector လို့ခေါ်တဲ့ ဘွဲ့တံဆိပ်တစ်ခုချီးမြှင့်ခံခဲ့ရပါတယ်… သူဟာ ခရိုင်တွင်း မှာရှိတဲ့ ကျောင်းတွေရဲ့သင်ကြားမှုအရည်အသွေးကို စောင့်ကြည့်လေ့လာမှုလုပ်ဖို့ တာဝန်ပေးအပ်ခြင်းခံရပါ တော့တယ်… သူအဓိကစောင့်ကြည့်ရမယ့်ဘာသာရပ်ကတော့ ဒီဇိုင်းနှင့် နည်းပညာဖြစ်လာပါတယ်…

အဲဒီအချိန်မှာ ဗြိတန်ကျောင်းတွေဟာ အလုပ်အကိုင်အခွင့်အလန်းနှင့်သက်ဆိုင်သောပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားနေချိန်ဖြစ်ပါတယ်… သင်ရိုးညွှန်းတန်းအခြေခံပညာရေးနဲ့ လက်တွေ့ အသုံးချပညာရေးတို့ကြားမှာရှိတဲ့ ချောက်ကမ်းပါးဟာ ပိုမိုကြီးကျယ်ပြန့်ကြီးမားလာခဲ့ပါတယ်… ဒီဇိုင်းပညာရပ်၊ လက်သမားပညာရပ်၊ သတ္တုဗေဒဆိုင်ရာပညာရပ်၊ အဟာရပြည့်ဝစွာချက်ပြုတ်ခြင်းပညာ၊ နေအိမ်ပြုပြင်ထိန်းသိမ်းခြင်းပညာရပ် စတဲ့ ပညာရပ်များရဲ့အခြေအနေဟာ နိမ့်ကျလာသလို… ရရှိနိုင်တဲ့အရင်းအမြစ်များလဲ လျော့ကျလာပါတယ်…

ပိုဆိုးလာတာက ဆရာဟောင်းတစ်ဦးအနေနဲ့ ပုံစံကျစာသင်တဲ့ပုံစံကို လက်မခံနိုင်ဖြစ်လာခဲ့တယ်… ကျောင်းတွေဟာ လက်တွေ့အသုံးချနိုင်အောင် လိုအပ်သလောက်သင်ပေးနိုင်သလားဆိုတဲ့ မေးခွန်းမေးလာမိတော့တယ်…

မိုက်ဟာ ဒီဇိုင်းနည်းပညာ (Design Technology, DT) ဆိုတဲ့ အဆင့်တစ်ခုကို အင်္ဂလန်နိုင်ငံရဲ့ သင်ရိုးညွှန်းတန်းမှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်လာအောင် စတင်ကြိုးပန်းခဲ့တော့တယ်… ရှေ့တန်းအမြင်ဒီဇိုင်တွေနဲ့ သင်ရိုးညွှန်းတန်းကို မိုက်က ကူညီပြီးတော့ ကြံဖန်စီမံပါတော့တယ်… သူရဲ့ အာရုံစိုက်ကြိုးစားမှုကြောင့် လက်တွေ့အသုံးချပညာတွေဟာ စာသင်ခန်းထဲက သင်ရိုးညွှန်းတန်းတွေကို ချဉ်းနင်းဝင်ရောက်ပေါင်းစည်းလာပါတော့တယ်…

“ သူဟာ သူ့အချိန်တုန်းကတော့ ပညာရေးနယ်ပယ်မှာရှေ့ဆုံးကပြေးနေသူပါပဲ ” ရပ်ဖ်တက်ဘာဘာက ပြောခဲ့ဖူးပါတယ်… ရပ်ဖ်တက်ဘာဘာဟာ ကောလိပ်ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး ၀န်ကြီးချုပ်တိုနီဘလဲ ရဲ့အစိုးရအဖွဲ့မှာ အထွေထွေကျောင်းများဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှုးအဖြစ်တာဝန်ထမ်းဆောင်သွားသူလဲ ဖြစ်ပါတယ်… မိုက်ကူညီရေးသားခဲ့တဲ့ သင်ရိုးညွှန်းတန်းစည်းမျဉ်းဟာဆိုရင် အင်္ဂလန်နိုင်ငံတစ်နိုင်ငံလုံးရှိ ကျောင်းတွေရဲ့ အသေးစိတ်စီမံချက်တစ်ခုဖြစ်လာပါတော့တယ်… အဲဒီလိုပဲ အင်္ဂလန်နိုင်ငံနဲ့ ဝေလပြည်နယ်ဟာ ပထမဆုံး ဒီဇိုင်းနည်းပညာဆိုင်ရာပညာရေးကို အသက် (၅)နှစ်ကနေ (၁၆)နှစ်အထိရှိတဲ့ကျောင်းသားတွေ အပေါ်မှာစတင်အသုံးပြုတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံတွေဖြစ်လာပါတော့တယ်…

“ သူ့ရဲ့လွှမ်းမိုးမှုကြောင့် ဒီဇိုင်းနည်းပညာဟာ ကျောင်းတက်ချိန်ရဲ့ ၇% ကနေ ၁၀% အထိ ပါဝင်လာတဲ့ ဘာသာရပ်တစ်ခုဖြစ်လာပါတယ်…” ဆိုပြီး တက်ဘာဘာက ပြောသွားပါသေးတယ်… မိုက်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်တဲ့ မယ်လ်ကွန်လမ်မိုစ့် ကလဲ “ မိုက်ဟာ တားမရဆီးမရတဲ့ဒီဇိုင်းနည်းပညာ ကိုယ်စားပြုသူတစ်ယောက်အဖြစ် နာမည်ကျော်လာတာပဲ ”… တကယ့်လက်တွေ့မှာတော့ မိုက်ဟာ ငတုံးငအတွေပဲရှိတဲ့ စာသင်ခန်းကို ပုံစံပြောင်းပြီး ဒီဇိုင်နာမျိုးဆက်သစ်တွေကို အင်္ဂလန်နိုင်ငံအတွက် လက်ဆောင်ပေးခဲ့ပါတယ်… သူရဲ့သားဖြစ်သူလဲ တစ်ယောက်အပါအ၀င်ပေါ့…

တက်ဘာဘာ မှတ်မိပါသေးတယ်… မိုက်က သူ့ရဲ့သားဂျော်နီကျောင်းမှာ ဒီဇိုင်းပညာရပ်နဲ့ပတ်သက်ရင် တက်ကြွပြီး စိတ်ဓာတ်ပြင်းထန်တဲ့အကြောင်းပြောခဲ့တာကိုပေါ့… ဒါပေမယ့် မိုက်ကတော့ သူ့ရဲ့သား ဂျော်နီကို နာမည်ကျော်တင်းနစ်အားကစားသမားတွေဖြစ်တဲ့ ဗီးနပ် နဲ့ ဆရီနာ ၀ီလီယမ်တို့ရဲ့အဖေလို ဘာဖြစ်ရမယ်ဆိုပြီး ဖိအားပေးတာမျိုးမရှိခဲ့ပါဘူး…

“ မိုက်က ဒီဇိုင်းပညာရပ်နဲ့ပတ်သက်ပြီး ပြုစုပျိုးထောင်ရာမှာ ရိုးရှင်းပြီးသြဇာညောင်းပါတယ်…” လို့ တက်ဘာဘာ က ဆက်ပြောပါသေးတယ်…

“ မိုက်က ဂျော်နီကို အမြဲတန်း ဒီဇိုင်းအကြောင်းတွေပြောပါတယ်… သူတို့နှစ်ယောက်အတူတူ လမ်းလျှောက်သွားတဲ့အချိန်မှာဆိုရင် မိုက်က လမ်းမီးတိုင်တွေဟာ တပ်ဆင်ထားတဲ့နေရာပေါ်မူတည်ပြီး ပြောင်းလဲမှုရှိတဲ့အကြောင်းထောက်ပြတတ်ပါတယ်… ပြီးရင် ဂျော်နီကို ဘာလို့အဲ့လိုမတူရတာလဲဆိုတဲ့ မေးခွန်းတွေမေးပြီး… လမ်းမီးတိုင်ရဲ့ပုံစံပေါ်မူတည်ပြီး ဘယ်လိုရာသီဥတုအခြေအနေမှာ မီးအလင်းရောင် ဘယ်လိုဖြာကျလာမယ်… ဒီဇိုင်အပေါ်မှာ မီးအလင်းရောက်ကျရောက်မှု ဘယ်လိုပြောင်းလဲသွားမယ်ဆိုတဲ့ အကြောင်းတွေကို သားအဖနှစ်ယောက် အမြဲတမ်းပြောလေ့ပြောထရှိပါတယ်… သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္တုတွေကို ဘယ်လိုပိုကောင်းအောင်သူတို့လုပ်နိုင်မယ်ဆိုတာကိုလဲ ဆွေးနွေးလေ့ရှိပါတယ်…”

“ မိုက်က အတော်အသင့်သန်မာတဲ့လူဖြစ်သလို လုပ်ငန်းခွင်မှာလဲ မတရားကောင်းတဲ့လူတစ်ယောက်ဖြစ် နေပြန်ရော” တက်ဘာဘာက သူ့မှတ်ချက်မှာ ဖြည့်စွက်ပါတယ်…

“ သူက အရမ်းကို လူကြီးလူကောင်းဆန်တယ်… ဗဟုသုတလဲ အရမ်းပြည့်စုံတယ်… အလွန်မြင့်မြတ်တယ်… နန်းဆန်တယ်… သူက ဂန္တ၀င်ဆန်တဲ့အင်္ဂလိပ်လူကြီးလူကောင်းတစ်ယောက်ပါ…” ဒီအရည်အသွေးတွေကလဲ ဂျော်နီရဲ့သွေးထဲမှာ ပါဝင်စီးဆင်းနေပါတော့တယ်…

ဆက်လက်ဖော်ပြမည်…

 

ဒီအပိုင်းအထိဖတ်ပြီးတဲ့အချိန်ကျတော့ ဂျော်နီအိုက်ဖ်ရဲ့လက်ဦးဆရာက သူ့ဖခင်ကိုယ်တိုင်ဖြစ်နေတာတွေ့ရသလို

ဖခင်ဖြစ်သူကလဲ သူ့ခြေရာနင်းဖို့ သားဖြစ်သူကို အတင်းအကြပ်မတိုက်တွန်းခဲ့တာတွေ့ရတဲ့အပြင်…

အင်္ဂလန်နိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲလိုက်နိုင်မှုကိုလဲ အားကျမိပြန်ပါရော…

ဒါဟာ ကိုယ်တွေမရခဲ့တဲ့အခွင့်အရေးပါ…

ဒီလို လက်တွေ့အသုံးချပညာရေးစနစ်ကို မသုံးလိုက်ရလို့… အငွေ့လိုပျောက်ဆုံးသွားတဲ့ မြန်မာနိုင်ငံထဲက

ဥာဏ်ကြီးရှင်များကို နှမြောတသဖြစ်မိပါကြောင်း… ဒီနေရာကနေ မှတ်တမ်းတင်အပ်ပါသည်ခင်ဗျား…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...